၂၀၄။ "အင်အား"

Start from the beginning
                                    

သူမက ဂျန်မိသားစုရဲ့ ဝိညာဉ်ကျောက်စိမ်းကို သိမ်းထားရုံသာမက... ဘုရင့်မိသားစုရဲ့ တစ်ဝက်ကိုလည်း လိုချင်သတဲ့လား။

 

သူမ ရူးသွပ်သွားပြီလား။

“ဝုရှီ, နင်က ဝိညာဉ်ကျောက်စိမ်းကို ဘာလုပ်ဖို့ လိုချင်နေရတာလဲ၊ ဒါက ရိုးရိုး သင်္ကေတ ကျောက်စိမ်းပိုင်းလေးပါဟ၊ နင် လိုချင်ရင်, အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေကို ငါ မှာယူပေးပါ့မယ်၊ ချင်းယန်ကလန်ကို ဆန့်ကျင်ဖို့ဆိုတာ ဒီကျောက်စိမ်းပိုင်းလေးတစ်ခုအတွက်လောက်နဲ့တော့ မကောင်းဘူးလို့ ငါ ထင်တယ်” မိုချင်းယွမ်က အမြဲတမ်း ဂျန်ဝုရှီ၏ ဆုံးဖြတ်ချက်ကို ယုံကြည်သည်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူက ယောက်ယက်ခတ်သွားပြီး သူ့ခေါင်းမှ ဆံပင်များကိုပင် ဆွဲနုတ်ချင်လာသည်။

ဂျန်ဝုရှီက အကျိုးဆက်ကို သဘောပေါက်လောက်ပါတယ်, ဟုတ်တယ်မို့လား။

“နင် ပေးမှာလား မပေးဘူးလား” ဂျန်ဝုရှီက တုံးတိတိ မေးလိုက်သည်။ သူမ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ဝိညာဉ်ကျောက်စိမ်းက စိတ်ငြိမ်ကျောက်စိမ်းဖြစ်တာကို သူမက ပြောပြဖို့ ရည်ရွယ်ချက် မရှိချေ။ ဂျန်ဂုကို ပြန်လည် ကယ်တင်ဖို့ သူမ နမော်နမဲ့ မလုပ်နိုင်ချေ။

မိုချင်းယွမ်ကို ဂျန်ဝုရှီက အေးစက်စက် စိုက်ကြည့်တာ ဒါ ပထမဆုံး အကြိမ် ဖြစ်သည်။ သူက မိုရွှမ်ဖေးနှင့် သူ့အုပ်စုကို သူမ စူးစိုက်ကြည့်တုန်းကလို အေးစက်နေခြင်းကို ခံစားလိုက်ရသည်။

ချွေးသီးပေါက်များက နဖူးမှ စီးကျလာသည်။ “နင် လိုချင်ရင်, ငါ ပေးပါ့မယ်.. ဒါပေမဲ့..... ချင်းယန်ကလန်ကို ဘယ်လို လုပ်မလဲ၊ နင်လည်း ကိုယ်တိုင် မြင်နေတာပဲ၊ သူတို့က ဝိညာဉ်ကျောက်စိမ်းကို အရယူဖို့ ဆုံးဖြတ်ထားကြတယ်၊ သူတို့ကို ဘယ်သူမှ ရပ်တန့်နိုင်မှာ မဟုတ်ဘူး။”

“ပေးမှာသာ ပေးစမ်းပါ, သူတို့ကို ငါ ဖြေရှင်းလိုက်မယ်” ဂျန်ဝုရှီက ချင်းယန်ကလန်နှင့် ငြိမ်းချမ်းရေးယူဖို့ စိတ်ကူးမရှိပေ။

သူမက ဘိုင်ယန်ရှင်းအန်ကို အဆိပ်ခတ်ပြီးကတည်းက, ချင်းယန်ကလန်နှင့် ငြိမ်းချမ်းစွာ လက်တွဲ နေထိုင်ဖို့ မဖြစ်နိုင်မှန်း သိထားသည်။

ဂျန်ဝုရှီ၏ စကားကြောင့် မိုချင်းယွမ်က အဆုံးထိ စိတ်ဓာတ်ကျဆင်းသွားသည်။ “နင် ချင်းယန်ကလန်နဲ့ ဆန့်ကျင်မလို့လား၊............ မဟုတ်သေးဘူးလေ.... နင် ဂျန်းချန်ချင်းရဲ့ စွမ်းအားကို မြင်ခဲ့တာပဲ၊ ရူလင်းစစ်တပ်ရှိနေရင်တောင်, ငါတို့က သူတို့ကိုယ်စားလှယ် အယောက်နှစ်ဆယ်နဲ့ ယှဉ်နိုင်တဲ့ အင်အား မရှိသေးဘူးလေ...”

မိုချင်းယွမ်က သူ့စကားကို ဆုံးအောင်ပင် မပြောလိုက်ရပေ။ ရုတ်တရက် အခန်းက လွှမ်းမိုးနိုင်လွန်းသည့် စွမ်းအားအောက်သို့ ရောက်ရှိသွားသည်။ နောက်တစ်ခဏမှာတော့ တောင်ကြီးတစ်လုံးလို အားက သူ့ပခုံးပေါ်သို့ ပိကျလာသည်။ သူက မထိန်းချုပ်နိုင်တော့ဘဲ ဘန်းခနဲ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။ ချွေးများက မရပ်မနား စီးဆင်းကျလာသည်။ ကြမ်းပြင်ပေါ်တွင် ချွေးများ အိုင်ထွန်းသွားရသည်။

“သူမ ပြောသလို လုပ်လိုက်” စွမ်းအားများ ပြည့်နှက်နေသည့် အသံက သူ့နားစည်အတွင်း မြည်ဟည်းသွားသည်။ ယင်းအသံက မကျယ်သော်လည်း သူ့နားကို စူးဖြင့် ထိုးဆွလိုက်သလို နာကျင်သွားပြီး သူ့ပါးစပ်ထောင့်စွန်းမှ သွေးများ ကျဆင်းလာပြီး ထောက်နေသည့် ဒူးပေါ်သို့ စီးဆင်းသွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now