၂၇၆။ "အ‌ယောင်ဆောင်ခြင်း - ၂"

Start from the beginning
                                    

လူငယ်သုံးယောက်က မှောင်မဲသော အေးစက်ပြီး စိုစွတ်နေသော မြေအောက်ခန်းထဲတွင် သူတို့၏ ပထမဆုံး သဘောတူ ကတိကဝတ်ကို ချမှတ်ကြသည်။ သူတို့၏ အခု ပူးပေါင်းခြင်းက သူတို့ဘဝများကို ကံကြမ္မာချင်း စတင်၍ နှောင်ဖွဲ့လိုက်ကြခြင်းပင် ဖြစ်တော့သည်။

မနက်ပိုင်း အရုဏ်မတက်ခင် အချိန်လေးမှာပင်, ဂျန်ဝုရှီနှင့် ကျောက်ချူက မြေအောက်ခန်းထဲမှ ထွက်လာခဲ့ကြသည်။ သူတို့ ထွက်သွားပြီးလျှင်, ဟွာယောင်းက သူ့ခန္ဓာကိုယ်ကို နဂို တုပ်နှောင်ထားခံရသည့် အတိုင်း ပြန်လုပ်ယူလိုက်သည်။

သူက အရင်တွေ့ခဲ့ရသည့် အတိုင်း တစ်ထေရာတည်း ပြန်ဖြစ်သွားသည်။

တစ်ညတာ အနှိပ်စက်ခံရကြပြီးနောက်, အသစ်စုဆောင်းထားခံရသည့် လူငယ်များက စကားဖြင့် ပြောပြလို့ မရလောက်အောင်ပင် ပင်ပန်းကုန်ကြသည်။ ဂျန်ဝုရှီနှင့် ကျောက်ချူ သူတို့ ဌာနသို့ ပြန်မရောက်ခင်မှာပင်, သူတို့က ဖွတ်သထက် ညက်ညက်ကြေနေကြသည့် လူငယ် အယောက်နှစ်ဆယ်ကျော်ကို မြင်လိုက်ကြရသည်။ သူတို့က ရေစည်ပိုင်းကြီးများကို မှီ၍ လှဲနေကြသည်။ ထိုအခိုက်တွင် သူတို့၏ တက်ကြွလှုပ်ရှားခြင်း အားမန်များက ပျောက်ခြင်းမလှ ပျောက်သွားကြရလေပြီ။ သူတို့က အဝတ်ရုပ်လို ပျော့ခွေ ကျနေကြသည်။ ပင်ပန်းနွယ်နယ်နေကြပြီး ငြိမ်ကျသွားကြသည်။ သူတို့က ချွေးများဖြင့် ရွှဲရွှဲစိုနေကြပြီး ရှေ့ဆက်ရန် အားအင်တစ်စက်မျှပင် မကျန်ရှိကြတော့ချေ။ တစ်နေ့နှင့် တစ်ညလုံး ဆာလောင်မွတ်သိပ်ခြင်းကြောင့် အစာအိမ်များက မချိမဆန့် ပူလောင်နေကြသည်။ ထို့ပြင် တစ်ညလုံး အလုပ်လုပ်ရသည်မို့ ပင်ပန်းနေကြပြီး အားအင်မှန်သမျှ တစ်စလေးမျှပင် မကျန်ရှိတော့ကြချေ။ တချို့က သူတို့ ထိုင်နေသည့် နေရာမှာပင် အိပ်ပျော်သွားကြလေပြီ။

ဂျန်ဝုရှီနှင့် ကျောက်ချူတို့ ပြန်ရောက်လာတာကို မည်သူမျှ သတိမပြုမိကြချေ။ သူတို့က အလျဉ်းသင့်သလို ထိုင်လိုက်ကြသည်။ မည်သူမျှ မမြင်ခင်, ဂျန်ဝုရှီက သက်စောင့်ဆေးတစ်လုံးကို ကျောက်ချူထံ လှမ်းပေးသည်။

“ဒါ ဘာလဲ” ကျောက်ချူက သူ့လက်ထဲရှိ ဖြူရောင်သန်းနေသည့် သက်စောင့်ဆေးကို ကြည့်လိုက်သည်။ ထို့နောက် သူက ဂျန်ဝုရှီကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။

ဂျန်ဝုရှီက ကျောက်ချူကို တစ်ချက်ကြည့်လိုက်သည်။ သူမက ရှင်းပြန်ရန် စိတ်မပါချေ။ သူမက ကျောက်ချူလက်ထဲမှ သက်စောင့်ဆေးကို ကောက်ယူ၍ ကျောက်ချူပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး လည်ချောင်းထဲသို့ ဆင်းသွားအောင် လုပ်ပေးလိုက်သည်။ ထို့‌နောက် သူမကိုယ်တိုင် တစ်လုံး သောက်လိုက်သည်။

“.................” အလွန်အမင်း ခါးသက်သော သက်စောင့်ဆေးက သူ့လည်ချောင်းအောက်သို့ ဆင်းသွားသည်မို့ ကျောက်ချူက မျက်ရည်များပင် ဝဲသွားရသည်။ သူက မျက်နှာ ရှုံ့မဲ့ပြီး ဂျန်ဝုရှီကို ကြည့်လိုက်သည်။ ထို့နောက် သူ့နှာခေါင်းကို ပွတ်သပ်မိသည်။

သည်ကောင်လေးက တဲ့တိုးဆန်ပြီး ကြမ်းကြုတ်လွန်းသည်။

တောင်ထွတ်ပေါ်သို့ နေရောင်ခြည်ဖျာကျလာလျှင်, ပင်ပန်းနေသော လူငယ်များက ပြန်နိုးသတိရလာကြပြီး သူတို့ခန္ဓာကိုယ်ကို အတင်းမ၍ ယိုင်ထိုး ယိုင်ထိုးဖြင့် သူတို့ အိပ်ခန်းသို့ ပြန်သွားကြသည်။

သူတို့က သူတို့ အိပ်ရာပေါ်တွင် ပစ်လှဲချင်တာက လွဲလို့ ကျန်တာ ဘာမျှ မလုပ်ချင်ကြတော့ချေ။ သူတို့က ပါးစပ်အပြည့် ရေသောက်၍ သူတို့၏ ပူလောင်နေသည့် ဝမ်းများကို သက်သာအောင် လုပ်လိုက်ကြသည်။

သူတို့ထဲမှ မည်သူမျှ ပေးအပ်ထားသည့် တာဝန်ကို ပြီးစီးအောင် မဆောင်ရွက်နိုင်ကြချေ။ တိမ်ဖုံးတောင်ထွတ် တပည့်ကြီးပြောထားသလို သူတို့ မနက်စာကိုလည်း စားရမည့် ပုံ မပေါ်တော့ပေ။

သနားစရာ အလွန်ကောင်းသည်။ သို့သော် သူတို့ အညှဉ်းဆဲခံရခြင်းက အဆုံးမသတ်သေးပေ။ အသစ်စုဆောင်းထားသည့် လူငယ်များက သူတို့ အိပ်ခန်းသို့ တရွတ်ဆွဲ၍ ပြန်သွားသည့်အချိန်မှာပင်, အခုမှ နိုးထလာသည့် တိမ်ဖုံးတောင်ထွတ် တပည့်ကြီးများက သူတို့လမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။

 

ပါရမီရှင်သမားတော်(၂)Where stories live. Discover now