၆၀၃။ ၇ခုမြောက် ရိုက်ချက်-၁၀
ဖန်ဂျင်က ဖန်ချီကို ကြည့်လျက် မေးရိုးကြီးများ ထောင်ထလာသည်။ သူက မည်သို့မျှ ပြန်မပြောဘဲ ခေါင်းငုံ့ထားလိုက်သည်။
သူ၏ တည်ကြည်လေးနက်သော တိတ်ဆိတ်ခြင်းက သူ့သိချင်စိတ်ကို အတည်ပြုပေးသောအားဖြင့် ကျယ်ကျယ်လောင်လောင် ပြောပြလိုက်တာနှင့် အတူတူပင်။
ထိုခဏမှာ မိုးကြိုးအစင်းပေါင်း မြောက်များစွာ သူ့ခေါင်းပေါ်ကို ပစ်ချလိုက်သလို သူ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ကြောကခမန်းလိလိ ယိမ်းထိုးသွားသည်။ ဖန်ဂျင် အပြေးအလွှား သူ့ဖခင်ကို ထိန်းပေးလိုက်ရသည်။
ငါ့ရှီလေး... ဘာလို့ ဒီလို လုပ်ရတာလဲကွယ်... ဘာလို့လဲ..... ဖန်ချီက နင်ရှင်းကို ကြည့်လျက် သူ့နှလုံးသား ကွဲကြေသွားသလို ခံစားလိုက်ရသည်။ သူ့မျက်လုံးများ နီရဲသွားသည်။
နင်ရှင်း၏ မျက်လုံးများ အကြောက်တရားကြောင့် ပြူးကျယ်သွားကြသည်။ ကိစ္စရပ်များက ဒီလိုများ ပြောင်းပြန် ဖြစ်သွားလိမ့်မည်ဟူ၍ သူ ထင်မှတ်မထားမိခဲ့ပေ။ အမြဲတမ်း သူမစကားကို နားထောင်ခဲ့သော ယင်ယန်က ဒီလို အရေးကြီးကိစ္စရပ်မှာမှ သူမကို ပြန်လည် ဖဲ့မည်ဟု သူမ တွေးမထားဖူးခဲ့ပေ။ သူမ၏ တခြား သွေလှန်ဖောက်ပြားသော စီမံကိန်းများကိုလည်း အကုန် ဖော်ထုတ်ပြောပြသွားသည်။
ဂျန်ဝုရှီက သူမကို လွှတ်ပေးမည်ဆိုလျှင်တောင်, ဖန်ချီက သူမကို ဒီအတိုင်း ထားမည်မဟုတ်တော့ပေ။ ကိစ္စရပ်များက ဒီလိုမျိုး အဆင့်အထိ ရောက်ရှိသွားရလေပြီ။ ထို့ပြင် လေညင်းကျောင်းတော်ရှိ ကျောင်းသားများ အားလုံးက သူမကို အခု လုံးလုံး အထင်သေး စက်ဆုပ်ရွံ့ရှာသော မျက်လုံးများဖြင့် ကြည့်လာကြသည်။
ဒါက ပြီးဆုံးသွားပြီ။
အကုန် အဆုံးသတ်သွားပြီ။
သူမ တစ်ချိန်လုံး လုပ်ဆောင်ထားချက်မှန်သမျှ ဒီအချိန်လေးမှာတင် အဆုံးသတ်သွားရလေပြီ။
သူမ၏ ကမ္ဘာတစ်ခုလုံး မှုန့်မှုန့်ညက်ညက် ကျိုးကြေသွားသလို ခံစားလာသဖြင့် သူမ နင်ရူကို သိုသိုသိပ်သိပ်ဖြင့် လှည့်ကြည့်လိုက်သည်။
နင်ရူ၏ မျက်လုံးများကို မြင်လျှင် သူမ ပိုမို၍ စိတ်ပျက်အားငယ်သွားရသည်။
အဖေ.....
သူမကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီလား....
ဒါ မှန်သည်။ သူမမှာ လွတ်မြောက်ရာ လမ်း မရှိတော့ပေ။ ယင်ယန်က အရာအားလုံးကို ဖော်ထုတ်လိုက်သည့် ခဏမှာပင်, အသက်ရှင်သန်နိုင်ရန် အခွင့်အရေးမှန်သမျှ အကုန် ဖျက်ဆီးပြီး ဖြစ်သွားလေပြီ။
ပထမခြေလှမ်း မှားလိုက်တာနှင့် နောက်ထပ် ခြေလှမ်းများလည်း ဖရိုဖရဲနှင့် မှားယွင်းသွားရတော့သည်သာ။.
ဖန်ဂျင်၏ ဂုဏ်သိက္ခာ ပျက်စီးသွားအောင် ဂျန်ရှီကို သူမ အသုံးမပြုခဲ့လျှင်, သူတို့ ဒီလောက် မုန်းတီးခံရမည် မဟုတ်ပေ။ ထို့နောက် ဖန်ဂျင်၏ အဖွဲ့က လိပ်ပြာသားရဲ အမဲလိုက်ပွဲတွင် ကျောင်းသားများကို အဖွဲ့ဝင်အနေဖြင့် စုစည်းဖို့ ကျရှုံးသွားမည် မဟုတ်ပေ။ ဒါဆိုလျှင် သူတို့အဖွဲ့သို့ ဌာနခွဲမှာ ပုန်းလျှိုးနေသော ခရမ်းရောင်အဆင့် ဝိညာဉ်စွမ်းအားရှင်များက ပူးပေါင်းပါဝင်လာမည် မဟုတ်ကြပေ။
နောက်ဆုံးတွင် သူမ ရူလင်းစစ်သားများကို သတ်ဖြတ်ချိန်မှာ သူတို့လည်း ထိုအရေးအခင်းနှင့် တိုက်ဆိုင် ကြုံကြိုက်လာကြမည် မဟုတ်ပေ။
သူတို့အဖွဲ့ ပေါ်ပေါက်မလာလျှင်, ရူလင်းစစ်သားများ ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီး၏ တိုက်ခိုက်မှုကို ခုခံနိုင်ကြမည် မဟုတ်ပေ။ ဒါဆိုလျှင် ထိုနေ့ အဖြစ်အပျက်က အမြဲတမ်း လူမသိသူမသိ ဖြစ်သွားရစ်လိမ့်မည်။ သူမလည်း တခြားကျောင်းသားများ လေးစားကြည်ညိုရသော အမကြီးနင်အဖြစ် ဆက်လက် တည်ရှိသွားမည် ဖြစ်သည်။
နင်ရှင်းက လုံးဝ ရုန်းကန်လိုက်သော်လည်း လုံးဝ ရှုံးနိမ့်သွားပြီ ဖြစ်သဖြင့် ခါးခါးသီးသီး ရယ်မောလိုက်သည်။
အခြေအနေက ဒီအထိ ရောက်လာပြီဆိုတော့, ကျမတို့ရဲ့ ကျောင်းအုပ်ကြီး နှစ်ယောက် ပြောချင်တာများ ရှိပါသေးရဲ့လား ဂျန်ဝုရှီက ခေါင်းမော့၍ နင်ရူနှင့် ဖန်ချီကို မေးလိုက်သည်။
ဖန်ချီက မျက်စိမှိတ်ထားလိုက်သည်။ သူ့မှာ များများစားစား ပြောစရာ ဘာမျှ မရှိချေ။ နင်ရှင်း၏ သစ္စာမဲ့သော လုပ်ရပ်ကြောင့် သူ့နှလုံးသား နာကျင်ကိုက်ခဲနေသည်။
နင်ရူ၏ မျက်နှာက နက်မှောင်သွားသည်။ သူ ရုတ်တရက် ရှေ့တက်လာပြီး နင်ရှင်းကို ပါးဖြတ်ရိုက်လိုက်သည်။
နင်ရူ၏ ရိုက်ချက်က ပြင်းထန်လွန်းသဖြင့် ပါးမှာ လက်ငါးချောင်းရာ အစင်းလိုက် ထင်သွားပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာသည်။ ၎င်းပါးရိုက်လိုက်ခြင်းက နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။
မမလေး ဂျန်, ငါ , နင်ရူက ငါ့သမီးကို ကောင်းကောင်း မသွန်သင်မိဘူး၊ ဒါကပဲ သူမကို မမလေးရဲ့ လူတွေကို ပြစ်မှုကျူးလွန်ဖို့ အထိ ဖြစ်သွားခဲ့ရတယ်၊ ကနေ့က စပြီး နင်ရှင်းက ငါ့သမီး မဟုတ်တော့ဘူး၊ ပြီးတော့ မမလေးဂျန် သင့်တော်သလို စီမံနိုင်ပါတယ် နင်ရူက ဂျန်ဝုရှီရှေ့သို့ လျှောက်လှမ်းသွား၍ ခံ့ညားသည့် အသွင်ဖြင့် ကြေညာချက် ထုတ်လိုက်သည်။
ဂျန်ဝုရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူမက နင်ရူ၏ အပြုအမူကို လေ့လာဆန်းစစ်လိုက်သည်။ သူမမျက်လုံးများတွင် အေးစက်စက် အထင်သေးခြင်း အရိပ်အငွေ့များ ဖြတ်သန်းသွားသည်။
ဒါက လက်လျော့ဟန်ဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်လိုက်ခြင်း ဖြစ်သည်။
သူမသာ တခြားလူ ဆိုလျှင်, နင်ရူ၏ အပြုအမူနှင့် နင်ရှင်း၏ ဆိုးရွားစွာ နာကျင်ခံစားရမှု, ဒီနှစ်ခုကြောင့် နူးညံ့သွားပြီး နင်ရှင်းကို လွှတ်ပေးမှာ သေချာသည်။
သို့သော်...
ဂျန်ဝုရှီ၏ လှုပ်ရှားဆောင်ရွက်ပုံက သာမန်ပုံစံလို တွက်ချက်လို့ ရသည့် အနေအထားမှာ မရှိချေ။
လက်ထောက်ကျောင်းအုပ်ကြီးက ဒီစကားကို ပြောဆိုပေးမှတော့, ကျမ ရှင်ပြောတဲ့ အတိုင်း လိုက်နာပြီး လုပ်ဆောင်ပေးရမှာပေါ့။ ဂျန်ဝုရှီ၏ နှုတ်ခမ်းထောင့်စွန်းများက အထင်သေးဟန်ဖြင့် တွန့်တက်သွားကြသည်။
လောင်ချီ
ရှိ
နင်ရှင်းကို ဖမ်းချုပ်ပြီး စစ်ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်လိုက်။ ဂျန်ဝုရှီ အမိန့်ပေးလိုက်သည်။ သူမ၏ လက်လေးကို မြှောက်၍ နင်ရှင်းကို လောင်ချီထံ ပစ်ပေးလိုက်သည်။ နင်ရှင်းက ကြောက်လွန်းသဖြင့် အသိစိတ် ပျောက်လုမတတ် ဖြစ်နေသည်။
လောင်ချီက နင်ရှင်း၏ ပခုံးကို ဖမ်းကိုင်လိုက်သည်။ ထို့နောက် သေသေချာချာ ပြန်ဖြေလိုက်သည် ကျုပ် လုပ်ဆောင်လိုက်ပါ့မယ်။
ဂျန်ဝုရှီ၏ စကားများကို ကြားလိုက်ရလျှင် နင်ရူ၏ နှလုံးသားက ကျွံဆင်းသွားသည်။ သူက နင်ရှင်းကို ကယ်ဖို့ နောက်တစ်ကြိမ် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ သို့သော် ဂျန်ဝုရှီက ပုံမှန်မဟုတ်သော တုံ့ပြန်မှုကို လုပ်ဆောင်လိမ့်မည်ဟု သူ မျှော်လင့်မထားမိပေ။