၅၇၄။ ရောင်းရင်းကျောင်းသားကို သတ်ဖြတ်သူ - ၂
အမဲလိုက်ပွဲအတွင်း ရှုပ်ထွေးမှု ဖြစ်ပေါ်ခဲ့သည်။ ၎င်းဖြစ်ရပ်က လီဇီမုအား ဂျန်ဝုရှီက သူ့အဖွဲ့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သည်ဟု လူများကို ယုံကြည်သွားစေသည်။ ထို့ကြောင့် ဂျန်ဝုရှီ၏ ရည်ရွယ်ချက်က အပေါ်ယံ မြင်ရသလောက် မရိုးရှင်းဟူ၍လည်း တွေးတောသွားစေသည်။
ထို့ပြင် လီဇီမုက သူတို့နှင့် ပူးပေါင်းပြီး မကြာခင်မှာပင် တိုက်ပွဲတောအုပ်အတွင်း သေဆုံးသွားခဲ့သည်။ ဂျန်ဝုရှီ၏ အဖွဲ့တွင် လမ်းတစ်ဝက်မှ ပူးပေါင်းပါဝင်လာခဲ့သော လီဇီမုတစ်ယောက်တည်းသာ သေဆုံးသွားပြီး ဌာနခွဲမှ ကျောင်းသားများကတော့ ပွန်းရာခြစ်ရာပင် မရှိချေ။ ပုံမှန်မဟုတ်သော ဒီအနေအထားက ကျောင်းသားများအားလုံးကို နက်နက်နဲနဲ သံသယဝင်သွားစေခဲ့သည်။
လီဇီမုက တကယ်ပင် ဂျန်ရှီ သတ်တာကို ခံလိုက်ရတာ ဖြစ်ရမည်။
ဂျန်ရှီက အစကတည်းကပင် သူ့ကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့တာ ဖြစ်မည်။
ဖန်ဂျင်က ဂျန်ဝုရှီကို စိုးရိမ်ပူပန်စွာ ကြည့်သည်။ ထိုကောလာဟလများက လေညင်းကျောင်းတော် တစ်ခွင်တစ်ပြင် တောမီးလို ပျံ့နှံ့နေသည်။ ဖန်ဂျင်က အကောင်းဆုံး ကြိုးစားပြီး ဖိနှိပ်သော်လည်း မရာမထင်ခဲ့ပေ။ ကောလာဟလများက ပိုပြီး မြန်မြန်ဆန်ဆန် ပြင်းပြင်းထန်ထန် ပျံ့နှံ့သွားသဖြင့် ဂျန်ရှီက လီဇီမုကို မနာလို မုန်းတီးသောကြောင့် သတ်လိုက်တာဟူ၍ လူတိုင်းက စွဲစွဲမြဲမြဲ ယုံကြည်သွားကြသည်။
ရောင်းရင်းကျောင်းသားကို သတ်ပစ်ခြင်းဟူသော ကောလာလဟ စတင်ဖြစ်သည်မှ စပြီး ပုံရိပ်ပျက်စီးခြင်းနှင့် ဂယက်ရိုက်မှုက လူဝေဂျိုင် ထွက်သွားတုန်းက အချိန်နှင့် အလားတူနေသည်။ လူဝေဂျိုင်က နင်ရှင်းကို ရောင်းရင်းကျောင်းသားများကို သတ်ပစ်ရန် အကောက်ကြံသူဟူ၍ စွပ်စွဲထားခဲ့သည်။ သူမအကြံအစည် မအောင်မြင်သော်လည်း သူမ၏ ဂုဏ်သိက္ခာက အပိုင်းပိုင်းအစစ ကြေမွ ပျက်စီးသွားခဲ့သည်။
အခုလည်း ဂျန်ဝုရှီက ရောင်းရင်းကျောင်းသားကို သတ်ပစ်သူဟူ၍ တံဆိပ်အသစ် ကပ်ခံလိုက်ရပြန်သည်။ ငြင်းကွယ်လို့ မရသည့် အနေအထား ဖြစ်နေ၏။ ဂျန်ဝုရှီက လီဇီမုသေခြင်း၏ တကယ့် လက်သည်တရားခံ ဖြစ်နေသည်။ ဒီဂယက်ရိုက်မှုတစ်ခုလုံးက အတော့်ကို ဆိုးရွားလွန်းသည်။
ကျောင်းသားတစ်ယောက်က စက်ဆုပ်ဖွယ်ကောင်းသူ, စည်းကမ်းချိုးဖောက်သူဟူ၍ သတ်မှတ်ခံရလျှင် သူ အလွန်ဆုံး အခက်တွေ့မှာက မတိုးတက်ခြင်းသာ ဖြစ်သည်။ သို့သော် တစ်ယောက်ယောက်က ရောင်းရင်း ကျောင်းသားများကို သတ်ဖြတ်လိုသော စိတ်ထားမျိုး ရှိသည်ဟူ၍ ပေါ်ပေါက်သွားခဲ့လျှင်, ထိုကျောင်းသားကလည်း တကယ်ပင် သေဆုံးသွားခဲ့လျှင်, ကိစ္စက အရေးကြီးသွားလေပြီ။ လုံးဝကွဲပြားသော ကိစ္စရပ် ဖြစ်သွားလေပြီ။
လက်ရှိ ရက်များမှာ ဂျန်ရှီ ကျောင်းတော်မှ နှင်ထုတ်ခံရတော့မည်ဟူသော အကြောင်းက အပြောများသည်။ ထိုတီးတိုးတီးတိုး သဖန်းပိုးပြောဆိုချက်က ဖန်ချီ၏ နားသို့ပင် ရောက်ရှိလာခဲ့သည်။
ဂျန်ဝုရှီက ငြိမ်သက်စွာ နားထောင်နေသည်။ သူမမျက်နှာတွင် စိုးရိမ်ပူပန်မှု တစိုးတစိမျှ ရှိမနေချေ။
ရှီလေး, ငါတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်လဲ ဂျန်ရှီမှာ ကိုယ်ပိုင် အကြံအစည်ရှိမှန်း ဖန်ဂျင် သိသည်။ သူမ ဒီကိစ္စကို ပြောင်းပြန် လှန်ပစ်နိုင်ဖို့ သူ ဆုတောင်းမိသည်။
သို့သော် ဂျန်ဝုရှီက ဖန်ဂျင်ကို ခပ်ဖြည်းဖြည်း ကြည့်၍ စိုးရိမ်ပူပန်မှု မရှိသော လေသံဖြင့် ပြန်ပြောသည် သူတို့ ပြောနေကြတာ မှန်နေတာပဲလေ, ငါ သူ့ကို သတ်ခဲ့တာပဲကို။
ကောလာဟလက အမှန်အမှား ရောထွေးနေပြီး ချဲ့ကားလွန်းအားကြီးသည်။ သို့သော် အဖြစ်မှန်က တကယ့်အဖြစ်မှန်နှင့် သိပ် ကွာခြားလှသည်တော့ မဟုတ်ပေ။
သို့သော် ဒီအဖြစ်မှန်ကို အောင်မြင်စွာ ဖုံးကာထားတာ ရှိသည်။ ၎င်းက နောက်ကွယ်မှ ကြိုးကိုင်ခြယ်သူ၏ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ထားခြင်း ဖြစ်သည်။ နောက်ကွယ်မှ လူက ကျောင်းတော်တစ်ခုလုံးကို အနည်းငယ် စိတ်ဝင်စားစရာကောင်းသော အတုအယောင် ဇာတ်လမ်းကို ဖန်တီး၍ မွှေနှောက်ထားသည်။ သူမကို စက်ဆုပ်ဖွယ်ကောင်းသူ, ဝိညာဉ်ကုစားဌာနနေရာကို ခိုးယူသော်လည်း မရရှိခဲ့လို့ အငြိုးသိုသူအဖြစ်ဖြင့် ပုံဖော်ထားသည်။
ဂျန်ဝုရှီက လီဇီမုကို တကယ်ပင် သတ်ခဲ့သော်ငြား, နောက်ကွယ်မှ အစစ်အမှန် အကြောင်းပြချက်က ထိုကောလာဟလများ ပြောနေသည့် အတိုင်း ရှက်ဖွယ်လိလိ အကြောင်းအချက် တစ်ခုမျှ မပါရှိပေ။
ဖန်ဂျင်က ဂျန်ဝုရှီကို မည်သည့်စကား ပြန်ပြောရမှန်းပင် မသိတော့ချေ။
မှန်ပေ၏။ လီဇီမု အသတ်ခံရတာက ဂျန်ဝုရှီကြောင့် ဖြစ်သည်။ သို့သော် တကယ့် အစစ်အမှန် အကြောင်းပြချက်က သူ့အပေါ် အငြိုးထားလို့ မဟုတ်ချေ။
ဒါပေမဲ့ အဖြစ်မှန်က လူတိုင်း ပြောနေသလိုမှ မဟုတ်တာ, မင်းကိုယ်တိုင် သူတို့ကို ရှင်းမပြတော့ဘူးလား၊ ဒိတစ်ကြိမ် ရှုပ်ထွေးမှုက အလွန် လေးနက်တယ်၊ ငါ့အဖေတောင် နှိပ်ကွပ်လို့ မရဘူး၊ သူလည်း နည်းနည်းပါးပါးပဲ ပြောနိုင်တယ်၊ ဒီကိစ္စ ဒီအတိုင်းသာ ဆက်သွားရင်.... ဖန်ဂျင်က သူ့ခေါင်းကို မချင့်မရဲ တဗျင်းဗျင်း ကုတ်လိုက်သည်။ ဂျန်ဝုရှီ မည်သို့ ဒီလောက် တည်ငြိမ်နေနိုင်သလဲ သူ နားမလည်တော့ချေ။
သူမဂုဏ်သိက္ခာကို သူမ ဂရုမစိုက်ဘူးလော။
လေညင်းကျောင်းတော်ရှိ ကျောင်းသားများ အားလုံးက ဂုဏ်ကြီးသော နောက်ခံရှိကြသည်။ ကြီးကျယ်ခမ်းနားသော မိသားစုများမှ ဖြစ်ကြသည်။ ဒီအဖြစ်အပျက်သာ အပြင်သို့ ပေါက်ကြား၍ ပျံ့နှံ့သွားခဲ့လျှင်, သူမ၏ အနာဂတ်က မရေရာ မသေချာနိုင်တော့ပေ။
ဖန်ဂျင်က အကြီးအကျယ် လူမောစိတ်မော ဖြစ်ကာ စိုးရိမ်ပူပန်နေ၏။ သို့သော် ဒီကိစ္စတစ်ခုလုံး၏ သားကောင်ဖြစ်သော သူမက တကယ်ပင် တည်ငြိမ်အေးဆေးလွန်းသည်။
သူတို့ ဒီကိစ္စကို ပိုပြီး အရှိန်မြှင့်ချင်တယ်ဆိုရင်လည်း, သူတို့ လုပ်ရဲသလောက် လုပ်ခွင့်ပေးလိုက်ပါ၊ ငါ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲ သိပါတယ်၊ ဒါပေမဲ့ မှည့်ရင့်ချိန် မတန်သေးဘူး၊ ဒီကောလာဟလရဲ့ နောက်ကွယ်က သက်ဆိုင်သူ ဘယ်သူလဲဆိုတာကို ငါ မြင်ချင်တယ်လေ။ ဂျန်ဝုရှီက မျက်ခုံး အနည်းငယ် ပင့်၍ ပြောသည်။ သူမက ၎င်းလောလာဟလများကြောင့် သူမကိုယ်ကို သက်ရောက်ခံမည့်သူ မဟုတ်ပေ။
သူမ ပြန်လည် မွေးဖွားပြီးနောက်, ချီတိုင်းပြည်၏ နေပြည်တော်မှာ သူမ ရှိနေစဉ်, သူမ၏ မကောင်းသတင်းများက မကြားဝံ့ မနာသာ ပျံ့နှံ့ခဲ့သည် မဟုတ်လော။
Genius Doctor: Black Belly Miss by North Night
Translator: Han Thar Nyein
(ကနေ့အတွက် ငါးပိုင်းပါ။ ဘေးဘယာများ ကင်းဖို့ ဆုတောင်းပေးပါတယ်။ ဂရုလည်း စိုက်ကြပါခင်ဗျာ။
ဂျန်ဝုရှီအတွက် လေညင်းကျောင်းတော်ဆိုတာ ဒုတိယရောက်လာတဲ့ ကျောင်းတော်ပါ။ သိပ်အံ့ဩစရာ မရှိပါဘူး။ သူ့အတွက် ဆရာလည်း မရှိခဲ့ပါဘူး။ ဂူလီရှန်က သူမကို ဘာမှ သင်မပေးခဲ့ပါ။ သူမလည်း ဆရာလို့ အသိအမှတ် မပြုခဲ့ပါ။
သူမ အလယ်ဘုံကို သွားတော့မှ တတိယကျောင်းတော်ကို ရောက်ရှိပြီး သူမရဲ့ ဒုတိယမြောက် ဆရာနဲ့ တွေ့ရပါလိမ့်မယ်။ အဲကျမှ ဂျန်ဝုရှီက တကယ် သနားစရာကောင်းတဲ့ ဘဝကို ရောက်သွားပါလိမ့်မယ်။
သူမရဲ့ ပထမဆုံး ဆရာက ယန်ဘူဂွေ့၊ အရက်ကြိုက်သူ။ ဒုတိယဆရာလည်း အရက်ကြိုက်သူ။ သူမတော့ အရက်ကြိုက်သူ မဟုတ်ခဲ့ပေ။ ဆက်လက် ဖတ်ရှူအားပေးကြပါခင်ဗျာ။)