၆၇၇။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၂)
ယဲ့မေ့ ထွက်ခွာသွားတာကို ကျောက်ချူတို့က များများစားစား စိတ်ထဲ မထားပေ။ လေပြင်းမုန်တိုင်းကြောင့် သူတို့ တကွဲတပြားစီ လွင့်ထွက်သွားပြီးနောက် သူတို့အားလုံး ဒဏ်ရာ ကိုယ်စီ ရထားခဲ့ကြသည်။ သူတို့အတွက် ကံကောင်းသွားတာက, သူတို့ ချောက်နက်ထဲ မဆင်းခင်မှာ ဂျန်ဝုရှီက သူတို့အား ဆေးဝါးများ ပေးထားခဲ့သည်။ ထို့ကြောင့် သူတို့ အချိန်တိုအတွင်းမှာ အနည်းငယ် ပြန်လည် သက်သာလာခဲ့ကြပြီး ဒီလောက် မြန်မြန်ဆန်ဆန် ရှာဖွေမှုကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
အလွန်ကြာမြင့်စွာ မရပ်မနား ရှာဖွေနေရသဖြင့် သူတို့ ခြေထောက်များ နာကျင် ပင်ပန်းနေကြလေပြီ။ စိုထိုင်း အေးစက်သော လေအေးက သူတို့ ခန္ဓာကိုယ်ထဲ ဝင်ရောက် မွှေနှောက်နေကြပြန်သည်။ သူတို့ ရှေ့ဆက်ဖို့ ဒဏ်ရာများကြောင့်လည်း နှေးကွေးနေရပြန်သည်။
ပိတ်မှောင်ကာဆီးထားသော မြူထုအောက်တွင် သူတို့ တဖြည်းဖြည်းချင်း ရှာဖွေလာခဲ့ပြီး နောက်ဆုံးတွင် မြေပြင်အနေအထား ပြောင်းလဲသွားတာကို သူတို့ တွေ့မြင်လိုက်ကြသည်။ ၎င်းမြေပြင်မှာ မည်သည့် ရေညှိမျှ ကပ်ငြိမနေချေ။ မီးလောင်ကျွမ်း၍ မဲနက်နေသော မြေပြင်တွင် ရိုးစင်း၍ အကြမ်းထည်ဆန်သော ကျောက်တုံးအိမ်တစ်လုံးကို သူတို့ တွေ့လိုက်ကြသည်။
ဒါ အိမ်တစ်လုံးလား၊ ငါ့မျက်လုံးတွေ ငါ့ကို လှည့်စားနေတာလား ကျောက်ချူက သူ့မျက်လုံးများကို သဲသဲမဲမဲ ပွတ်သပ်၍ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။
(ပင်ပန်းနွမ်းနယ်လွန်းတာကြောင့် ထင်ယောင်ထင်မှား ဖြစ်သွားတာလား၊ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ဗြဲလရမ်းဖြစ်နေတဲ့ ချောက်နက်အောက်ခြေမှာ အိမ်တစ်လုံး ပေါ်ထွက်လာတာက မဖြစ်နိုင်ဘူးမို့လား။)
ငါ ကျီစယ်နေတာ မဟုတ်ဘူး၊ မင်းမျက်လုံးတွေ အကောင်းအတိုင်း ရှိသေးတယ်၊ ဘာလို့လဲဆိုတော့... ငါလည်းပဲ မြင်နေရလို့ပဲ ဖေးယန်က ကျောက်ချူ၏ လက်မောင်းကို ဆွဲလှုပ်၍ ပြောသည်။
ကျောက်တုံးအိမ်က ရုတ်တရက် ပေါ်ထွက်လာသဖြင့် သူတို့ သိချင်စိတ် ပြင်းထန်သွားပြီး ကျောက်တုံးအိမ်သို့ သွားရန် ဟန်ပြင်စဉ် ယဲ့ရှက သူတို့ သွားလမ်းကို ကာထားလိုက်သည်။
အကိုကြီး ယဲ့ရှ, ဘာဖြစ်လို့လဲ ဖန်ဇိုက ယဲ့ရှ၏ စိုးရိမ်တကြီး အမူအရာကို သတိပြုမိ၍ မေးသည်။
ယဲ့ရှက မျက်မှောင်ကြုတ်၍ ကျောက်တုံးအိမ်ကို စူးစိုက်ကြည့်သည်။
အဲအိမ်ထဲမှာ တစ်ယောက်ယောက် ရှိနေတယ်။
ချောက်နက်အောက်ခြေသို့ အလင်းရောင် မရောက်ရှိပေ။ သူတို့က ကျောက်တုံးအိမ်နှင့် ဝေးကွာနေဆဲပင်။ ၎င်းကျောက်တုံးအိမ်က သူတို့၏ ဝိညာဉ်မီးလုံးအလင်းရောင် မရောက်ရှိသော အကွာအဝေးမှာ ရှိနေကြောင်း သူတို့ သတိပြုမိသွားသည်။ သို့သော် သူတို့ ၎င်းအိမ်ကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။ အလင်းရောင်အမျှင်အတန်းများက အိမ်ထဲမှ ထွက်ပေါ်လာပြီး အတွင်းဘက် အက်ရာများမှ တဆင့် အလင်းရောင် တောက်နေခြင်း ဖြစ်သည်။ သူတို့ရှေ့ရှိ အမှောင်ထုထဲဝယ် ၎င်းအိမ်ကိုယ်တိုင်က မှိန်ပျပျ ပုံသဏ္ဌာန် ထွက်ပေါ်နေခြင်း ဖြစ်သည်။
ယဲ့ရှ၏ စကားကြောင့် သူတို့ ခြေလှမ်းများ ရပ်တန့်သွားကြသည်။
ကျောက်ချူက ချက်ချင်းပင် စိတ်လှုပ်ရှားတက်ကြွစွာ တအံ့တဩ ပြောဆိုလာသည် ဒါ ရှီလေးပဲ၊ ဒါ ရှီလေးပဲ ဖြစ်ရမယ်၊ ငါတို့ သူ့ကို ရှာမတွေ့တာ ဘာ့ကြောင့်လဲဆိုတော့, သူက ဒီလို နေရာမှာ ရှိနေလို့ ရှာမတွေ့တာပဲ ဖြစ်ရမယ် ကျောက်ချူက ပျော်ရွှင်စွာ ကျောက်တုံးအိမ်သို့ အပြေးအလွှားသွားရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် ယဲ့ရှက သူ့ကို ပြန်ဆွဲခေါ်လိုက်သည်။
အိမ်ထဲက အဲလူက ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်ပဲ ယဲ့ရှက မျက်မှောင်ကြုတ်လျက် သတိပေးလိုက်သည်။ သူ ပထမဆုံး ကျောက်တုံးအိမ်ကို မြင်စဉ်မှာ ကျောက်ချူလိုပင် အတွေးပေါက်ခဲ့သည်။ သို့သော် အပြေးအလွှားသွားခါနီးမှာ ထိုအိမ်ထဲမှ ခရမ်းရောင်ဝိညာဉ်စွမ်းအားကို ထောက်လှမ်းမိလိုက်သည်။ ထိုဝိညာဉ်စွမ်းအား၏ အော်ရာက သံသယဖြစ်ဖွယ်မရှိ ခရမ်းရောင်ဝိညာဉ်စွမ်းအား ဖြစ်သည်။
ဘယ်လို ကျောက်ချူက ရုတ်တရက် တုန်လှုပ်သွားသည်။
ဂျန်ဝုရှီက အဝါရောင်ဝိညာဉ်စွမ်းအားကိုသာ ပိုင်ဆိုင်ထားသည်။ ထိုအိမ်ထဲက လူက တကယ်ပင် ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်သာ ဖြစ်လျှင်, ထိုလူက ဂျန်ဝုရှီ လုံးဝ မဖြစ်နိုင်တော့ပေ။
ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင် အစစ်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲလူက ခရမ်းရောင်ဝိညာဉ်စွမ်းအားအဆင့်ထိ သူ့ဝိညာဉ်စွမ်းအားကို နည်းလမ်းအတိုင်း တိုးမြှင့်ထားသူပဲ ယဲ့ရှ၏ မျက်လုံးများ တဖျတ်ဖျတ် ဖြစ်သွားသည်။ သူ စကားပြောနေရင်း သူ့မျက်လုံးများက အေးစက်စက် အလင်းတောက်သွားသည်။
ယဲ့ရှစကားကို ကြားပြီးနောက် ကျောက်ချူနှင့် တခြားသူများ၏ မျက်နှာမှ အပြုံးများ ချက်ချင်းပင် တောင့်တင်းသွားကြသည်။
သူတို့၏ ဝိညာဉ်စွမ်းအားကို ခရမ်းရောင်ဝိညာဉ်စွမ်းအားအဆင့်သို့ မြှင့်တင်နိုင်သူ ဆိုလျှင် အလယ်ဘုံမှ တစ်စုံတစ်ယောက်သာ ဖြစ်ရမည်။
အလယ်ဘုံက တစ်ယောက်ယောက်လား... ဟွာယောင်းက ကျောက်တုံးအိမ်ကို စူးစိုက်ကြည့်လျက် ပြောသည်။
ဖြစ်နိုင်လောက်တယ် ယဲ့ရှက ခေါင်းညိတ်ပြသည်။
ရှောင်သွားရမလား ဖန်ဇိုက မေးသည်။ သူက ထိုသို့ ပြောသော်လည်း သူ့အမူအရာက အေးစက်စက် ဖြစ်သွားပြိး သတ်ဖြတ်ချင်စိတ် ပေါ်လာသည်။
ဒီချောက်နက်သို့ လာရောက်သူများက နန်းတော်ဆယ့်နှစ်ခုမှ လူများသာ ဖြစ်ကြသည်။ သူတို့အားလုံးက နန်းတော်ဆယ့်နှစ်ခုအပေါ်မှာ မကျေနိုင်သော ရန်ငြိုးများ ရှိကြသည်။ သူတို့ မည်သည့်နည်းဖြင့် ထိန်းချုပ်နိုင်အံ့နည်း။
ဒီလောက် ကောင်းပြီး တမူထူးခြားတဲ့ ကျောက်တုံးအိမ်ကို နန်းတော်ဆယ့်နှစ်ခု အမှိုက်ကောင်တွေ လက်ထဲမှာ မဖြုန်းတီးသင့်ဘူး ကျောက်ချူက နှာခေါင်းရှုံ့လျက် ပြောသည်။
ထိုအခိုက်မှာ သူတို့အားလုံး၏ သုံးသပ်ချက်က တစ်ညီတစ်ညွတ်တည်း ဖြစ်သည်။ သူတို့၏ ဝိညာဉ်စွမ်းအားများကို စုစည်း၍ တစ်ပြိုင်နက် ကျောက်တုံးအိမ်သို့ သူတို့ ချည်းကပ်သွားကြသည်။
အိမ်ထဲမှာ လူတစ်ယောက်တည်းသာဟု ယဲ့ရှ ပြောထားသည်။ သူက ခရမ်းရောင်ဝိညာဉ်စွမ်းအား အစစ်အမှန် ပိုင်ဆိုင်ထားသူလည်း မဟုတ်ပေ။ ထို့ကြောင့် သူတို့အားလုံး၏ ခန္ဓာကိုယ်များက ကောင်းမွန်သည့် အနေအထားမှာ မရှိကြသေးသော်လည်း, သူတို့အားလုံး စုပေါင်းလိုက်လျှင် ထိုလူနှင့် ယှဉ်ပြိုင်လို့ ရတာထက်ပင် ပိုနေသေးသည်။