သူ(မ)အဒေါ်က ကလေးမလေး၏ချေပချက်ကိုကြားလျှင် မျက်နှာကိုနှိမ့်၍ ပြောလိုက်သည်။ “ဟေး...ကောင်မလေး။ ငါက ပြောပြရုံပါ။ ညည်းက ဘာကိစ္စကြောင့် ရိုင်းနေရတာတုန်း။”

ယွီကျီရီက အံကြိတ်လိုက်သည်။ ပြီးနောက် သူ(မ)လက်မှအားကို ပိုတိုးလိုက်သည်။

သူ(မ)က မျက်ရည်ကျချင်နေပေမဲ့ အတတ်နိုင်ဆုံး အားနည်းမှုကို မပြသပေ။ “ရန်ရန်။ ငါနင့်ကို လွှတ်လို့ပြောနေတယ်နော်။”

“ဟင့်အင်း။ ညီမလေး လိုချင်တယ်။”

နောက်ဆုံးတော့ ယွီကျီရီက သည်းမခံနိုင်တော့ဘဲ ယွီရှင်းရန်လက်ကို ဆောင့်ဆွဲဖြုတ်လိုက်သည်။

ယွီရှင်းရန်ကရုန်းနေပြီး နှစ်ယောက်သား လုံးထွေးနေတော့သည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် မတော်တဆ လက်သည်းနှင့် ခြစ်မိစေခဲ့ပြီး အနီစင်းကြောင်းတို့ထင်စေခဲ့သည်။ ယွီကျီရီ့လက်ဖမိုးပေါ်တွင် လက်သည်းခြစ်ရာများရခဲ့သည်။

သူ(မ)တို့အဒေါ်က အကြိမ်ကြိမ်ဖြောင့်ဖျခဲ့ပေမဲ့ နောက်ဆုံးတွင် ရွမ်ချင်းကိုသာ ခေါ်လိုက်ရသည်။

ရွမ်ချင်းအခန်းထဲရောက်သည်နှင့် တံခါးနားတွင် ခေါင်းငုံ့၍ ရပ်နေသည့်သမီးကြီးကို တွေ့လိုက်ရသည်။ သမီးငယ်လေးကတော့ ဆောင့်ကြောင့်ထိုင်ရင်း အော်ငိုနေလေသည်။ “ဘာတွေဖြစ်နေကြတာလဲ။”

ယွီရှင်းရန်က မိခင်၏အသံကိုကြားသည်နှင့် ချက်ချင်းထရပ်ကာ မိခင်ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။ “မား။ ကျဲက သမီးကိုရိုက်တယ်။”

သူ(မ)က ရွမ်ချင်းမြင်စေရန် လက်ကို ရည်ရွယ်ချက်ရှိရှိနှင့် ဆန့်ထုတ်ပြလိုက်သည်။ မျက်နှာပေါ်တွင် မျက်ရည်များလည်း ကျလာခဲ့သည်။ “မား။ သမီးလက်က အရမ်းနာနေတယ်။”

ရွမ်ချင်းက ယွီကျီရီ့ကို ကြည့်လိုက်သည်။

သူ(မ)သမီးကြီးတွင် ဆိတ်ငြိမ်သည့်သဘောထားရှိမှန်းကို သူ(မ)သိသည်။ ရီရီသည် ညီမဖြစ်သူနှင့် အကြောင်းမရှိဘဲရန်ဖြစ်မည်လို့ သူ(မ)မထင်ပေ။

သူ(မ)က အဆောတလျင်နိုင်စွာ အပြစ်မပြောခဲ့ပေ။ သူ(မ)က အကြောင်းအရင်းကို မေးချင်ခဲ့သည်။ “ရီရီရေ။ သမီးနဲ့ ညီမလေးနဲ့ ဘာဖြစ်လို့ ငြင်းခုံနေခဲ့ကြတာလဲ။”

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now