🌹63🌹

3.5K 312 82
                                    

(Unicode Version)

"Theo... မင်း‌ သေချာပြီလား!?"

စိုင်းရသဦးရဲ့မေးခွန်းကို Theoက တည်ငြိမ်စွာ ပြန်ဖြေပေးခဲ့သည်။

"သေချာတယ်။"

ထိုအဆုံးအဖြတ်စကားကြောင့် စိုင်းရသဦးရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ မီးတုတ်က ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းသွားလေသည်။ ချက်ချင်းဆိုသလိုပင် ကြမ်းပေါ်မှာ အဆင်သင့်လောင်းချထားတဲ့ ဒီဇယ်ဆီတွေက မီးနဲ့ ထိတွေ့ပြီး စတင်လောင်မြိုက်သွားတော့သည်။

"သွားကြရအောင်..."

Theoက အရှိန်အဟုန်ဖြင့် လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို ငေးကြည့်လိုစိတ် မရှိတော့ပုံပင်။ အရှေ့မှ ဦးဆောင်ကာ ထွက်ခွာသွားပြီမို့ စိုင်းရသဦးလည်း ထိုမီးလျှံများကို တစ်ချက်မျှ ငေးကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

ထို့နောက် သူ့ခြေလှမ်းအစုံက Theoရဲ့ဦးတည်ရာအတိုင်း ထပ်တူကျသွားခဲ့သည်။ အနောက်မှာ ကျန်ရစ်ခဲ့သည်က မီးစွဲလောင်နေတဲ့ သီရိမြိုင်စံအိမ်ဟောင်းကြီးနဲ့ သက်မဲ့အလောင်း(၄)လောင်းသာ ဖြစ်ပေသည်။

သူတို့နှစ်ဦးစလုံး ကားထဲမှာ နေရာယူပြီးချိန်မှာ စိုင်းရသဦးဆီက စကားသံထွက်ပေါ်လာလေသည်။

"မင်းရဲ့အကြောင်းတွေကို အစ်ကို့ဆီမှာ နည်းနည်းလောက်ပဲဖြစ်ဖြစ် ဖွင့်ပြောပြသင့်တယ်။"

Theoက ထိုစကားကို အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်သည်။

"ဘာလို့လဲ!?"

"အစ်ကို့ဘက်ကိုလည်း တစ်ချက်လောက် ငဲ့ကြည့်ပေးသင့်တယ်။ သူ့ခမျာ မင်းရဲ့သရုပ်အမှန်ကို တစ်ခုမှ မသိဘဲ ချစ်ပေးနေရတာ။"

"အခုအတိုင်းလည်း သူ နေသားကျနေပြီပဲ။"

"ဒါက မင်းရဲ့အထင်လေ။ ကိုယ့်ချစ်သူရဲ့အကြောင်းကို ခရေစေ့တွင်းကျ မသိချင်တဲ့သူရယ်လို့ ဘယ်သူရှိမှာလဲ!?"

စိုင်းရသဦးရဲ့ဖျောင်းဖျမှုက Theoရဲ့ဆုံးဖြတ်ချက်ကို အနည်းငယ် ယိမ်းယိုင်သွားပေမဲ့ ခဏအကြာမှာ တစ်ဖန် တင်းမာသွားခဲ့ပြန်သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now