၆၃၂။ ချန်လင်းမြို့သို့ နောက်တစ်ခေါက်(၂)
သခင်လေးဂျန်, ခင်ဗျား ရောက်လာပြီပဲ မုကွိုင်ဖန်၏ လေသံက အပျော်များဖြင့် ပြည့်နေသည်။
ဂျန်ဝုရှီက အသာအယာ ခေါင်းညိတ်ပြလျက် အသိအမှတ်ပြုလိုက်သည်။
မုကွိုင်ဖန်က အမြန်အဆန် နောက်ဆုတ်၍ စိတ်အားထက်သန်စွာ အိမ်ထဲသို့ ဖိတ်ခေါ်သည် အိမ်ထဲ ဝင်ပြီး ထိုင်ကြပါ။
ဂျန်ဝုရှီနှင့် သူမအဖွဲ့က အိမ်ထဲသို့ ဝင်ကြသည်။ အိမ်တွင်းပိုင်းက အိမ်ပြင်ပိုင်းထက်ပင် ပိုမို၍ စုတ်ပြတ်နေသည်။ ဟောင်းနွမ်း စုတ်ချာနေသော သစ်သားကုတင်တစ်လုံး, ယိုင်နဲ့နေသော သစ်သားစားပွဲနှင့် ကုလားထိုင်မျှသာ ရှိသည်။ အိမ်တစ်ခုလုံးကို နံရံလေးဘက်သာ ရှိ၏ဟူ၍ ပြောလို့ပင် ရသည်။
ဟင်း... ဘာလို့ ဒီလိုမျိုး ရင်းနှီးတဲ့ ခံစားချက်မျိုး ငါတို့ ရနေပါလိမ့် ကျောက်ချူက စုတ်ချာလွန်းသော အခန်းကို ပတ်ပတ်လည် ဝေ့ဝိုက်ကြည့်လျှင် သူတို့ ဂျန်ဝုရှီနှင့် မတွေ့ခင်တုန်းက ခက်ခဲသော နေ့ရက်များကို ပြန်လည် သတိရသွားသည်။
ထိုနှစ်များမှာ သူတို့အားလုံး၏ အခြေအနေက မုကွိုင်ဖန်ထက်တော့ အတော်ကြီး ကောင်းနေသေးသည်။
ခင်ဗျား ကျောက်တုံးနက်ကနေ ပိုက်ဆံအများကြီး ရထားတာ မဟုတ်ဘူးလား, ဘာလို့.... ကျောက်ချူက မုကွိုင်ဖန်ကို အံ့အားတသင့် ကြည့်လျက် မေးသည်။
ကျောက်တုံးနက်ကို သိန်းပေါင်းအတော်များများဖြင့် ရောင်းချခဲ့သည်။ ၎င်းပမာဏက သေးငယ်သည် မဟုတ်ပေ။ ၎င်းငွေများမှာ ထောင်အနည်းငယ်လောက် ယူထားလျှင်တောင် မုကွိုင်ဖန်၏ နေ့ရက်များက လွယ်ကူသက်သာနိုင်သည်။
မုကွိုင်ဖန်က သူ့ရှေ့ရှိ လူငယ်များအား တလေးတစား ဆက်ဆံသည်။ သူ၏ ဆင်းရဲမွဲတေမှုကြောင့် သူ အနည်းငယ် ရှက်လျက် ပြောသည် အဲပိုက်ဆံတွေ အကုန်လုံးကို ကျုပ်ရဲ့ သေတူရှင်ဖက် သူငယ်ချင်းတွေရဲ့ မိသားစုတွေကို မျှပေးလိုက်တယ်၊ သူငယ်ချင်းအများစုက သူတို့မိသားစုထဲမှာ အဓိက ရှာဖွေကျွေးမွေးကြသူတွေ ဖြစ်ကြတယ်၊ တချို့မိသားစုတွေမှာ အသက်ကြီးပိုင်းတွေနဲ့ တချို့မိသားစုတွေမှာ ကလေးတွေနဲ့၊ သူငယ်ချင်းတွေရဲ့ ဝင်ငွေကိုသာ သူတို့ မှီခိုနေကြရတာ၊ သူငယ်ချင်းတွေက အခု လောကကြီးထဲမှာ မရှိတော့ဘူးလေ၊ မိဘမဲ့ ကလေးတွေနဲ့ မုဆိုးမတွေပဲ ကျန်ရစ်ခဲ့တော့တယ်၊ သူတို့ကို ဂရုစိုက်မဲ့သူလည်း တစ်ယောက်မှ မရှိကြတော့ဘူး၊ ဒီတော့ ကျုပ်က အဲပိုက်ဆံတွေကို ကိုယ့်အတွက် ဘာလို့ ယူထားရတော့မှာလဲ၊ အနည်းဆုံးတော့ ကျုပ် အသက်ရှင်သန်နေသေးတယ်၊ ကိုယ့်ကိုယ်ကို ရှင်သန်ရပ်တည်နိုင်သေးတယ်၊ သူတို့ မိသားစုတွေက ကျုပ် လိုအပ်တာထက် ပိုပြီး ပိုက်ဆံ လိုအပ်နေကြတယ်။
မုကွိုင်ဖန်က လေလံအိမ်တော်မှ ရရှိလာသော ပိုက်ဆံအားလုံးကိုသာ ပေးသည် မဟုတ်ဘဲ, သူ နှစ်များစွာ ခက်ခက်ခဲခဲ ရှာဖွေ၍ သိမ်းဆည်းထားခဲ့သော ငွေကြေးများကိုလည်း သူ့အတွက် တစ်ပြားတစ်ချပ်ပင် မချန်ထားဘဲ အကုန်ပေးလိုက်သည်။
ကျောက်ချူနှင့် ဖေးယန်က အချင်းချင်း အကြည့် ဖလှယ်လိုက်ကြသည်။ သူတို့မျက်လုံးများက သနားခြင်းဖြင့် ပြည့်နေသည်။ မုကွိုင်ဖန်အား သူတို့ လေးလည်း လေးစားသွားကြသည်။
မုကွိုင်ဖန်က ချို့တဲ့ ဆင်းရဲသူသာ ဖြစ်သည်။ သို့သော် ပိုက်ဆံများကို သူ့အတွက် ကြေးပြားတစ်ချပ်ကိုပင် မယူခဲ့ပေ။ လောကကြီးမှ ထွက်ခွာသွားသော သူ့အပေါင်းအသင်းများအား သူ အရမ်း ရှက်နေမိသည်။ သူ့ညီအကိုများ၏ အသက်ဖြင့် လဲလှယ်ပြီး ရရှိလာသော ငွေကြေးများကို တို့ထိသည်ထက် သူ ဆင်းဆင်းရဲရဲ နေဖို့သာ လိုလားသည်။
ကျောက်ချူနှင့် ဖေးယန်တို့၏ သနားသော မျက်လုံးများကြောင့် မုကွိုင်ဖန်က ပိုမို၍ ရှက်လာသည် ထင်ရ၏။
ကျုပ်နေရာက အတော်လေး ကျဉ်းမြောင်းတယ်၊ ကျုပ်ကို ခွင့်လွှတ်ပေးပါ၊ မင်းတို့... ထိုင်ချင်မလားတော့ မသိ.... မုကွိုင်ဖန်က သူ့အိပ်ရာသို့ အမြန် လျှောက်သွား၍ မလျှော်မဖွတ်တာ ကြာသဖြင့် မဲညစ်နေသော စောင်ကို ရုပ်သိမ်းလိုက်သည်။ သူက ခနော်နီခနော်နဲ့ အိပ်ရာလေးကို လက်ဖြင့် တောင့်တင်းအောင် ပြန်လုပ်၍ ရှက်ရှက်ဖြင့် ဘေးသို့ ဖယ်ပေးသည်။ ကျောက်ချူတို့ ထိုင်ရန် သူ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
မုကွိုင်ဖန်၏ ယင်းသို့သော အခြေအနေကို မြင်ရလျှင် ကျောက်ချူက မွန်းကျပ်စွာ ခံစားလိုက်ရသည်။
ကျောက်ချူအနေဖြင့် လူတစ်ယောက်က မည်မျှလောက် ချမ်းသာနေပါစေ, မည်မျှလောက်ပင် စွမ်းအားထက်နေပါစေ, အရေးမကြီးပေ။ လူတစ်ယောက်၏ စိတ်နှလုံးက မည်မျှလောက် ဖြူစင်ရိုးသားသလဲဆိုတာသာ အရေးကြီးသည်။
မုကွိုင်ဖန်ကို ဖြောင့်မတ်ပြီး တာဝန်ယူနိုင်သော ရင့်ကျက်သည့် လူအဖြစ် သူ မြင်သည်။ သူကိုယ်တိုင် ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေထိုင်သည်။ သို့သော် သူ့လက်ထဲမှာ ပိုက်ဆံ နည်းနည်းလေး ထားဖို့ပင် မြှူဆွယ်မခံရပေ။ မုကွိုင်ဖန်၏ စွမ်းအားနှင့် စွမ်းရည်ကို မကြည့်ဘဲ ကွယ်လွန်သွားကြသော သူ့ညီအကိုများ၏ မိသားစုများအပေါ် ကိုယ်ကျိုးမငဲ့ စွန့်လွှတ်ရဲသည့် လုပ်ဆောင်ချက်ကို ကြည့်လျှင်ပင် ကျောက်ချူတို့အား နက်နက်ရှိုင်းရှိုင်း လေးစားသွားစေခဲ့သည်။
ဂျန်ဝုရှီက အိမ်အတွင်းကို စေ့စေ့စပ်စပ် ပတ်လည် ဝိုက်ကြည့်လိုက်ပြီးနောက် တုံးတိတိ ပြောလိုက်သည်။
အကုန် ထွက် ထို့နောက် သူမ လှည့်ထွက်သွားသည်။
မုကွိုင်ဖန် ပိုမို၍ အရှက်သည်းသွားသည်။ သူ့အိမ်လို နေရာမျိုးသို့ ဧည့်သည်များကို မဖိတ်မံသင့်ကြောင့် သူ ကောင်းကောင်း သိသည်။ သူ့ရှေ့ရှိ လူငယ်များက ငယ်ရွယ်ကြသော်လည်း သူတို့ အဝတ်အစားများကို ကြည့်ပြီး ဆုံးဖြတ်ရလျှင် သူတို့၏ နောက်ခံက သာမန်မဟုတ်မှန်း သူ သိသည်။
ကျောက်ချူတို့က နာခံကာ ထွက်လာသည်။ မုကွိုင်ဖန်လည်း လိုက်ပါလာသည်။ မုကွိုင်ဖန်က အိမ်မှ ထွက်လာပြီးလျှင် သူ့အိမ်တံခါးကို ဂရုတစိုက် ပြန်ပိတ်သည်။
သူ့ ဒဏ်ရာများက ပြန်မကောင်းသေးချေ။ ဝင်ငွေအတွက် အလုပ်လည်း မရှာနိုင်သေးပေ။ ဒီသေးငယ်သော အိမ်လေးက လေနှင့် မိုးကို ကာကွယ်ပေးသော သူ့ကွန်းခိုရာ ဖြစ်သည်။
သို့သော်ငြား မုကွိုင်ဖန်က သူ့အိမ်လေးမှ အဝေးသို့ လှမ်းထွက်လိုက်သည်နှင့် ဂျန်ဝုရှီက မီးစတစ်ခုကို သူမအိတ်ထဲမှ ဆွဲထုတ်၍ မီးညှိလိုက်သည်။ ထို့နောက် ခဏအကြာမှာ ၎င်းမီးစကို မုကွိုင်ဖန်၏ အိမ်ခေါင်မိုးပေါ်သို့ ပစ်တင်၍ မီးရှို့လိုက်တော့သည်။