၂၁၆။ "အဆင့်ချိုးဖျက်တက်ရောက်ခြင်း - ၄"

Comenzar desde el principio
                                    

ကြောင်နက်လေး၏ ဝိညာဉ်နှင့် သူမဝိညာဉ်ကို ပေါင်းစပ်ခဲ့တုန်းက, သူမ သည်လို ပြင်းထန်လွန်းသည့် မချိမဆန့် နာကျင်ခြင်းကို တွေ့ကြုံခံစားခဲ့ရသည်။

ထိုအချိန်ကဆိုလျှင်, သူမ အလွန် ငယ်သေးသည်။ သူမက ခွဲစိတ်ခန်း စားပွဲမှ ထွက်လာခဲ့ချိန်မှာ သူမ၏ လူသားအသွင်ကိုပင် ဆုံးရှုံးခဲ့ရသည်။ အခု သူမက ရင်းနှီးခဲ့သည့် နာကျင်ခြင်းကို ထပ်မံ၍ ခံစားနေရသည်။ သူမနှလုံးသားမှာ ကြောက်ရွံ့ခြင်းလည်း မရှိ, စိုးရိမ်ပူပန်ခြင်းလည်း မရှိချေ။

သူမက သေခြင်းကိုပင် မကြောက်မှတော့, သည်နာကျင်ခြင်းက ပြောပလောက်စရာပင် မရှိတော့ချေ။

ဂျန်ဝုရှီ၏ အာခံလိုသော ဉာဉ်က သူမ နောက်ပြန်မဆုတ်ဖို့, ဝိညာဉ်ထဲ ဆွဲယူသည့် အရှိန်ကို တိုးမြှင့်ဖို့ လှုံ့ဆော်ပေးသည်။

နင် စွမ်းရင် ငါ့ကို သတ်သွား, မစွမ်းရင် ငြိမ်ငြိမ်လေး နေပြီး ဝါးမျိုတာကို ခံ။

မိုးပျံနဂါး၏ ဝိညာဉ်က ယက်ကန်ယက်ကန်ဖြင့် အကြီးအကျယ် ထုနှက်နေသည်။ လူသားတစ်ယောက်၏ ဝါးမျိုတာကို သူက ငြင်းဆန်နေသည်။ သို့သော် ဝိညာဉ်အတားအဆီးက လုံးလုံး ပိတ်ဆို့သွားပြီး သူ့အတွက် လွတ်လမ်း မရှိတော့ချေ။ ထို့ပြင် ထိုယောက်ျား၏ လမ်းညွှန်မှုအောက်တွင်, သူက တဖြည်းဖြည်း လူသားကောင်မလေး၏ ခန္ဓာကိုယ်ထဲ ဆွဲယူခံနေရသည်။

မိုးပျံနဂါးက ဂျန်ဝုရှီ၏ ဝိညာဉ်ကို အရူးအမူး ထိုးနှက်တိုက်ခိုက်သည်။ လူသားမှာ အားနည်းသည့် စိတ်ဝိညာဉ်သာရှိ၍ မိန်းမငယ်လေး၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်ပြီး သူ လွတ်မြောက်နိုင်မည်ဟူ၍ ယုံကြည်ထားသည်။

သို့သော် ဂျန်ဝုရှီ၏ စိတ်ဝိညာဉ်က သူတွေးထင်ထားတာထက် ပိုမို၍ ဒူပေနာပေ ခံနိုင်နေသည်။ သူ ဘယ်လောက်ပဲ တိုက်ခိုက်နေပါစေ, သူမ၏ အပေါ်ယံ ချိနည့်နေပုံရသည့် စိတ်ဝိညာဉ်သေးသေးလေးက တစ်လက်မမျှပင် နောက်တွန့်မသွားဘဲ ပျောက်ကွယ်သွားမည့် အရိပ်အယောင်ပင် ရှိမနေပေ။

ဂျန်ဝုရှီက မိုးပျံနဂါးကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အပြည့်အဝ ဆွဲသွင်းပြီးချိန်မှာတော့ သူမ၏ မျက်လုံးများက လုံးဝ မှိတ်ကျသွားသည်။

သူမ၏ အသိက သူမ၏ ဝိညာဉ်နှင့် အတူ အဆုံးမရှိသော အမှောင်ထဲသို့ နစ်မြောကျဆင်းသွားသည်။

သူမက အမှောင်ထဲတွင် ကြီးမားပြီး ကြောက်ရွံ့ခြင်းကင်းနေသည့် သားရဲကြီးကို တွေ့လိုက်သည်။

၎င်းသားရဲကြီးက အဆမတန်ကြီးမားလွန်းသည့် ဒဏ္ဍာရီလာ နဂါးဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်က မြွေတစ်ကောင်လို ဖြစ်နေသော်လည်း, အတောင်ပံတစ်စုံပါရှိပြီး  လက်သည်းခြေခြေသည်းများက ကောက်ကွေးလို့ နေသည်။ သူ၏ အတောင်ပံကို ဖြန့်ထားပြီး လေထဲတွင် သူက ဝဲပျံနေသည်။

ဂျန်ဝုရှီ ပြန်လည် မွေးဖွားလာပြီးကတည်းက သူမ မြင်ဖူးသည့် သားရဲဝိညာဉ်များကြားတွင် ရွှေခြင်္သေ့က အကြီးမားဆုံး ဖြစ်သည်။ သို့သော် သူမ မျက်စိရှေ့ရှိ မိုးပျံနဂါးက ရွှေခြင်္သေ့ထက်ပင် အဆမတန် ကြီးမားနေသည်။ ၎င်း၏ စိုးမိုးခြယ်လှယ်နိုင်လွန်းသည့် တည်ရှိနေမှုက သူ၏ စွမ်းအားကို ကြွားလုံးထုတ်နေသလိုပင် ဖြစ်နေသည်။

“လူပါးဝတဲ့ လူသား, သင်က ငါ့ဝိညာဉ်ကို ဝါးမျိုဖို့ ကြိုးစားရဲတယ်လား” မိုးပျံနဂါးက အပေါ်ပိုင်း မြင်ကွင်းမှ မြေပြင်ပေါ်ရှိ သေးငယ်သော ဂျန်ဝုရှီကို ငုံ့ကြည့်သည်။ ဂျန်ဝုရှီ၏ ဝိညာဉ်က သေးငယ်လွန်းသည်။ သူ့ပါးစပ်ထဲရှိ သွားကြားပင် မညပ်ပေ။

ဂျန်ဝုရှီက ခေါင်းမော့၍ နိုင်လိုမင်းထက်လုပ်ချင်နေသည့် မိုးပျံနဂါးကို ကြည့်လိုက်သည်။ တောက်ပနေသည့် အနက်ရောင်မျက်လုံးများက အဆုံးမရှိ တည်ငြိမ်နေကြသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora