"ရှင်က ဘာလုပ်ဖို့ ဖေဖေနဲ့ တွေ့မှာလဲ!?"

"ငါ သူ့ကို မေးစရာရှိလို့။"

"ဘာအကြောင်း မေးမှာလဲ!?"

"အဲဒီလောက်အထိ မင်း သိစရာ မလိုဘူး။"

"ဒါဆို ကျွန်မကလည်း ရှင့်ကို ဖေဖေ့ဆီ ခေါ်သွားပေးစရာ မလိုဘူးလေ။"

"မိုး...မင်း သိထားရမှာက ကိုယ် ခွင့်တောင်းနေတုန်းကို အေးအေးဆေးဆေး လိုက်လျောပေးဖို့ပဲ။ မဟုတ်ရင် ပြဿနာက ပိုကြီးသွားနိုင်တယ်။"

စိုင်းရသဦးရဲ့တဇွတ်ထိုးဆန်မှုကို ရွှေစင်မိုးလည်း သိထားပြီးသားပင်။ ထို့ကြောင့် စိတ်ကို အတတ်နိုင်ဆုံး လျှော့ချပြီး လက်ခံပေးခဲ့ရတော့သည်။

"စ‌နေနေ့ကျရင် ကျွန်မတို့အိမ်ကို လာခဲ့။"

"ကျေးဇူးပါပဲ။"

"ရှင် ပြောချင်တာ ဒါပဲမလား!?"

စိုင်းရသဦးက ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာ တုံ့ပြန်ပေးခဲ့သည်။

"ဒါဆို ကျွန်မ သွားတော့မယ်။"

ပြောပြီးပြီးချင်း ထထွက်သွားတဲ့ ရွှေစင်မိုးကို စိုင်းရသဦးက ငေးကြည့်ရင်းနဲ့ ပြုံးလိုက်မိသည်။

"မိန်းကလေးဖြစ်ပြီး ဒေါသကလည်း ကြီးလိုက်တာ..."

နှုတ်ကနေ တိုးတိုးဖွဖွ ရေရွတ်ပြီးမှ ထိုအပြုံးတွေကို စိုင်းရသဦးက ပြန်လည်သိုဝှက်ခဲ့ရသည်။ အန္တရာယ်ကြားထဲမှာ ရှင်သန်နေရတဲ့ သူ့လိုလူအတွက် သံယောဇဉ်ဆိုတာက လုံးဝမရှိသင့်တဲ့အရာ ဖြစ်ပေသည်။ အထူးသဖြင့် ရွှေစင်မိုးလိုမျိုး ဆင်းရဲဒုက္ခဆိုတဲ့ စကားလုံးကို မကြားဖူးသူအပေါ် သူ့စိတ်က ယိမ်းယိုင်မသွားသင့်ပေ။ ထို့ကြောင့် သက်ပြင်းရှည်ကို ဖွင့်ထုတ်လိုက်ပြီး လုပ်ဆောင်ရမယ့် တာဝန်တွေအတွက် သူ အားမွေးခဲ့ရပြန်သည်။

ဆေးရုံကြီး၏ အခန်းတစ်ခုတွင်-

သိင်္ဂါရက ဘေးအခန်းက အဖွားရဲ့အခြေအနေကို သိရဖို့အတွက် ဆေးရုံသို့ ရောက်ရှိလာတော့သည်။

"အဖွားရဲ့ခြေထောက်က နာတာ သက်သာရဲ့လား!?"

ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းနေတဲ့ အဖွားက သိင်္ဂါရကို ခေါင်းညိတ်ပြလိုက်သည်။ ထိုအဖွားက ကားမတော်တဆမှုတစ်ခုကြောင့် စကားမပြောနိုင်တော့ဘဲ အကြားအာရုံသာ အကောင်းအတိုင်း ရှိနေခဲ့လေသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now