🌹60🌹

4.1K 387 140
                                    

(Unicode Version)

တစ်ညတာကို ဖြတ်သန်းပြီးချိန်မှာ သိင်္ဂါရရဲ့စိတ်က အနည်းငယ်တည်ငြိမ်လာလေသည်။ သူ့ဘဝထဲက ထွက်သွားကြသူတွေအတွက် စိတ်မကောင်းဖြစ်မိပေမဲ့ ခွဲခွာရဖို့ အကြောင်းဖန်လာခြင်းအပေါ်မှာ အပြစ်တင်မနေတော့ပေ။ ရှေ့ဆက်လျှောက်ဖို့ အားမွေးပြီး အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။

"အစ်ကိုလေး... ဘဘကြီးက အခုထိ အိပ်ရာက မနိုးသေးဘူးထင်တယ်။ မနက်စာပြင်ပေးထားတာတွေက အေးစက်ကုန်ပြီ။"

အိမ်အကူမလေးရဲ့စကားကြောင့် သိင်္ဂါရလည်း ထူးဆန်းနေသလို ခံစားမိခဲ့သည်။

"ဖေဖေက ပုံမှန်ဆို မနက်(၆)နာရီလောက် နိုးတတ်တာမလား!?"

"ဟုတ်ကဲ့။ အခုက (၇)နာရီတောင် ထိုးတော့မှာ။"

"ခဏလေး... ငါ သွားနှိုးကြည့်ဦးမယ်။"

ပြောပြောဆိုဆိုနဲ့ ဖခင်ဖြစ်သူရဲ့အခန်းတံခါးကို သူ သွားခေါက်ပြီး ခေါ်လိုက်မိသည်။

"ဖေဖေ... အိပ်ရာနိုးပြီလားဟင်!?"

အခန်းထဲမှ တုံ့ပြန်သံက ထွက်မလာခဲ့။

"ဖေဖေ... နေလို့ ကောင်းရဲ့လား!?"

ထိုတစ်ကြိမ်မှာလည်း တိတ်ဆိတ်မှုကသာ ကြီးစိုးထားဆဲ ဖြစ်သည်။ တဖြည်းဖြည်း ကြီးထွားလာတဲ့ သံသယစိတ်တွေကြောင့် သူ တံခါးကို ဖွင့်လိုက်ချိန်မှာ အခက်အခဲမရှိဘဲ အလိုက်သင့်ပွင့်သွားခဲ့သည်။

သို့ပေမဲ့ ခြေလှမ်းငါးလှမ်းစာ အကွာအဝေးရှိ ဖခင်ဖြစ်သူရဲ့ခုတင်ဆီသို့ သူ ချက်ချင်းလှမ်းမကြည့်ရဲခဲ့ပေ။

"ဖေဖေ အိပ်နေတာပဲ ဖြစ်မှာပါ။"

ကိုယ့်စိတ်ကိုယ် သတိပေးရင်းနဲ့ ကြိုးစားပြီး လှမ်းကြည့်မိတော့မှ ခုတင်ပေါ်မှာ အသက်ကင်းမဲ့စွာ လဲလျောင်းနေတဲ့ ဖခင်ဖြစ်သူကို မြင်တွေ့လိုက်ရသည်။

"ဖေဖေ~~~"

အံ့အားသင့်စွာဖြင့် ဖခင်ရဲ့အနားသို့ တိုးသွားပြီး သူ လှုပ်နှိုးခဲ့ပြန်သည်။

"ဘာလို့ အခုချိန်ထိ အိပ်နေတာလဲ... ဖေဖေရဲ့။ ထတော့လေ..."

ဖခင်ဖြစ်သူက အသက်ဝိညာဉ်ကင်းမဲ့နေမှန်း သိပေမဲ့ အမှန်တရားကို သူ လက်မခံချင်ဘဲ အကြောက်အကန် ငြင်းဆန်နေမိသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now