ထက်ဝေယံ နေရခက်သည့် စူးစူးရဲရဲ အကြည့်ဖြစ်သည်။

ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို ရောဂါရှာနေသလိုမျိုး...

ဆရာမတစ်ယောက်က ကျောင်းသားတစ်ယောက်ကို စာစစ်နေသလိုမျိုး...

ဒီအကြည့်မျိုးကို သူမကြိုက်။

"ကိုဝေယံ ညစာ မစားဘူးလား..."

"အလွမ်းတွေနဲ့ ဗိုက်ပြည့်နေတယ်..."

ဘာ့ကြောင့်မှန်းမသိပေမယ့် ဒီကောင်လေးရှေ့မှာ ထက်ဝေယံ သီချင်းဆက်ဆိုချင်စိတ်မရှိတော့။ ဂစ်တာကို နံရံမှာထောင်ကာ ၀ုန်းခနဲ ကုတင်ပေါ် မှောက်အိပ်ချလိုက်သည်။ နောက်မှ ခေါင်းငဲ့ကာ ရဲသွေးငယ်ကို လှမ်းကြည့်သည်။

"တောတွေတောင်တွေ တွေ့တာနဲ့ မင်းတော်တော်ပျော်နေတယ်ထင်တယ်.. ဟုတ်လား ရဲသွေး.."

"ဘာဖြစ်လို့လဲ..."

"ဒီနေ့တစ်နေ့လုံး မင်းသဘောကောင်းနေတာ တောထဲရောက်နေလို့ပဲဖြစ်မယ်.."

ရဲသွေးငယ် ပြုံးသည်ဆိုရုံ ပြုံးကာ ကုတင်ပေါ်မှစောင်ကိုဆွဲယူကာ ကိုယ်မှာပတ်နေသည်။ သတိုးကိုယ်တိုင် အနွေးထည် ပေးလာတာကို မယူဘဲ ချမ်းအေးလျှင် စောင်ခြုံနေတတ်သည့် အကျင့်က အသည်းယားဖို့ကောင်းသည်။ ထို့နောက်မှ ကုတင်ပေါ်မှ ထကာ ပြတင်းပေါက်ရှေ့ စားပွဲနောက်မှထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်။

"ကိုဝေယံပြောတာဟုတ်မယ်.. တောထဲတောင်ထဲရောင်ရင် ကျွန်တော် အလိုလို ပျော်နေတတ်တာ.... ကျွန်တော် ကလေးဘ၀က အကြိုက်ဆုံးကစားနည်းက ဘာကစားနည်းလဲ သိလား.."

"စကားနိုင်လုတဲ့ ကစားနည်းပဲဖြစ်မယ်.."

"ဟာဗျာ... မဟုတ်ပါဘူး...မျိုးစေ့ကနေ အပင်ပေါက်လာတာကို စောင့်ကြည့်ရတဲ့ ကစားနည်းဗျ.."

ငယ်စဉ်က ရဲသွေးငယ် ဘာအသီးစားစား မျိုးစေ့ငယ်များကို မြေကြီးထဲ ထည့်စိုက်တတ်သည်။ ရေမှန်မှန်လောင်းသည်။ အပင်ငယ်လေးများပေါက်လာလျှင် ၀မ်းသာမဆုံး။ အပင်မပေါက်လာသည့် မျိုးစေ့များလည်းရှိသည်။ ကြက်တွေ ငှက်တွေ စားသွားခဲ့သည့် မျိုးစေ့များလည်းရှိသည်။ ဒါပေမယ့် သူ ဘယ်တော့မှ စိတ်မပျက်။ မြေကျင်းကို ဒီ့ထက်နက်အောင် တူးသည်။ ပေါက်တူးလေးလေးကို မနိုင့်တနိုင်ပေါက်ရင်း မြေမို့မို့ဖြစ်အောင် ပြုပြင် စိုက်သည်။

ကြယ်တွေကြွေသောညOn viuen les histories. Descobreix ara