၈၄၅။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၁)
ဂျန်ဝုရှီကို ထောင်သွင်းအကျဉ်းချထားချိန်မှာ လေ့ချန်က နန်းတော်ထဲ အပြေးအလွှား သွားခဲ့သည်။ သို့သော် ရလဒ်က စိတ်ပျက်စရာပင်။ ဘုရင်ကြီးက သူ့ကို စကားအနည်းငယ်မျှသာ ပြောပြီး ထွက်သွားခိုင်းလိုက်သည်။ အကျဉ်းထောင်ထဲသို့ သူ့ကို ဝင်ခွင့်မပေးပေ။ လေ့ချန်က စိုးရိမ်သောကဖြင့် ထွက်ခွာလာခဲ့သည်။ သူက အိမ်ရှေ့စံ နန်းဆောင်သို့ ရောက်လို့ ရောက်မှန်းပင် မသိသည့်အထိပင်။
အရှင့်သား, လေညင်းကျောင်းတော်က တပည့်တွေ တွေ့ခွင့်တောင်းနေပါတယ်။
လေ့ချန် ခဏလောက် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ပြောလိုက်သည် သူတို့ကို အမြန် ခေါ်လာခဲ့။ ထို့နောက် သူက သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်သည်။ သူ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကို မမြင်စေရအောင် ကြိုးစားလိုက်သည်။
ကျောက်ချူက လေ့ချန်၏ စာကြည့်ခန်းထဲသို့ ဝင်လာသည်။ သူက အနက်ရောင်ဝတ်ရုံဖြင့် အုပ်ကာထားသော လူတစ်ယောက်ကိုပါ ခေါ်ယူလာခဲ့သည်။ လေ့ချန်က ကျောက်ချူဘေးနားမှ ပုံရိပ်ကို သိလိုဟန်ဖြင့် ကြည့်ပြီး လျင်မြန်စွာ ကျောက်ချူဘက်သို့ လှည့်၍ မေးလိုက်သည် သခင်လေး ကျောက်, မင်း ဒီကို လာတာ ဂျန်ရှီနဲ့ ပတ်သက်နေတဲ့ ကိစ္စမို့လား။
ကျောက်ချူက ခေါင်းကုပ်၍ ကသိကအောက် ရောက်သည့်ဟန်ဖြင့် ပြန်ပြောသည် အရှင့်သား အဲသလို ပြောလို့ ရပါတယ်။
လေ့ချန်က ခါးသီးစွာ ပြုံးလိုက်သည် ငါ တကယ်ပဲ စွမ်းအားမဲ့လွန်းတယ်၊ ငါ အဲကိစ္စကို ခမည်းတော်နဲ့ ဆွေးနွေးလိုခဲ့တယ်၊ ဒါပေမဲ့ ခမည်းတော်က အခွင့်အရေး တစ်ခုမှ မပေးခဲ့ဘူး၊ ဒီကိစ္စမှာ ပါဝင်ပတ်သတ်မလာဖို့တောင် ငါ့ကို သတိပေးလိုက်သေးတယ်၊ ချူလင်းယွဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်ဆိုတဲ့ သတင်းက ထောင်ချီသားရဲ မြို့တော်ထိ ရောက်သွားပြီ၊ ထောင်ချီသားရဲမြို့တော်က လူတွေ မကြာခင်မှာပဲ ဒီကို ရောက်လာလိမ့်မယ်။
လေ့ချန်က အတော့်ကို စိတ်ပျက်အားငယ်သွားရသည်။ ချူလင်းယွဲ့လည်း သူ ကယ်တင်လိုသော နောက်တစ်ယောက် ဖြစ်သည်။ သူ ချူလင်းယွဲ့နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ဖို့ လတ်တလော သူ့မှာ အားအင်အပို မရှိသေးချေ။ ထိုအချိန်မှာပင် ချူလင်းယွဲ့က မေ့မြောသွားသည်အထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားပြီး ဂျန်ရှီသည်ပင် ထိုကိစ္စထဲမှာ ဆွဲချခံလိုက်သည်။ ထိုသို့ ဖြစ်ပျက်လာမည်ဟု မည်သူ ထင်မိမည်နည်း။ ဒီအဖြစ်အပျက်က သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေသည်။ ထို့ပြင် ဘုရင်ကြီးကလည်း သူ့ကို ဒီကိစ္စမှာ မပတ်သက်ဖို့ တားမြစ်လိုက်သေးသည်။ ထို့ကြောင့် သူ လုပ်နိုင်စွမ်း ဘာမှ မရှိဘဲ ဒီအတိုင်း ထိုင်နေရုံသာ တတ်တိုင်တော့သည်။ သူ စိုးရိမ်ပူပန်နေတာက သေမတတ် ဖြစ်နေလေပြီ။
ချူလင်းယွဲ့ကို ကုသနေတာက ဘယ်လို ဖြစ်သွားပြီလဲ ကျောက်ချူက သူ့ဘေးရှိ လူကို ဖျတ်ခနဲ သတိမပြုမိအောင် ကြည့်လျက် မေးလိုက်သည်။
လေ့ချန်က သက်ပြင်းလေးကြီး ချလိုက်သည်။ မကောင်းဘူး၊ နန်းတွင်းသမားတော်တွေ သူမကို တစ်ညလုံး ကုသပေးခဲ့တယ်၊ ဒါပေမဲ့ အကျိုးသက်ရောက်မှုက မဖြစ်စလောက်ပဲ ရှိတယ်၊ ငါ မနေ့က သူမကို သွားကြည့်ခဲ့သေးတယ်၊ သူမက အထိမခံနိုင်တဲ့ အနေအထား ဖြစ်နေပုံပဲ၊ သမားတော်တွေက အသက်ဆန့်ဆေးကိုသာ အသုံးပြုပြီး သူမနှလုံးသားနဲ့ မရီဒန်တွေကို တည်ငြိမ်အောင် ထိန်းထားပေးနေရတယ်၊ ဒါပေမဲ့လည်း အဲဒါက ယာယီလောက်ပဲ ရလိမ့်မယ်၊ ဒီအတိုင်းသာ ဆက်သွားရင်.... သူမ ဒီအခြေအနေကနေ ကျန်ရစ်မှာ မဟုတ်လောက်ဘူး၊ သူမမှာ တစ်ခုခုသာ ဖြစ်သွားခဲ့ရင်, ထောင်ချီသားရဲမြို့က လူတွေ ညီငယ်လေး ဂျန်ကို အလွတ်ပေးမှာ မဟုတ်တော့ဘူး၊ ထောင်ချီသားရဲ မြို့တော်သခင်က အမြဲတမ်း နိုင်လိုမင်းထက် လုပ်တတ်တဲ့လူ၊ အိမ်ရှေ့မင်းသား ဖြစ်တဲ့ ငါ့ကိုတောင် သူက ဂရုစိုက်တဲ့လူ မဟုတ်ဘူး၊ ညီငယ်လေးဂျန်ကို အကျဉ်းချခံနေရတာကနေ ကယ်ထုတ်ဖို့ ငါ မစွမ်းဆောင်နိုင်မှာ စိုးရိမ်မိတယ်။
ကျောက်ချူက ခေါင်းညိတ်လိုက်ပြီး ကိုယ့်ကိုယ်ကို သတိထားကာ သူ့ဘေးနားမှ ပုံရိပ်ကို ဖျတ်ခနဲမျှသာ ကြည့်ပြီး ပြောလိုက်သည် အရှင့်သား ပြောတဲ့အတိုင်း သူမ ဒဏ်ရာဒဏ်ချက်တွေ ဆိုးရွားနေတယ်ဆိုရင်, ငါ့မှာ အရှင့်သားကို ရည်ညွှန်းပေးနိုင်တဲ့ ပါရမီရှင်သမားတော် တစ်ယောက် ရှိတယ်။
အိုး, တကယ်လား လေ့ချန်၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။
ကျောက်ချူက ခေါင်းညိတ်ပြပြီး အမြန်အဆန်ပင် သူ့ဘေးရှိ ပုံရိပ်ကို လက်ညှိုးညွန်ပြ၍ ပြောလိုက်သည် အမှန်အတိုင်း ပြောရရင်, ငါ ဒီကို လာတာ ဒီပုဂ္ဂိုလ်ကို ခေါ်လာဖို့ပဲ။
လေ့ချန်က တစ်ဖက်မှာ ရပ်နေသော ပုံရိပ်သို့ အကြည့်ရောက်သွားသည်။ ထိုပုံရိပ်က အနက်ရောင် ဝတ်ရုံ၏ ခေါင်းစွပ်ကို ချွတ်ချလိုက်လျှင်, ပြိုင်ဘက်ကင်း လှပသော မျက်နှာလေး ပေါ်ထွက်လာသည်။ လေ့ချန်၏ မျက်စိရှေ့တွင် ပေါ်လာသော ၎င်းအလှက မြို့တော်များကိုပင် ပျက်စီးသွားစေနိုင်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လေ့ချန် အသက်ရှူဖို့ မေ့သွားရသည်။ သူ ဟာခနဲ ဖြစ်သွားပြီး ထိုပုဂ္ဂိုလ်၏ မျက်နှာမှ အကြည့် မလွှဲနိုင် ဖြစ်သွားသည်။
ရန်တိုင်းပြည်၏ အိမ်ရှေ့စံအနေဖြင့် မရေမတွက်နိုင်သော အလှလေးများကို တွေ့ဖူးခဲ့သည်။ သို့သော် သူ့ရှေ့ရှိ အမျိုးသမီးငယ်လောက် မည်သူမျှ ညှို့ယူဖမ်းစားနိုင်လောက်အောင် မလှပကြချေ။ ထိုမျက်လုံးများက မိုးကောင်းကင်၏ အကောင်းဆုံး ဖန်တီးချက်အလားပင်။ တကယ်ပင် အပြစ်အနာအဆာ ကင်းမဲ့ပေ၏။
ဖူရွှမ်က ချောမောလှပသည်, ဆွဲဆောင်နိုင်သည်, မြှူဆွယ်နိုင်သည်ဟူ၍ လေ့ချန် အမြဲတမ်း တွေးထားသည်။ ချူလင်းယွဲ့လည်း အတူတူပင် ဖြစ်သည်။ သူမက ကျတ်တီးမြေမှာ ပေါက်သော တစ်ပွင့်တည်းသော သစ်ခွပန်းနှင့် တူသည်။ သို့သော် ထိုနှစ်ယောက်၏ အလှက သူ့ရှေ့မှာ ရပ်နေသော အမျိုးသမီး၏ အလှနှင့် မည်သို့မျှ နှိုင်းယှဉ်လို့ မရပေ။ လေ့ချန် မြင်ဖူးသမျှ အလှများအားလုံး ရုတ်တရက် အရောင်အဆင်း ကင်းမဲ့သွားလေပြီ။
အန် သူက.... လေ့ချန် ပြောနိုင်သည့် စကားလုံးက ထိုမျှသာ။ ထိုရိုးစင်းသော စကားလုံးမျှဖြင့် လေ့ချန်က သူ့ကိုယ်သူ ကြောက်လန့်နေတာကို ထုတ်ဖော်မိမှန်း သတိမပြုမိလိုက်ပေ။
ဂျန်ဝုရှီက လေ့ချန်၏ တုန်လှုပ်နေသော အမူအရာကို တိတ်ဆိတ်စွာ လေ့လာအကဲခတ်နေသည်။ သူမ၏ အကြည့်က ရှင်းသန့်နေသည်။ သို့သော် အေးစက်သည်။
ဒီအမျိုးသမီးက ချီတိုင်းပြည် လင်းအိမ်တော်က သခင်မလေး ဂျန်ဝုရှီပါ ကျောက်ချူက ချောင်းဟန့်ပြီး မိတ်ဆက်ပေးသည်။ ဂျန်ဝုရှီ၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို မမြင်ရတာ ကြာပြီမို့ သူလည်း ဂျန်ဝုရှီကို ခိုးခိုး ကြည့်နေမိတော့သည်။