လီရှောက်ကျိုက ချက်ချင်းနောက်လှည့်လိုက်သည့်အခါ သတိပေးသည့်အကြည့်နှင့်ကြည့်နေသည့် အတန်းခေါင်းဆောင်ကို တွေ့လိုက်ရသည်။

သူက အတန်းခေါင်းဆောင်မှ စည်းကမ်းထိန်းသိမ်းရန်လုပ်သည်မှတ်၍ စကားပြောနေသည်ကို ချက်ချင်းရပ်လိုက်သည်။

အတန်းပိုင်ဆရာက ချက်ချင်းရောက်လာပြီး သူတို့စားပွဲခုံကိုရိုက်ကာ တိတ်တိတ်နေရန် ဟန့်လိုက်သည်။ ထို့နောက် အခန်းထဲရှိခုံနေရာလွှတ်ကို ညွှန်ပြကာ ယွီကျီရီ့ကိုပြောလိုက်သည်။ "ကျောင်းသူယွီကျီရီ။ ခုလောလောဆယ်တော့ အနောက်က လေးတန်းမြောက်မှာထိုင်ထားဦး။ အဲ့ဒီမှာ ခုံလွတ်တယ်။"

"ကျေးဇူးပါလောင်ရှီး။"

သူ(မ)က လိုအပ်သည့်စာအုပ်များကိုပိုက်ကာ အနောက်ဆုံးရဲ့လေးတန်းမြောက်ရှိ ခုံနေရာလွတ်တွင် ပေါ့ပေါ့ပါးပါးထိုင်လိုက်သည်။

မနေ့က အဆောင်တွင်တွေ့ခဲ့သည့်ကျန်းမေ့အာက သူ(မ)ကို လက်ယမ်းကာ နှုတ်ဆက်လိုက်သည်။ "ဟိုင်း။"

ယွီကျီရီက သူ(မ)ရဲ့မျက်နှာအမူရာကို မမြင်နိုင်မှန်းသိပေမဲ့ ပြုံးပြလိုက်သည်။ သို့ပေမဲ့ သူ(မ)ပြုံးလိုက်သည့်အခါ သူ(မ)ရဲ့မျက်လုံးများက လခြမ်းကွေးလေးပမာ ကွေးညွတ်သွားသည်။ ရှင်းရှင်းလင်းလင်းကို သူ(မ)ရဲ့ စိတ်ခံစားချက်ကို ပြသနေသည်။

ကျန်းမေ့အာသည် ယမန်နေ့ညက ချောင်လဲ့ကျီထံမှနေ၍ ယွီကျီရီ့အကြောင်းသိပြီးကတည်းက သူ(မ)အပေါ် စိတ်ဝင်စားမှုတို့ မြင့်တက်နေခဲ့သည်။ ထပ်ပေါင်းပြောရလျှင် ဆရာက ယွီကျီရီ့ကိုစောင့်ရှောက်ပေးရန် သူ(မ)ကို သီးသန့်ခေါ်ပြောခဲ့သည်။ ကျန်းမေ့အာသည် အားကစားကော်မတီအဖွဲ့ဝင်နှင့် အဆောင်ကြီးကြပ်သူတစ်ယောက်အနေနှင့် ယွီကျီရီ့ကိုတွေ့လိုက်သည်နှင့် တာဝန်ဆိုသည့်ခံစားချက်တို့ မြင့်တက်လာသည်။

ယွီကျီရီ ထိုင်ခုံတွင်ထိုင်ပြီးပြီးချင်းတွင် စားပွဲခုံအတွင်း စာအုပ်များရှိနှင့်နေသည်ကို တွေ့လိုက်ရသည်။

သူ(မ)က စားပွဲခုံအတွင်းမှစာအုပ်များကိုထုတ်၍ ဖွင့်ကြည့်လိုက်တော့ သူ(မ)နေ့စဉ်သုံးနေကျ ဖတ်စာအုပ်များဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယနေ့မနက် ရှီရီနှင့်အတူကျောင်းလာစဉ်က သူသည် ယနေ့အချိန်ဇယားအရ လိုအပ်သောစာအုပ်များကိုယူသွားပေးပြီး သူ(မ)အား ကျန်သည်များကို ဖြည်းဖြည်းချင်းယူခဲ့ရန်ပြောခဲ့သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now