၂၉၆။ "အစားထိုးခြင်း - ၅"

Start from the beginning
                                    

“ဒီလို သတင်းအချက်အလက် လက်ထဲ ရှိနေမှတော့, သည်လို ရက်စက်တဲ့ တောင်းဆိုချက်ကို ချင်ယွဲ့ လက်ခံရတော့မှာပေါ့။” ကျောက်ချူက ဂျန်ဝုရှီအား လက်ခုပ်တီး အားပေးမလိုပင် ဖြစ်သွားသည်။ သည်ကောင်လေးက ချင်ယွဲ့လည်ပင်းနင်မည့် သည်လျှို့ဝှက်ချက်ကို မည်သို့ သိထားရသနည်း။

ဂျန်ဝုရှီက ဆက်ပြောသည် “ခဲချန်ဂျုက ချင်ယွဲ့ရဲ့ သူ့ဆရာသမားကို သတ်ဖြတ်ပစ်တဲ့ သက်သေအထောက်အထားကို ဆုပ်ကိုင်ထားတယ်၊ ချင်ယွဲ့က အမြဲတမ်း ရှာဖွေချင်ပေမဲ့ ထူးခြားမလာခဲ့ဘူး၊ အဲသက်သေ အထောက်အထားက ဘယ်မှာလဲ ဆိုတာ ငါတို့ မသိကြရဘူး၊ ဒါပေမဲ့ ချင်ယွဲ့ကို ငါတို့ ခြိမ်းခြောက်ဖို့ကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ဘူး။”

သည်သက်သေအထောက်အထားကို သူတို့ လက်ဝယ်ပိုင်ဖို့ မဖြစ်နိုင်ရင်တောင်, ချင်ယွဲ့ကို ဖိအားပေးပြီး ဝန်ခံခိုင်းလို့ ရသည်။ သူတို့က မည်သူမျှ မသိဘဲ ခဲချန်ဂျုကို အစားထိုးထားခဲ့သည် မဟုတ်လော။

ဟွာယောင်းက ဂျန်ဝုရှီ၏ ဆိုလိုရင်းကို အပြည့်အဝ နားလည်သည့်အတွက် ခေါင်းညိတ်ပြသည်။

“ငါတို့ မင်းပြောသလို ဆက်လုပ်ကြတာပေါ့၊ ချင်းယန်ကလန်ကို ဖရိုဖရဲ ဖြစ်သွားအောင် လှုံ့ဆော်လိုက်ကြတာပေါ့။”

ဖရိုဖရဲ ဖြစ်နေစဉ်မှာ အခွင့်အရေးများက ပေါ်ထွက်လာနိုင်သည်။ ဂျန်ဝုရှီက ချင်းယန်ကလန်ကို ဖယ်ရှားပစ်ပြီးနောက် သူတို့နှစ်ယောက်က ချင်းယန်ကလန်ကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ပြီး သူတို့လိုချင်သည့် မြေပုံကို ရှာဖွေနိုင်ကြမည် ဖြစ်သည်။

ထို့ပြင် ခဲချန်ဂျုနှင့် ချင်ယွဲ့၏ ထူးခြားသည့် ဆက်ဆံရေးကို အသုံးချကာ စကားစမည်ပြောဆိုလျက် မြေပုံရှိသည့်နေရာကို ထောက်လှမ်းလျှင်, နေရာစုံ ပြေးသွားကာ ရှာဖွေနေရတာထက် ပိုမို လွယ်ကူမည် ဖြစ်သည်။

ကျောက်ချူ ခေါ်လာခဲ့သည့် သည်ကောင်လေးက သူတို့ အစီအစဉ်မှာ ကြီးမားစွာ အကူအညီဖြစ်တာထက် ပိုမိုတာကို သူတို့ သံသယ မဖြစ်ပေ။

သူတို့ လိုအပ်သည့် ဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်သည် ဖြစ်စေ, မအောင်မြင်သည် ဖြစ်စေ, ကိစ္စမရှိချေ။ သူတို့ နှစ်ယောက်လုံးက သူတို့ ပြန်ပေးဆပ်နိုင်တာထက် သူတို့အပေါ် ကျေးဇူးကြွေး တင်ရှိသွားလေပြီ။

ချင်းယန်ကလန်ကို ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ဖို့ စာကြည့်ခန်းထဲတွင် ဆွေးနွေး ဆုံးဖြတ်ကြပြီး သဘောတူညီလိုက်ကြသည်။ ချင်းယန်ကလန်၏ တိမ်ထူ တောင်ထွတ်များသို့ ကြမ္မာဆိုး ဖြတ်သန်းလာသည့်နေ့အထိ, လက်သည်တရားခံကို မည်သူမျှ မသိလိုက်ကြချေ။

တံခါးအပြင်ဘက်တွင်, အမှောင်ရိပ်ထဲမှာ ပုန်းအောင်းနေသည့် အရိပ်တစ်ခု ရှိနေသည်။ သူက အခန်းထဲမှ စကားတိုင်းကို ကြားနေရသည်။ သူကား ယဲ့ရှ ဖြစ်သည်။ သူ ပိုကြားရလေ ပို တုန်လှုပ်လေ ဖြစ်သွားသည်။

သည်မမလေး၏ ဦး‌နှောက်က ထက်ရှလွန်းသည်။ လူတိုင်းထက် သာလွန်သည်။ သူမ ချင်းယန်ကလန်သို့ ရောက်ရှိနေတာ မည်မျှလောက် ကြာသေးသနည်း။ အချိန်တို အတွင်းမှာပင် အရာအားလုံးကို မမျှော်လင့်ထားဘဲ စီမံချက် ချသွားနိုင်သည်။ အပြင်ဘက်တွင် နားထောင်နေသည့် ယဲ့ရှက ချင်းယန်ကလန် ကြမ္မာဆိုး ဝင်ဖို့ ကျိန်းသေသွားတာကို သိလိုက်သည်။

မမလေး၏ အမျက်ဒေါသသင့်သွားသည့် ချင်းယန်ကလန်က သူတို့ကိုယ်တိုင် သေခြင်းတရားကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။ သည်ကိစ္စမှာ မည်သူ့ကိုမျှ အပြစ်တင်လို့ မရပေ။

ခဲချန်ဂျု၏ တိမ်ဖုံးတောင်ထွတ်တွင် ကျူးလွန်ထားသည့် အပြစ်များက လောကဥပဒေသများကို ဖောက်ဖျက်နေသည်မို့ မိုးကောင်းကင်ကပင် သည်းခံနိုင်မည် မဟုတ်ပေ။

သူ့သခင်ကြီးက အရိပ်ထဲမှ နေ၍ သူမကို စောင့်ရှေက်ကာကွယ်ရန် ယဲ့ရှအား အမိန့်ပေးခဲ့သည်။ သူမ၏ သေးသွယ်သည့် လက်ထဲတွင် မိုးကောင်းကင်ကိုပင် အာခံနိုင်သည့် အဆိပ်စွမ်းရည်နှင့် ဆေးစွမ်းရည် ရှိနေမှတော့ တခြားသူများမှ အကာအကွယ်ကို သူမ လိုအပ်နေပါအုံးမည်လော။ ထို့ပြင် သူမမှာ အရာရာကို စေ့စေ့စပ်စပ် ကြိုတင် မြင်နိုင်သည့် ဉာဏ်စွမ်းရည်လည်း ရှိနေပြန်သည်။ သည်အရာများက ချင်းယန်ကလန်ကို အဆုံးစွန်ထိ မောင်းထုတ်ပစ်ဖို့ လိုနေတာထက်ပင် ပိုနေသေးသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now