🌹7🌹

10.1K 815 114
                                    

(Unicode Version)


Nathanက Theo အမိန့်ပေးထားတဲ့အတိုင်း CCTVမှတ်တမ်းကို ဆေးရုံသို့ ယူဆောင်လာပြီး အပ်နှံလိုက်လေသည်။

"မင်း မှာထားတဲ့အတိုင်း ငါ အကုန်ယူလာခဲ့တယ်။"

Theoက Nathanကို ဘာစကားမှပြန်မပြောဘဲ ထိုမှတ်တမ်းတွေကိုသာ သည်းကြီးမည်းကြီး ရှာဖွေကြည့်ခဲ့သည်။ မျက်နှာကောင်းရဖို့ ကြိုးစားကာမှ မျက်နှာပျက်စရာဖြစ်သွားတဲ့အတွက် Nathanက နောက်ဆုံးလက်ကျန်အခွင့်အရေးဖြစ်တဲ့ တရားခံရှာဖွေရေးဘက်မှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ပေးလိုက်တော့သည်။

"သီးသန့်ခန်းတွေထဲမှာ CCTV မတပ်ထားပေမယ့် အခန်းရှေ့ကိုတော့ ကြည့်လို့ ရတယ်။"

Nathanက Theoရဲ့အဖက်လုပ်ခြင်းကို မခံရတဲ့အတွက် တစ်ယောက်တည်းရေရွတ်နေသလို ဖြစ်သွားခဲ့သည်။ Theoရဲ့အာရုံက ကွန်ပျူတာမျက်နှာပြင်ပေါ်မှာသာ တည်ရှိနေပြီး မောက်စ်ကိုင်ထားတဲ့ လက်ချောင်းတွေကလည်း အခင်းဖြစ်ရာ အချိန်ကာလကိုရောက်တဲ့အထိ အလောတကြီးရှာဖွေနေတော့သည်။ ထိုသို့ရှာဖွေရင်းနဲ့ Theoနဲ့ Nathan အတူထွက်သွားချိန်က ရောက်ရှိလာပြီး ခဏအကြာမှာ လူရိပ်တစ်ခုကို ထပ်တွေ့လိုက်ရသည်။

"ဒါ...ဒါ...Jessicaမလား!?"

Theoက ဘာမှပြန်မဖြေဘဲ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ ထင်ဟပ်နေတဲ့ သူမရဲ့ပုံရိပ်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

"Theo... ငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ!? Jessicaကလည်း ဘာလို့ ဒီလောက်‌တောင်ရူးမိုက်ခဲ့ရတာလဲ!? ဒီကိစ္စကို ရဲတွေသာ သိသွားရင် သူ ထောင်ကျမှာ သေချာနေပြီ။"

တတွတ်တွတ်ပြောနေတဲ့ Nathanက Theoရဲ့မျက်နှာပြင်ပေါ်မှာ ခဏတာဖြတ်ပြေးသွားတဲ့ မဲ့ပြုံးတစ်ခုကိုတော့ မမြင်နိုင်ခဲ့ပေ။

"သူလည်း မူးနေတော့ အမှားလုပ်မိသွားတာ နေမှာပါ။"

Theoဆီက ဒီလိုစကားမျိုးထွက်လာမယ်မှန်း Nathan လုံးဝမမျှော်လင့်ထားခဲ့တာ အမှန်ပင်။ စောစောကအထိ သရဲပူးကပ်နေသလို ဒေါသထွက်နေသူက တရားခံကို သိပြီးကာမှ ဒေါသပြေသွားတာမို့ အမှန်တရားရဲ့ဘက်တော်သားပဲ ဆက်လုပ်ရမလား...Theoနဲ့အတူ မေတ္တာရှင်ပြဇာတ်ကိုပဲ ပြောင်းက,ရမလားဆိုတာ မတွေးတတ်တော့သလို ဖြစ်နေခဲ့ရသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now