"နင် ငါ့ကို လိမ်နေတာ!!!"

မယုံကြည်မှုများစွာနဲ့ ပြောလိုက်တဲ့ Jessicaကို Theoက မျက်မှောင်ကြုတ်ပြီး လှမ်းကြည့်ခဲ့လေသည်။

"အရေးမပါတဲ့ ငြင်းခုံမှုတွေအတွက် ငါ့မှာ ပေးစရာ အချိန်မရှိဘူး။"

ပြောပြီးပြီးချင်း အခန်းထဲကနေ စိမ်းကားရက်စက်စွာ ထွက်သွားတဲ့ Theoကြောင့် Jessica မျက်ရည်မကျမိအောင် ကြိုးစားပြီး ထိန်းထားလိုက်ရတော့သည်။ ရည်းစားကိုထည်လဲတွဲပြီး ယောက်ျားလေးတွေရဲ့အသည်းကို ခွဲခဲ့ဖူးတဲ့ သူမက Theo ရှေ့မှာ ဒူးမထောက်ရုံတမယ် အချစ်ကို တောင်းခံနေခဲ့ပေမယ့် ပစ်ပယ်ခံခဲ့ရလေသည်။ Theoကို စတွေ့ချိန်ကတည်းက အချစ်ရဲ့ကျေးကျွန်ဖြစ်သွားခဲ့ရတဲ့ Jessica... သူမရဲ့နာကျင်မှုကို Theoက မသိနိုင်သလို သိအောင်လည်း မကြိုးစားခဲ့ပေ။

အခုလည်း သူ့ခြေလှမ်းတွေက သူ့စိတ်အစဥ်ကို လွှမ်းမိုးထားတဲ့ တစ်ယောက်သောသူဆီသို့ ဦးတည်နေခဲ့သည်။ သိင်္ဂါရရဲ့အခန်းရှေ့ကို Theo ရောက်လာခဲ့ပေမယ့် ခပ်လှမ်းလှမ်းကသာ ငေးမောကြည့်ပြီး နှုတ်ဆိတ်နေခဲ့မိသည်။ သူငယ်ချင်းတွေနဲ့ စကားပြောရင်း ပြုံးနေတဲ့ သိင်္ဂါရက သူ့အတွက် သိပ်လှတဲ့ ပန်းချီကားတစ်ချပ်လိုပင်။

Theoက အရှိန်ပြင်းပြင်းနဲ့ တောက်လောင်နေတဲ့ မီးတောက်တစ်ခုဖြစ်ခဲ့ရင် သိင်္ဂါရက ထိုမီးတောက်ကို ခဏအတွင်းမှာ ငြှိမ်းသတ်ပေးနိုင်မယ့် အေးမြတဲ့ရေစင်သာ ဖြစ်ပေလိမ့်မည်။

"Theo!!! ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ!?"

လှပတဲ့မြင်ကွင်းလေးကို အရသာခံရှူစားနေချိန်မှာ ကြားလိုက်ရတဲ့ အသံကြောင့် Theo စိတ်ညစ်ညူးစွာဖြင့် လှည့်ကြည့်လိုက်တော့သည်။ ထိုသူက Nathanပင်...

"သိင်္ဂါရကို လာတွေ့တာ။"

"မင်း သူနဲ့ တကယ်တွဲတော့မလို့လား!?"

"ငါ စကားတစ်ခွန်းကို နှစ်ခါမပြောတတ်ဘူး။"

သူ့ရဲ့ခပ်ပြတ်ပြတ်အဖြေကို Nathanက အလိုမကျပေမယ့် ဒါက ထုံးစံလိုဖြစ်နေတာမို့ မေးခွန်းပြောင်းမေးခဲ့လေသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now