၂၅၃။ "ခရီးထွက်ခြင်း"

Start from the beginning
                                    

သူမ လင်းအိမ်တော်မှ မထွက်ခွာလာခင်, ဂျန်ဝုရှီက ရုပ်သွင်ကို ပြောင်းလိုက်သည်။ သူမ တစ္ဆေမြို့တော်ကို သွားတုန်းက လူငယ်ပုံဟန်ကို ယူထားသည်။ သူမက ကြောင်နက်လေးနှင့် ကြာပန်းလေးကို ခေါ်လာခဲ့သည်။ ခရီးဆောင်အိတ်နှင့် ကျောက်စိမ်းဝတ်ရည်ကရားအနည်းငယ်ကိုလည်း ယူလာခဲ့သည်။ သည်ခရီးစဉ် အတွင်းမှာ သူမ၏ ဝိညာဉ်စွမ်းအားကို တိုးတက်အောင် လုပ်ရအုံးမည် ဖြစ်သည်။ သူမ ထွက်ခွာမလာခင်, ဂျန်ဝုယောင်းကို နှုတ်ဆက်ချင်သော်လည်း သူ့ကို အရိပ်အယောင်ပင် ရှာမတွေ့ခဲ့ပေ။ သို့အတွက် သူမက သူ့အား နှုတ်မဆက်ခဲ့ရချေ။

(သခင်မလေး, နင်က ရယ်စရာကောင်းတဲ့ ကချောက်ချိ ကချောက်ချက် နေရာကို တကယ်ပဲ သွားမလို့လား၊ သူတို့ တပည့် တကယ် လုပ်မလို့လား။)

ကြောင်နက်လေးက သက်သောင့်သက်သာ အနေအထားသို့ ပြောင်းကာ ခွေအိပ်နေပြီး သူမကို မေးသည်။ သူက ဂျန်ဝုရှီ၏ ရည်ရွယ်ချက်ကို သိသော်လည်း သူ့သခင်မလေးက သမားယောင်များကို ဆရာအဖြစ် တင်မြှောက်ဖို့က သူ့အတွက် မသက်မသာ ခံစားရစေသည်။

သည်ကမ္ဘာပေါ်တွင် ဂျန်ဝုရှီအား ဆေးပညာသင်ကြားပေးနိုင်သည့် ဆရာဆိုသူကား အခုထိ မမွေးဖွားသေးပေ။

“ချင်းယန်ကလန်” ဂျန်ဝုရှီက နှိုးဆော်စကား ပြောသည်။

ဘိုင်ယန်ရှင်းအန်မှ သိထားရသဖြင့် ဂျန်ဝုရှီက ချင်းယန်ကလန်သို့ ခရီးအတွက် ပစ်မှတ်ထားပြီး ဖြစ်သည်။ သူမက တိမ်လှေခါးတောင်ထွတ် မုချန်ထံ ဝင်ရောက်ရန် ဆုံးဖြတ်ထားသည်။ သူမ ရန်သူ၏ ရန်သူသည် မိတ်ဆွေ ဖြစ်နိုင်သည်မို့ ဂျန်ဝုရှီက မိတ်ဖွဲ့မှာသာ ဖြစ်သည်။

မြင်းဆွဲ ရထားလုံးက တရွေ့ရွေ့ဖြင့် အဆက်မပြတ် သွားနေသည်။ ရထားလုံးက နေပြည်တော်မှ လှမ်းကြည့်လို့ မမြင်နိုင်တော့ပေ။

မြို့တော် ဂိတ်တံခါး အပြင်ဘက်တွင်, ဂျန်ဝုယောင်းက မည်းနက်နေသော မျက်လုံးများဖြင့် ပျောက်ကွယ်သွားပြီဖြစ်သည့် ရထားလုံးကို အတွေးနယ်ချဲ့လျက် စူးစူးစိုက်စိုက် ကြည့်နေသည်။

အရိပ်တစ်ခုက လူသားအသွင် ဖြစ်လာပြီး ဂျန်ဝုယောင်း၏ ခြေထောက်အနီးတွင် ဒူးထောက်နေသည်။ သူ့မျက်လုံးများက အံ့ဩဟန် ရနေသည်။ သူ့သခင်ကြီးက ကနေ့ ဂျန်ဝုယောင်း ခရီးထွက်မည်ကို သိနေပြီး ဖြစ်သည်။ သို့သော် သူက ပုန်းကွယ်လျက်သာ နေသည်။ မမလေး ထွက်ခွာသွားပြီးမှသာ သူက မြို့တော်ဂိတ်တံခါး အပြင်တွင် ကြာမြင့်စွာ ရပ်တည်နေခြင်း ဖြစ်သည်။ သူ့သခင်ကြီး၏ သွင်ပြင်အရ, မမလေးနှင့် အတူတူ သွားချင်နေတာကို သူ သိသည်။

“ယဲရှ” ဂျန်ဝုယောင်းက ရုတ်တရက် ခေါ်လိုက်သည်။

“ဟုတ်, ရှိ” အနက်ရောင်ဝတ်စုံပိုင်ရှင် ယဲရှက ချက်ချင်း ဖြေသည်။

“သူမနောက်ကို လိုက်သွား, သူမကို ကောင်းကောင်းကာကွယ်ချေ။” ဂျန်ဝုယောင်းက သူ့မျက်လုံးများကို မှေးစင်းထားသည်။ သည်နေရာမှာ  လုပ်စရာကိစ္စများကို သူ လက်စမသတ်ရသေးချေ။ သို့မဟုတ်လျှင် သူမတစ်ယောက်တည်း သွားခွင့်ပြုမည် မဟုတ်ပေ။

“အမိန့်အတိုင်း ဆက်လက် ဆောင်ရွက်လိုက်ပါ့မယ်။” ယဲရှက အမိန့်လက်ခံလိုက်သည်။ သူက ဒါကို မျှော်လင့်ပြီးသား ဖြစ်သည်။

“သူမ အန္တရာယ်မရှိရင်, မင်းကိုယ်ကို ဖော်ထုတ်စရာ မလိုဘူး။” ဂျန်ဝုယောင်း ဆက်ပြောသည်။ သူ့အသံက ရေခဲလို အေးစက်နေသည်။

သေးငယ်သည့် ချင်းယန်ကလန်သည် သူ့မျက်စိရှေ့တွင် မဖြစ်စလောက် အစက်အပြောက်လေးသာ ဖြစ်သည်။ ချင်းယန်ကလန်လောက်သာ ဆိုလျှင်, သူ့ချစ်ချစ်လေးက သူမဘာသာ ရင်ဆိုင်ဖြေရှင်းနိုင်သည်။ သူ စိုးရိမ်နေတာက ချင်းယန်ကလန် နောက်ကွယ်မှာ ပုန်းအောင်းနေသည့် အင်အားစုများ ဖြစ်သည်။

နန်းတော် ၁၂ခုတွင် မည်သည့် နန်းတော်မဆို ဂျန်ဝုရှီက သူမကိုယ်တိုင် ဖြေရှင်းနိုင်မည့် အရာ မဟုတ်ပေ။

 

ပါရမီရှင်သမားတော်(၂)Where stories live. Discover now