"ဖေဖေ... ထပါဦး။ သားကို စကားထပြောပါဦး။"

တောင်းဆိုရင်းနဲ့ သူ ဆုပ်ကိုင်လိုက်မိတာက အေးစက်နေတဲ့ လက်တစ်စုံပင်။ တစ်ပြိုင်နက်တည်းမှာပဲ သူ့အသိစိတ်ထဲသို့ အထီးကျန်ခြင်းနဲ့ အားငယ်ခြင်းတို့က အသီးသီးဝင်ရောက်လာကြပြီး ကြမ်းပြင်ပေါ်မှာ ပုံလျက်သား ထိုင်ချမိတော့သည်။

အများက နှစ်သက်အားကျ‌စေနိုင်လောက်တဲ့ ဆက်ဆံရေးမျိုး မရရှိခဲ့ပေမဲ့ ထိုမိသားစုလေးကို သူ တန်ဖိုးထားခဲ့သည်။ ယခုတော့ မိသားစုဝင်အားလုံးက သူ့ဘဝထဲကနေ တစ်ယောက်ပြီးတစ်‌ယောက် ထွက်ခွာသွားခဲ့လေပြီ။ သူ့အတွက် အားထားမှီခိုစရာလည်း မရှိတော့သလို ဖေးမကူညီပေးမယ့်သူလည်း မရှိတော့ပေ။

နှင်းဆီမြိုင်စံအိမ်ကြီးတွင်-

"📱...📱...📱"

တိတ်ဆိတ်နေတဲ့ မနက်ခင်းမှာ ကျယ်လောင်စွာ ထမြည်လာတဲ့ ဖုန်းသံကြောင့် Theoက လန့်နိုးသွားပြီး ဖြေပေးခဲ့သည်။

"ဟယ်လို..."

"Theoလား!? အစ်ကိုက မင်းခန့်ပါ။"

"ဟုတ်ကဲ့... အစ်ကို။ ဘာဖြစ်လို့လဲ!?"

"ဟို... ဦးဒီပ ဆုံးသွားပြီ။"

ထိုစကားက Theoရဲ့အိပ်ချင်စိတ်တွေကို ပျောက်သွားစေပြီး အသိစိတ်ထဲသို့လည်း တစ်ယောက်သောသူက ရောက်ရှိလာလေသည်။

"သိင်္ဂါရရော... သူ ဘယ်မှာလဲ!?"

"သူက သူ့အဖေရဲ့အလောင်းနားမှာပဲ မလှုပ်မယှက် ထိုင်နေတယ်။ ဘာမှလည်း ပြန်မဖြေဘူး။ ဒီကိစ္စကိုလည်း သူတို့အိမ်က ခြံစောင့်ဦးလေးကြီးက ဖုန်းလှမ်းဆက်လို့ သိလိုက်ရတာ။"

သိင်္ဂါရရဲ့ပုံစံကို တွေးကြည့်ပြီး Theo လည်း စိတ်ပူပန်လာမိသည်။ ထို့ကြောင့် ဘာကိုမှ အဆုံးအဖြတ်မပေးနိုင်သေးခင် စိုင်းရသဦးကို ခေါ်ပြီး သိင်္ဂါရဆီ အပြေးသွားဖို့အတွက် ဆုံးဖြတ်လိုက်ရသည်။

သူတို့နှစ်ဦး ရောက်ရှိသွားချိန်မှာ မင်းခန့်က အိမ်သားတွေကို စစ်ဆေးမေးမြန်းနေခဲ့လေသည်။

"အခန်းထဲကို ဝင်သွားကတည်းက ပြန်ထွက်လာတာကို လုံးဝမတွေ့ရဘူးလား!?"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)حيث تعيش القصص. اكتشف الآن