၇၁၈။ ခွဲခွာရသော နာကျင်မှု (၂)
ဂျန်ဝုရှီက ဖန်ဇိုအား အာ့ဂျန်ဆီ ခေါ်ပေးသွားသည်။ သူမ တံခါးအပြင်မှာသာ ရပ်နေပြီး အထဲသို့ မဝင်ပေ။ အာ့ဂျန်၏ တရှုံ့ရှုံ့ ငိုကြွေးသံကို အခန်းအပြင်ဘက်မှ သူမ ကြားရသည်။ သူမ လှည့်ထွက်၍ တခြားအခန်းသို့ လျှောက်သွားသည်။
ဝမ်ရှင်းဟန်က တံခါး ဖွင့်ပေး၍ ဂျန်ဝုရှီကို အပြင်ဘက်မှာ ရပ်နေတာကို တွေ့ရလျှင် သူ့မျက်နှာက ပြုံးလာသည်။ သူက ဂျန်ဝုရှီ၏ စီမံချက်ကို အခုမှ သဘောပေါက်ရုံမျှသာ ရှိသေးသည်။ ဖန်ဂျင်ကို ကယ်တင်ခြင်းမျှသာ သူမ စီမံထားသည် မဟုတ်ပေ။ ဂူလီရှန်ကို တည်းခိုအိမ်မှာ သူ တွေ့လိုက်ချိန်မှာ လင်းအိမ်တော် သခင်မလေးက သူ တွေးထားသည်ထက် ပိုမိုသော စီမံကိန်းများကို ဆွဲထားကြောင်း သူ သတိပြုမိလိုက်သည်။
အခန်းထဲတွင် ဖန်ဂျင်က အိပ်ရာဘေးမှာ ကြောင်စီစီဖြင့် ထိုင်နေသည်။ သူကား စကားလည်း မပြော, အိပ်လည်း မအိပ်ပေ။ သူက လှုပ်ရှားခြင်းမရှိဘဲ ထိုင်နေရုံသာ ထိုင်နေလေ၏။ သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများကို သုတ်သင်ဖယ်ရှား၍ အဝတ်သစ်များဖြင့် လဲလှယ်ပေးပြီး ဖြစ်သည်။ တစ်ယောက်ယောက်က သူ့ခေါင်းကို ဖြီးသင်ပေးထားသည်။ သူ့အသွင်အပြင်က အရင်ကနှင့် အနည်းငယ် တူလာသည်။
သို့သော် မျက်လုံးတစ်စုံက အရင်လို တက်ကြွလှုပ်ရှားခြင်း ရွှင်မြူးခြင်းမှ ကင်းပလို့ နေသည်။
ဂျန်ဝုရှီက ဖန်ဂျင့်ဘေးသို့ လာရပ်၍ သူ့လက်ကို ကိုင်၍ လက်ကောက်ဝတ်မှာ သွေးကြောကို စမ်းသပ် စစ်ဆေးသည်။
ခန္ဓာကိုယ်မှ ဒဏ်ရာများက မကြီးကျယ်ပေ။ အနည်းငယ် ဂရုတစိုက်ဖြင့် ကုသ၍ အားဖြည့်ပေးလိုက်လျှင် ကောင်းမွန်သွားလိမ့်မည်။ သို့သော် အလွန် ခက်ခက်ခဲခဲ ကုသရမှာက သူ့ဦးနှောက် ဖြစ်သည်။
ဂုယင်၏ ပြင်းထန်သော လက်ဝါးရိုက်ချက် နှစ်ချက်ကြောင့် သူ့ဦးနှောက်က အကြီးအကျယ် ပျက်စီးသွားရသည်။ ဒါ့ကြောင့်ပင် သူက စိတ်ဆန္ဒကင်းမဲ့သော အခွံသက်သက် ဖြစ်နေရခြင်းပင် ဖြစ်သည်။
ဂျန်ဝုရှီက ဖန်ဂျင်ကို စေ့စေ့စပ်စပ် သေချာ ဂရုတစိုက် စစ်ဆေးလိုက်ပြီးနောက် သူ့လက်ကို ပြန်ချပေးလိုက်သည်။
ဘယ်လိုတဲ့လဲ ဝမ်ရှင်းဟန်က ဘေးဘက်မှ ကြည့်နေလျက် မေးသည်။
ဂျန်ဝုရှီ၏ ဆေးလုံးဖြင့် သူ့မြေးမလေး၏ အသက်ကို အံ့အားသင့်ဖွယ် ကယ်တင်ပေးပြီးကတည်းက သခင်မလေး ဂျန်ကို သူ အကြီးအကျယ် လေးစားသွားခဲ့သည်။ သူ သီးသန့် ကျင့်ကြံခြင်းမှာ ပြန်လည် ထွက်လာချိန်မှာ ချင်းယန်ကလန်က လုံးဝ အမြစ်ပြတ် သုတ်သင်ခံလိုက်ရကြောင်းကို ကြားလိုက်ရသည်။ သူ လင်းအိမ်တော်သို့ ရောက်ရှိလာချိန်မှာ မုချန်ကို တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် ချင်းယန်ကလန်ကို အမြစ်ဖြတ်ပစ်မည်ဟူ၍ ဂျန်ဝုရှီ ပြောဆိုခဲ့သည်က ခြိမ်းချောက်စကားသက်သက်မျှသာ မဟုတ်ကြောင်း သူ သဘောပေါက်သွားသည်။ သူမက သူမစကားအတိုင်း လုပ်ဆောင်ပြခဲ့သည်သာ။
ကုန်းမြေတစ်ခွင်တွင် အလွန် ဂုဏ်သိက္ခာကြီးမားသော ကလန်တစ်ခုလုံးက သူမက ဒီလိုနည်းဖြင့် အမြစ်ဖြတ်ပစ်ခဲ့လေ၏။
သူ့ကို ကုသပေးလို့ ရတယ်၊ ဒါပေမဲ့ ချက်ချင်းကြီး ကောင်းသွားမှာ မဟုတ်ဘူး ဂျန်ဝုရှီက ပြောသည်။
ဖန်ဂျင်က ဦးနှောက်ဒဏ်ရာ ရထားခြင်း ဖြစ်ပြီး အတော်လေး ပြင်းထန်သည်။ ကုသဖို့ အတော် အချိန်ယူရမည် ဖြစ်သည်။ သူမမှာ လောလောဆယ် အချိန်ခွဲဝေ အသုံးချဖို့ မလုံမလောက် ဖြစ်နေရသည်။
လေညင်းကျောင်းတော်မှာ ဖြေရှင်းရမည့် ကိစ္စများက မပြီးဆုံးသေးပေ။ သူမ အခု ပစ်ထားလိုက်လျှင် နင်ရူက ပြန်လည် ခိုင်မာဖို့ အချိန်ရသွားလိမ့်မည်။
ဂျန်ဝုရှီက ဖန်ဂျင်ကို စူးစိုက် ကြည့်လိုက်သည်။ သူ နားလည်သလား နားမလည်ဘူးလား သူမ ဂရုမထားတော့ဘဲ သူမ ပြောစရာရှိတာကို ပြောလိုက်သည် ငါ လေညင်းကျောင်းတော်ကို ဝင်ခါစတုန်းက နင့် အကာအကွယ်ရခဲ့လို့ ငါ ကံကောင်းခဲ့တယ်၊ နင်နဲ့ နင့်အဖေအတွက် လက်တုံ့ပြန်ပေးပါ့မယ်၊ အချိန်နှောင်းနေပေမဲ့လို့ပေါ့၊ နင့်ကိုယ်စား တရားမျှတမှုကို ငါ ရှာဖွေပေးပါ့မယ်။
ဝမ်ရှင်းဟန်က ဘေးဘက်မှ ကြည့်နေရင်း နက်နက်နဲနဲ စိတ်လှုပ်ရှားသွားရသည်။
မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ ဝမ်ရှင်းဟန်က ဖန်ဂျင်ကို ကယ်တင်ရုံမျှသာ မဟုတ်ဟူ၍ တွေးမိသဖြင့် အခု သူမစကားကို ကြားရလျှင် ကိစ္စရပ်များက မပြီးဆုံးသေးကြောင်း သူ သိလိုက်သည်။
ကျုပ် ဆရာကြီးဝမ်ကို အခက်တွေ့စေရအုံးမှာပဲ၊ အတော်ကြာတဲ့အထိ ဖန်ဂျင်ကို စောင့်ရှောက်ပေးပါ၊ ကျုပ် ဒီမှာ ဆေးတစ်ချို့ ထားပခဲ့ပါ့မယ်၊ ဆရာကြီးက တစ်နေ့ သုံးကြိမ် ဖန်ဂျင်ကို ဆေးတိုက်ပေးရမှာပါ။ ဂျန်ဝုရှီက ပြောပြီးသည်နှင့် ဆေးပုလင်းများကို ထုတ်၍ စားပွဲပေါ်မှာ တင်ထား၍ ဆေးဝါးများ၏ သက်ရောက်မှုနှင့် အညွှန်းကို ဂရုတစိုက် ရှင်းပြပြီးနောက် အခန်းထဲမှ ထွက်လာသည်။
တံခါးအပြင်ဘက်တွင် ဖန်ဇို ရပ်နေတာကို ဂျန်ဝုရှီ တွေ့လိုက်သည်။ သူ့မျက်နှာက ဖြူရော်နေပြီး မည်သည့် အသွေးအရောင်မျှ ရှိမနေချေ။ သူ့နှုတ်ခမ်းများက ကားတက်နေပြီး သူ့ကိုယ်သူ ခါးခါးသီး ပြောင်လှောင်နေဟန်ဖြင့် ပြုံးနေသည်။
တံခါးအပြင်ဘက်မှာ သူ ဘယ်လောက်ကြာအောင် ရပ်နေခဲ့သလဲ, သူ မသိတော့ပေ။ သို့သော် ဖန်ဇိုက တံခါးကို ဖွင့်ဝင်လာဖို့ သတ္တိ မရှိခဲ့ပေ။
ဖန်ဂျင်အား သူ မည်သို့ မျက်နှာချင်းဆိုင်ရမှန်း မသိပေ။ ဖန်ချီ၏ သူ့အား ကာကွယ်ပေးလိုမှုကြောင့်သာ မဟုတ်လျှင် သူက သားအရင်းဟူ၍ လူတိုင်းအား ကြေညာမောင်းခတ်ထားမည် မဟုတ်ပေ။ နင်ရူလည်း ကျောင်းအုပ်ကြီးရာထူးကို လုယူဖို့ သူ့အကိုအား အကောက်ကြံမည် မဟုတ်ပေ။ ဖန်ချီလည်း အသတ်ခံရမည် မဟုတ်ပေ။
ထိုကိစ္စရပ်များ အားလုံး ဖြစ်သွားခဲ့သဖြင့် ဖန်ဇိုက ဖန်မိသားစုအပေါ်မှာ အကြွေးကြီးကြီးမားမား တင်နေပြီ ဖြစ်ကြောင်းကို ခံစားသွားရသည်။
ငါ သူ့ကို ကုပေးနိုင်တယ်။ ဂျန်ဝုရှီက ဖန်ဇိုအား စူးစိုက်ကြည့်လျက် ပြောသည်။
ဖန်ဇိုက ခါးသီးစွာ ပြုံးလိုက်သည်။
ငါ မင်းကို အခက်တွေ့စေရတော့မှာပေါ့။
ဂျန်ဝုရှီက တိတ်ဆိတ်စွာသာ နေလိုက်တော့သည်။ ဖန်ဇိုအား မည်သို့ နှစ်သိမ့်ပေးရမှန်း သူမ မသိပေ။ ထိုအခိုက်မှာ သင့်တော်သည့် စကားလုံးများကို သူမ ရှာမတွေ့ပေ။
သူတို့နှစ်ယောက် ထွက်ခွာသွားခါနီးမှာ ယဲ့ရှက ရုတ်တရက် ပေါ်လာသည်။
သခင်မလေးကို သတင်းပို့ပါတယ်၊ နင်ရူက လေညင်းကျောင်းသား အကုန်လုံးကို မိုးကောင်းကင်အဆုံး ချောက်နက်ကို သုံးရက်အတွင်း ပို့မလို့ ပြင်ဆင်နေပါတယ်။