၆၈၄။ အပြန်ခရီး (၂)
ဒီနည်းလမ်းက လော့မဲ့မဲ့၏ ပါးစပ်ပေါက်ကို ကျယ်ကျယ် ဖွင့်စရာ မလိုတော့ပေ။ တစ်ချက်က လော့မဲ့မဲ့၏ အရေပြားများ ကွဲအက်သွားတာကိုပါ ရှောင်ရှားနိုင်သွားသည်။ နောက်တစ်ချက်က အမူးသမားကြာပန်း ပေးသည့် ကြာရွက်များက ရှားပါးသည့် ဆီးနှင်းကြာပန်းဖြစ်သည်။ ဒဏ်ရာများ ကုသရာမှာ အလွန်ကောင်းသော ဆေးဖက်ဝင်ပစ္စည်း ဖြစ်သည်။ ၎င်းကြာရွက်များက မြက်စိမ်းထက် အဆများစွာ ပိုမို၍ အရသာကောင်းသည်။
မနာမကျင်ဘဲ စားရသဖြင့် လော့မဲ့မဲ့က အနည်းငယ် သက်သာလာပုံ ပေါ်သည်။ သူ့ခြေထောက်ပေါ်မှာ မရပ်တည်နိုင်သေးသဖြင့် သူ့ခြေထောက်လေးဖက်က သူ့ဗိုက်သားအောက်မှာ ခွေခွေလေး ဖြစ်နေပြီး ဂျန်ဝုရှီ လက်မောင်းကြားမှာ လဲလျောင်းနေသည်။ အစာစားတိုင်း ပြောင်တလင်းခါနေသော အမွှေးမဲ့ သူ့ခေါင်းလေးကို ထောင်ဖို့ သူ ကြိုးစားရုန်းကန်ရသည်။ သူ့ခေါင်းက ခုထိ မဲသည်းနေတုန်းပင်။ သူက ဂျန်ဝုရှီ၏ ခန္ဓာကိုယ်သို့ ပူးကပ်ထားသည်။ သူ အရင်က လုပ်နေကျအတိုင်းပင်။
နူးညံ့ပြီး ဖက်ထားချင်စဖွယ် အမွှေးပွပွများဖြင့် ချစ်စရာကောင်းသော သက်ရှိလေးက အခု ကြောက်စရာအနေအထားဖြစ်နေပြီး မြင်ရတာ မသက်မသာ ဖြစ်စေသည်။ မူရင်းဖြစ်သည့် ရှက်ဟန်ပိုသော, ကိုးရိုးကားယားသွားလာပြ၍ ချစ်စရာကောင်းအောင် မူဟန်ပိုပြတတ်သော အသွင်အပြင်ကိုကား မည်သို့မှ မတွေ့ရတော့ပေ။
နာကျင်ကြောက်ရွံ့သဖြင့် တွန့်ခနဲ တွန့်ခနဲ ဖြစ်သွားသော ပုံရိပ်သေးသေးလေးကို ဂျန်ဝုရှီ အချိန်တိုင်း တွေ့မြင်နေရသည်။ လော့မဲ့မဲ့က သူမကို အလွန် တင်းတင်းကျပ်ကျပ် တိုးဝှေ့လာသည်။ ထိုမြင်ကွင်းကြောင့် ဂျန်ဝုရှီ၏ နှလုံးသားက နာကျင်ခံစားရသည်။
သိုးလေးကို သူမ ပထမဆုံး တွေ့ခဲ့သည့် ဟိုတုန်းက, သူတို့အုပ်စု ဝိုင်းတိုက်တာကို ခံရလျှင် နည်းနည်းလေး နာကျင်တာကပင် သူ့အပေါ် သက်ရောက်သဖြင့် လော့မဲ့မဲ့က ဆုတ်ခွာ၍ ထွက်ပြေးခဲ့သည်။ သို့သော် မိုးကောင်းကင်အဆုံး ချောက်နက်အောက်ခြေမှာ သေရေးရှင်ရေးတမျှ အရေးကြီးချိန်မှာ လော့မဲ့မဲ့က ကိုယ်ကျိုးစွန့်၍ ဂျန်ဝုရှီအား ဖယ်ထုတ်၍ ကြောက်စရာကောင်းသော အစိမ်းရောင်မီးလုံးကို သူ့ခန္ဓာကိုယ်ဖြင့် ခံယူခဲ့သည်။ မီးလောင်ကျွမ်းမှု ဒဏ်ရာကြောင့် သူ အခုထိ နာကျင်ခံစားနေတုန်းပင်။ သူတို့ ပထမဆုံး တွေ့ခဲ့ရတုန်းက သူ့အပြုအမူနှင့် မည်သို့မျှ နှိုင်းယှဉ်လို့ မရပေ။
လော့မဲ့မဲ့က နေ့စဉ် ချစ်စရာကောင်းအောင် လုပ်ပြသည့် နည်းလမ်းအတိုင်း ဆက်လက် လုပ်ပြလို၍ ရုန်းကန်လှုပ်ရှားသည်။ သူက ထိုသို့ လုပ်ပြရာမှာ အလေ့အကျင့်ပင် ဖြစ်နေခဲ့ပြီ။ ထိုသို့ ချစ်စရာဟန် လုပ်ပြခြင်းက သူ့သခင်မလေး၏ ချစ်မြတ်နိုးမှုကို ဆက်လက် ရရှိမည်ဟူ၍ အပေါ်ယံအားဖြင့် သူ တွေးထင်ထားခဲ့သည်။
လော့မဲ့မဲ့က မျက်စိမှေး၍ ဂျန်ဝုရှီအား တမ်းတမ်းတတ ကြည့်နေမိသည်။ သူက နာကျင်နေရသည်။ ဒါကို ကြည့်နေရင်း ဂျန်ဝုရှီ၏ မျက်လုံးများက မချိတင်ကဲ ဖြစ်လာရသည်။ လော့မဲ့မဲ့အား တဖြည်းဖြည်း ခြုံလွှမ်းသွားစေဖို့ သူမ၏ ဝိညာဉ်စွမ်းအားကို စုစည်းလိုက်သည်။ သူမ၏ ထိတွေ့မှုကြောင့် လော့မဲ့မဲ့ နာကျင်မှု တစ်စုံတစ်ခုကိုပင် မဖြစ်စေရန် သူမ တားမြစ်သည်။
မလိုပါဘူး၊ ဒီလို လုပ်စရာ မလိုပါဘူး၊ အခု ကောင်းကောင်း အနားယူနော်၊ နင် မကြာခင် ပြန်ကောင်းလာမှာပါ ဂျန်ဝုရှီက လော့မဲ့မဲ့ကို တင်းတင်းကျပ်ကျပ် မပွေ့ဖက်ရဲပေ။ ထိလိုက်လျှင် နာကျင်ခံစားရမှာ စိုးရိမ်လို့ ဖြစ်သည်။ နာကျင်သဖြင့် မှေးစင်း၍ တစ်ဝက်သာ ပွင့်နေသော လော့မဲ့မဲ့၏ မျက်လုံးများကို သူမ ကြည့်ရုံသာ ကြည့်၍ နူးညံ့ချိုသာစွာ တိုးတိုး ပြောသည်။
မက်... လော့မဲ့မဲ့က နားလည်ပုံ မပေါ်ချေ။ ဘာ့ကြောင့် ဂျန်ဝုရှီက သူ့အား အရင်လို ချစ်မြတ်နိုးစွာ မဖက်လိုတာလဲ, သူ နားမလည်ချေ။
(အရင်တုန်းက သူ့သခင်မလေးက ဒီလိုလုပ်ရတာ အရမ်း ကျေနပ်ခဲ့တယ် မဟုတ်လား။)
သူ အရမ်း ပင်ပန်းနေတာ ဖြစ်ရမည်။ သို့မဟုတ် အရမ်း နာကျင်ခံစားနေတာ ဖြစ်ရမည်။ လော့မဲ့မဲ့က အသံတိုးတိုးလေး မြည်တမ်းပြီးနောက် နောက်တစ်ကြိမ် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားလေ၏။ သူ့ခန္ဓာကိုယ်လေးကို လုံခြုံစိတ်ချစေရန် တင်းကျပ်စွာ ကွေးထားလိုသည်။ သို့သော် ဆိုးဆိုးရွားရွား မီးလောင်ထားသော သူ့အရေပြားက ထိုအချိန်မှာ ကွေးဆန့်နိုင်သော အစွမ်း မရှိချေ။ ကွေးဆန့်လိုက်သည်နှင့် စုတ်ပြဲ၍ ဒဏ်ရာများ ဟ,လာသည်။ ဒါက အတော့်ကို နာကျင်ခံစားရသည်။ ထို့ကြောင့် လော့မဲ့မဲ့က ဂျန်ဝုရှီ၏ လက်မောင်းထဲမှာ လှဲနေရုံသာ လှဲနေလိုက်တော့သည်။ သူ့ခန္ဓာကိုယ်က တောင့်တောင့်ကြီးသာ ဖြစ်နေသည်။
ငါ မင်းကို သိုးငတုံးလို့ ဘယ်တော့မှ မခေါ်တော့ပါဘူးကွာ၊ မင်း အမြန်ဆုံး ပြန်ကောင်းရမယ်နော် ကြောင်နက်လေးက ဂျန်ဝုရှီ၏ ပေါင်ပေါ်သို့ တက်လာသည်။ သူက ဖြည်းဖြည်းချင်း အိပ်ပျော်နေသော လော့မဲ့မဲ့ထံ ကပ်သွားသည်။ သို့သော် မထိမိစေရန် ဂရုစိုက်သည်။ သူတို့ကြားမှာ ဖြစ်နိုင်သမျှ သေးငယ်သော အကွာအဝေးကို ချဲထားသည်။ သိုးငယ်လေးနားမှာ သူက ခင်မင်ရင်းနှီးစွာ ရစ်သီရစ်သီ လုပ်နေသည်။
လော့မဲ့မဲ့က ဂျန်ဝုရှီကို ကာကွယ်ပေးဖို့ သူ့ခန္ဓာကိုယ်ကို စွန့်လွှတ် အနစ်နာခံခဲ့ကတည်းက ကြောင်နက်လေးက သိုးငယ်လေးကို သူ့မိတ်ဆွေလို သူ့တွဲဖက်သူငယ်ချင်းလို လက်ခံခဲ့သည်။
နေ့ရက်များက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။ ခက်ခဲကြမ်းတမ်းသော ခရီးက ပြီးဆုံးသွားလေပြီ။ နောက်ဆုံးတော့ မိုးကုပ်စက်ဝိုင်းမှ ချန်လင်းမြို့၏ ပုံရိပ်ကို သူတို့ မြင်လာကြရပြီ။
ချန်လင်းမြို့သို့ ရောက်ပြီးပြီးချင်း ဂျန်ဝုရှီက တည်းခိုခန်းသို့ အပြေးအလွှားသွားကာ အခန်းတစ်ခုကို ငှားရမ်းသည်။ ထို့နောက် သူမက လော့မဲ့မဲ့ကို နူးညံ့သော အိပ်ရာပေါ်မှာ တင်ပေး၍ လော့မဲ့မဲ့အား ဂရုစိုက်ထားရန် ကြောင်နက်လေးအား မှာထားခဲ့သည်။ သူမသိကျွမ်းသော ချန်လင်းလေလံအိမ်တော်သို့ သူမ တိုက်ရိုက်သွားသည်။ လေလံအိမ်တော်က ချန်လင်းမြို့တော်တစ်ခုလုံးတွင် ရှားပါး၍ အဖိုးတန်သော ဆေးဖက်ဝင်များကို အများအပြား သိမ်းဆည်းထားသော နေရာတစ်ခု ဖြစ်သည်။
လေညင်းကျောင်းတော်သို့ သူတို့ မပြန်ခင်, အရင်ဆုံး လော့မဲ့မဲ့၏ အနေအထားကို တည်ငြိမ်အောင် လုပ်ဖို့ လိုအပ်သည်။
ကျောက်ချူတို့က ပင်ပန်းနေကြသည်။ သို့သော် ဌာနခွဲမှ တပည့်များကို မဟာဌာနသို့ ပြောင်းရွှေ့ဖို့ အရည်အချင်းစစ် စာမေးပွဲက ရက်အနည်းငယ်သာ ကျန်တော့သည်။ သူတို့ ပြန်ရောက်ရောက်ချင်း နင်ရူလက်ထဲမှ မြေပုံကို အလစ်သုတ်ဖို့ အစောပိုင်းက ရည်ရွယ်ထားခဲ့ကြသည်။ သို့သော် မိုးကောင်းကင်အဆုံး ချောက်နက်ထဲမှာ သူတို့ စဉ်းစားထားတာထက် ပိုမို၍ အချိန် ကုန်ခဲ့ကြသည်။ ရွေးချယ်ပွဲက သူတို့ ပြန်ရောက်သည်နှင့် စတင်တော့မည် ဖြစ်သည်။ ထို့ပြင်, ဂျန်ဝုရှီက လော့မဲ့မဲ့ကို အရင်ဆုံး ကုသပေးဖို့ လိုအပ်နေသည်။ သူတို့ လတ်တလော ရေးကြီးသုတ်ပျာ ဖြစ်စရာ မလိုသေးဟူ၍ ထင်မြင်ယူဆကြသည်။
ဂျန်ဝုရှီနှင့် ဖန်ဇိုကို အလောတကြီး နှုတ်ဆက်၍ ကျောက်ချူနှင့် တခြားလူများက ချက်ချင်းပင် ဌာနခွဲသို့ ပြန်သွားကြသည်။ လာမည့် ရွေးချယ်ပွဲအတွက် သူတို့ကိုယ် သူတို့ ပြင်ဆင်ထားရန် ဖြစ်သည်။