၇၃၄။ ရှစ်ခုမြောက် ရိုက်ချက် (၁၅)
အိုး, မင်း အဲသလိုမျိုး လုပ်လို့ ရတယ်လို့ ထင်တယ်ပေါ့၊ လာလေ, မင်းကြိုးစားကြည့်ပေါ့ ဖန်ဂျင်က ပြန်ပြောသည်။ သူက ကြောက်လန့်ခြင်းကို နည်းနည်းလေးပင် မပြဘဲ ထိုအစား ရယ်ပင် ရယ်လိုက်သေးသည်။
ဂုယင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဖန်ဂျင်၏ ပြန်လည်ပြောဆိုချက်က သူ့အား ဒေါသထွက်သွားစေသည်။
ဒါဆိုလည်း ငါ ကြိုးစားကြည့်ရမှာပေါ့။ ဂုယင်၏ စကားက မြေပြင်သို့ မရောက်သေးခင်မှာပင်, သူ့ခန္ဓာကိုယ်က လက်ခနဲ ပျောက်ကွယ်သွားသည်။ သူ့နောက်ဘက်မှာ အရိပ်များသာ ထင်ကျန်ရစ်ခဲ့သည်။ ၎င်းအရိပ်များက ခရမ်းရောင်ဖြင့် လက်နေသည်။
(ဒါက ခရမ်းရောင်ဝိညာဉ်စွမ်းအားပဲ။)
ဂုယင်နောက်ဘက်တွင် ကျန်ရစ်ခဲ့သော ခရမ်းရောင် အရိပ်များကို တွေ့မြင်ရချိန်မှာ ကြောက်လန့်နေကြသော လူငယ်များ အံ့အားသင့်မှင်တက်ကုန်သည်။ သူတို့နှင့် သက်တူရွယ်တူ ဂုယင်က ဒီလိုမျိုး ခရမ်းရောင်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားတာကို သူတို့ နားမလည်နိုင်ကြချေ။
ကြောက်လန့်နေကြသော လူငယ်များနှင့် ဆန့်ကျင်ဘက်အားဖြင့် နင်ရူက စိတ်ကျေနပ် ပျော်ရွှင်စွာ မျက်လုံးပြူး၍ ကြည့်နေသည်။
ဂုယင်နှင့် သူ့လူများက ထူထဲသိပ်သည်းသော စွမ်းအားရှင်များ ဖြစ်ကြောင်း သူ သိထားသည်။ သို့သော် သူတို့ ပိုင်ဆိုင်ထားသည့် စွမ်းအားဖြင့် တိုက်ခိုက်တာကိုတော့ သူ တစ်ခါမှ မမြင်ဖူးသေးပေ။ ဂုယင်က သူ၏ ခရမ်းရောင်ဝိညာဉ်စွမ်းအားကို သူ့ရှေ့မှာ ပြသတာက ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ ဒါက သူ့အား အလွန်ပင် စိတ်လှုပ်ရှားစေသည်။
(ဒါ ကိစ္စပြီးပြီ။)
(ငါ အောင်မြင်ပြီ။)
နင်ရူက တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားသည်အထိ အလွန် စိတ်အားတက်ကြွသွားသည်။
ဖန်ဇိုနှင့် ဖန်ဂျင်၏ ခေါင်းများ သူတို့ခန္ဓာကိုယ်များမှ ပြတ်ထွက်သွားတာကို သူ မြင်ချင်လှပြီ။
ဂုယင်က ဖန်ဇိုနှင့် ဖန်ဂျင်နှင့် နီးကပ်လာချိန်မှာ အနက်ရောင် အရိပ်က အလွန်တရာ လျင်မြန်သော အရှိန်အဟုန်ဖြင့် ညီအကိုနှစ်ယောက်၏ ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိလာပြီး ရပ်တည်လိုက်သည်။
ထိုအခိုက်မှာ ကြောက်ခမန်းလိလိ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
စွမ်းအားကောင်းသော အားတစ်ရပ်က သူ့အား တွန်းထုတ်လိုက်တာကို ဂုယင် ခံစားလိုက်ရသည်။ သူက ဖန်ညီအကိုရှေ့မှာ ရပ်နေသော အရပ်ရှည်ရှည် လူကို အလျင်အမြန် ခေါင်းမော့ကြည့်လိုက်သည်။
ယဲ့ရှက ဂုယင်ကို အေးစက်စွာ စူးစိုက်ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ကို အနက်ရောင်ဝိညာဉ်စွမ်းအားထုက လွှမ်းခြုံထားသည်။
ဂုယင်က ရုတ်တရက် ထွက်ပေါ်လာသော ယဲ့ရှကို အံ့အားသင့်စွာ ကြည့်လျက် လန့်သွားသည်။
နင်ရူ၏ အားရဝမ်းသာ ဖြစ်နေသော မျက်နှာက မာတောင့်သွားလေ၏။ ဂုယင်၏ တိုက်ခိုက်မှုကို တားလိုက်နိုင်သည့် တစ်စုံတစ်ယောက် ရှိနေနိုင်လိမ့်မည်ဟူ၍ သူ မတွေးထားမိပေ။
နင့် ရန်သူတွေကို နှုတ်ပိတ်ချင်နေတာလား၊ အရင်ဆုံး နင် အဲသလို လုပ်နိုင်သလားဆိုတာ ကြည့်သင့်တယ် အေးစက်သော အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ သေးသေးသွယ်သွယ် ပုံရိပ်လေးက မြင်းဆွဲရထားလုံးမှ ခံ့ညားတင့်တယ်စွာ ထွက်လာသည်။
ဂုယင်က ရထားမှ ဆင်းချလာသော လူကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက မီးတဝင်းဝင်း တောက်လောင်လာသည်။
ဂျန်ရှီ ဂုယင်က သွားကြားလေသံဖြင့် ရွတ်ဆိုလိုက်သည်။ သူ့ မေးရိုးကြီးများ ထောင်ထလာသည်။ သူက သူ့ရှေ့မှာ ထွက်ပေါ်လာသော ပုံရိပ်ကို အာရုံစူးစိုက်၍ ကြည့်လိုက်သည်။
(နောက်ဆုံးတော့ သူ ထွက်လာပြီပေါ့။)
ဂျန်ဝုရှီက ဖြည်းဖြည်းချင်း လေညင်းကျောင်းတော်ထဲ ဝင်လာသည်။ သူမက ဂုယင်ကို ကြည့်လိုက်သည်။ ထို့နောက် နင်ရူကို လှည့်ကြည့်သည်။ သူမမျက်လုံးများမှာ ခံစားချက် လှိုင်းတွန့်လေးပင် မရှိပေ။
ဖန်ဂျင်ကို ကယ်တင်ဖို့ ဝမ်ရှင်းဟန်ကို ခိုင်းတာ မင်းပဲ, ဟုတ်တယ်မို့လား ဂုယင်က မေးသည်။ သူ့အကြည့်က ဂျန်ဝုရှီမှ ဖယ်မသွားပေ။ သူက ဉာဏ်များသော ဂျန်ရှီ၏ လှည့်ကွက်ထဲ ရောက်သွားခဲသလား, သူ တကယ် သိချင်မိသည်။
ဟုတ်တယ် ဂျန်ဝုရှီက ရိုးသားစွာ ဖြေသည်။ သူ့ သုံးသပ်ချက်ကို လျင်မြန်စွာ အတည်ပြုပေးလိုက်သည်။
ဝိညာဉ်ကုစားဌာနက လူတွေ အကုန်လုံးကို ရှောင်ခိုင်းဖို့ ဂူလီရှန်ကို ပြောထားတာလည်း မင်းပဲလား
ဟုတ်တယ်
ကနေ့ ဖြစ်ရပ်တွေ အကုန်လုံးကို မင်းပဲ စီမံထားတာလား။
အမှန်ပဲ
ဂုယင်၏ မေးခွန်းများ မြန်သလို ဂျန်ရှီ၏ အဖြေလည်း မြန်ဆန်သည်။ အပေါ်ယံတွင် သူတို့က စကားစမြည် ပြောနေသလို ဖြစ်သည်။ သို့သော် မကြာခင်မှာ လေထုအတွင်း တင်းကျပ်ကျပ် ဖြစ်တည်လာတာကို လူတိုင်းနီးပါး ခံစားမိလာကြသည်။ အချိန်မရွေး ပေါက်ကွဲထွက်တော့မတတ်ပင်။
ကြောက်လန့်နေကြသော လူငယ်များက ဂျန်ရှီအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လာကြသည်။ သူတို့ နှစ်ယောက်ကြားမှ စကားလုံး အနည်းငယ်ဖြင့်ပင် သူတို့ တစ်စုံတရာကို ရုတ်တရက် သဘောပေါက်သွားကြသည်။
သူတို့ အရင်က အထင်လွဲဖူးသော ပိန်သေးသေး ကောင်လေးက မည်သူမျှ မသိလိုက်ဘဲ အခြေအနေတစ်ခုလုံးကို ရုတ်တရက် ပြောင်းပြန် လှန်ပစ်လိုက်သည်။ ဂျန်ရှီက ဖန်ဂျင်ကို မကယ်တင်ခဲ့လျှင်, ဖန်ချီသေဆုံးခြင်း နောက်ကွယ်မှ ဖြစ်ရပ်မှန်က ပေါ်ထွက်လာမည် မဟုတ်ပေ။ နင်ရူကြောင့် သူတို့အားလုံး နုံနုံအအဖြင့် မိုးကောင်းကင်အဆုံး ချောက်နက်သို့ သွားကြရလိမ့်မည်။ ချောက်နက်ထဲမှာ သူတို့ လူမသိသူမသိ သေဆုံးကာ နေရစ်ခဲ့ကြရလိမ့်မည်......
ကောင်းတယ်, မင်းက သတ္တိရှိတာပဲ၊ မစိုးရိမ်ပါနဲ့၊ ငါ မင်းကို မသတ်ပါဘူး ဂုယင်က ရုတ်တရက် ကျယ်လောင်စွာ ရယ်လိုက်သည်။ သူက ဂျန်ဝုရှီကို အန္တရာယ်စွက်သော မျက်လုံးများဖြင့် တဖျပ်ဖျပ် ကြည့်လိုက်သည်။ ဂျန်ရှီ၏ ဝိညာဉ်ကုစားခြင်း အသိပညာက အင်မတန် အရေးပါသည်။ ဒါကပင် ဂျန်ရှီကို သူ မသတ်ဖို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်။ သို့သော် သေတာထက် ပိုမို ဆိုးရွားသော နာကျင်မှုကို လုပ်နိုင်သည့် နည်းလမ်းပေါင်းများစွာကို သူ သိထားသည်။