၅၂၂။ မုန်တိုင်းထန်ခြင်း-၁
လေညင်းကျောင်းတော်က အရင်လိုပင် ဘာမျှ မဖြစ်ဟန်ဖြင့် ငြိမ်သက်အေးချမ်းနေသည်။
အမဲလိုက်ပွဲက ပြီးဆုံးသွားပြီး တပည့်များ ပြန်လာကြသည်။ သူတို့က သက်သောင့်သက်သာ အနားယူကြသည်။ လိပ်ပြာသားရဲ အမဲလိုက်ပွဲ အတွေ့အကြုံကို သူတို့ စားမြုံ့ပြန် ပြောဆိုကြသည်။
သို့သော် တည်ငြိမ်အေးချမ်းသယောင်ယောင် ဖြစ်နေသော်ငြား ဒါက မုန်တိုင်းထန်ဖို့ အစပျိုးနေခြင်းသာ ဖြစ်သည်။
တပည့်များအားလုံးက လိပ်ပြာသားရဲတောအုပ် ခရီးစဉ်ကြောင့် အပြည့်အဝ ပြန်မကောင်းကြသေးချေ။ သူတို့ ပြန်ရောက်တာ နှစ်ရက်မျှသာ ရှိသေးသည်။ ထိုစဉ် အံ့အားသင့်ဖွယ် သတင်းက သူတို့နားထဲ ရောက်ရှိလာသည်။
အမဲလိုက်ပွဲမှ အချိန်မတန်ခင် ပြန်ဆုတ်လာကြသော လူဝေဂျိုင်နှင့် ၎င်းအဖွဲ့ကို အပြစ်ပေးသည့်အနေဖြင့် လေညင်းကျောင်းတော်မှ နှင်ထိုက်လိုက်သည်။ အကြောင်းပြချက်ကို ထုတ်ဖော်မကြေညာ သော်လည်း ပေးလိုက်သော အမိန့်က ပြင်းထန်သည်။ တပည့် အယောက်နှစ်ဆယ်ကျော်ကို လေညင်းကျောင်းတော်၏ တာဝန်ကျ စာရင်းမှ ချက်ချင်း ထုတ်ပယ်လိုက်သည်။
၎င်းစာရင်းက ယခင်အမဲလိုက်ပွဲတွင် ဒုတိယရထားသော လူဝေဂျိုင်ပါ အပါအဝင် ဖြစ်သည်။
ကျောင်းတော်မှ ထုတ်ပယ်လိုက်သော တပည့်များက လူဝေဂျိုင်နှင့် တဖွဲ့တည်းသားများ ဖြစ်ကြသည်။ နင်ရှင်းနှင့် ယင်ယန်မှ တပါး မည်သူ တစ်စုံတစ်ယောက်မျှ မလွတ်ပေ။
၎င်းသတင်းက အုတ်အော်သောင်းနင်း ဖြစ်စေသည်။ လေညင်းကျောင်းတော်က ဖုံးအုပ်ထားသော်လည်း ၎င်းအံ့အားသင့်စရာ သတင်းကို ဖုံးထားခြင်းငှာ မစွမ်းသာပေ။
ထိုသတင်းပေါ်ထွက်လာခြင်းကြောင့် ကျောင်းသားများအားလုံး တုန်လှုပ်သွားကြသည်။ လူဝေဂျိုင်၏ အမဲလိုက်ပွဲမှ သူ့အဖွဲ့နှင့် အတူ ရုတ်တရက် ဆုတ်ခွာသွားခြင်းကပင် ငြင်းခုံစရာ မီးပွားဖြစ်နေလေပြီ။ အခု ရုတ်တရက် သူတို့ကို နှင်ထုတ်လိုက်ခြင်းက မေးခွန်းပေါင်းများစွာ ဖြစ်လာပြီး အသံပေါင်းစုံ မြင့်တက်လာသည်။
လက်ထောက်ကျောင်းအုပ်ကြီး၏ ရုံးခန်းတွင် နင်ရူ၏ မျက်နှာက မဲမှောင်နေသည်။ သူက မျက်နှာ ဖြူရော်နေသော နင်ရှင်းကို ကြည့်နေ၏။ သူ့မျက်လုံးများက ဆူပူထားသဖြင့် ကျဉ်းမြောင်းနေ၏။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ကျောင်းအုပ်ကြီးနဲ့ ရှင်းထားပြီးပြီ၊ ဒီကိစ္စအတွက် လူဝေဂျိုင်တို့က တာဝန်ယူရမဲ့ သူတွေ၊ လောလောဆယ် နင် ဒီရုံးခန်းမှာ နေ, အပြင်မထွက်နဲ့အုံး၊ ဒီကိစ္စတွေ ရပ်စဲသွားမှ ငါတို့ နောက်ထပ် အစီအစဉ် ဆွဲကြတာပေါ့။
နင်ရူ၏ စိတ်က ထိုအခိုက်မှာ အတော် ဆိုးဆိုးရွားရွား ဖြစ်နေ၏။ လက်ရှိ အမဲလိုက်ပွဲတွင် ဖန်ဂျင်ကို ဖယ်ရှားပစ်နိုင်မည်ဟု သူ တွေးထားခဲ့သည်။ ဖန်ဂျင်က သူ့အတွက် အကြီးမားဆုံးသော ဆူးညောင့်ခလုတ် ဖြစ်သည်။ သို့သော် နင်ရှင်းက ဒီလို ကြီးမားသော အရှုပ်အထွေးဖြစ်အောင် လှုံ့ဆော်၍ သူမတာဝန် ကျရှုံးသွားမည်ဟု သူ မထင်ထားမိပေ။ ထို့ပြင် သူမက အင်အားကြီးလူကိုမှ စော်ကားမိသွားသည်။
တိမ်ဖုံးတော်ထွတ်အကြီးအကဲ မုချန်၏ တပည့်များနှင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြသော အင်အားစု ဖြစ်သော ရူလင်းစစ်တပ်......
နန်ဂုန်းစီက နင်ရှင်းနှင့် လူဝေဂျိုင်ကို ပြန်ခေါ်လာချိန်မှာ သူ့အား သည်သတင်းကို တင်ပြခဲ့သည်။ နင်ရူက ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်သွားခဲ့သည်။
နင်ရူက သူ့သမီး၏ စိတ်နေစိတ်ထားကို တခြားသူများထက် ပို သိသည်။ နင်ရှင်း၏ စွမ်းအားနှင့် လျှို့ဝှက်သိုသိပ်စွာ ကွေ့ကွေ့ကောက်ကောက် စီမံတတ်သော ဦးနှောက်ကို နင်ရူက သိုသိပ်စွာ အသိအမှတ် ပြုထားသည်။ သူမက အမြဲတမ်း သတိထားတတ်ပြီး စီမံကိန်းကို လုပ်ဆောင်သည့် အခါမှာ ယုံကြည်အားထားလောက်သူ ဖြစ်သည်။ နင်ရှင်းက ဒီတစ်ကြိမ် သေရေးရှင်ရေးတမျှ အကျိုးဆက်ရှိသော ကိစ္စကြီးကို ဖန်တီးမိမှန်း သိလိုက်ချိန်မှာ နင်ရူ အတော့်ကို တုန်လှုပ်ချောက်ချားသွားခဲ့သည်။
ကိစ္စက ကြီးမားပြီး လေညင်းကျောင်းတော်၏ ဂုဏ်သိက္ခာကို ငြိစွန်းနိုင်တာကို သူ သိသော်လည်း နင်ရူက သူ့သမီးကို ဒီအတိုင်း ပစ်မထားရက်ပေ။ နင်ရှင်း၏ လုပ်ရပ်မှားများကို လူအများ သိကုန်လျှင် သူမတစ်ယောက်တည်းသာ ဂုဏ်သိက္ခာ ကျဆင်းသွားမည် မဟုတ်ဘဲ, သူ၏ လက်ထောက်ကျောင်းအုပ်ရာထူးလည်း မသေချာ မရေရာနိုင်တော့ပေ။
ထို့ကြောင့် နင်ရူက တခြား ရွေးချယ်စရာ မရှိတော့ဘဲ သူ့ကိုယ်သူ နှိမ့်ချ၍ ကျောင်းအုပ်ကြီး ဖန်ချီထံ သွား၍ မျက်ရည်မျက်ခွက်ဖြင့် တောင်းပန်ခဲ့ရသည်။ ဖန်ချီက ထိုကိစ္စအမှန်ကို သိရလျှင် မလိုလားဟန် ရသော်လည်း သူတို့က ဆရာတူ တပည့်များ ဖြစ်ခဲ့ကြသဖြင့် လူဝေဂျိုင်နှင့် တခြားကျောင်းသားများကို ကျောင်းတော်မှ လျှို့ဝှက်သိုသိပ်စွာ နှင်ထုတ်ရန် ခွင့်ပြုပေးခဲ့သည်။ ၎င်းကိစ္စအမှန်ကို ဖုံးကွယ်ထားဖို့ ဖြစ်သည်။
အယောက်နှစ်ဆယ်ကျော် တပည့်များကို တပြိုင်နက် နှင်ထုတ်ခြင်းသည် ရောင်းဟန်နှင့် လောင်ချီကို ဖြေရှင်းချက်ပေးခြင်း သဘောလည်း ဖြစ်သည်။
ဟုတ်... သမီး ဒီကိစ္စမှာ အမှားကြီးကြီး လုပ်မိတာကို ဝန်ခံပါတယ်၊ ဖေဖေ သမီးကို ခွင့်လွှတ်ပေးဖို့လည်း တောင်းပန်ပါတယ်၊ သမီး နောက်နောင် ဒီလိုမျိုး မဖြစ်ရစေဖို့ ကတိပေးပါတယ်။ နင်ရှင်းက နာခံရိုကျိုးစွာ ခေါင်းညိတ်သည်။ သို့သော် သူ့နှလုံးသားက ကြောက်လန့်ဆဲပင် ဖြစ်သည်။
ယင်ယန်ကို အချိန်တန်ရင် သမီးဘာသာ ကိုင်တွယ်လိုက်၊ သူ့ကို ဘယ်လို အသုံးချရမလဲဆိုတာ သမီး သိပါတယ်။ နင်ရူက ပြောသည်။ သူက နင်ရှင်းကို စူးစိုက်ကြည့်သည်။
နင်ရှင်းက ရိုရိုးကျိုးကျိုးဖြင့် နာခံလိုက်သည်။
နင်ရူက နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည် သမီး သေသေချာချာ မြင်လိုက်တာ ဟုတ်ရဲ့လား၊ ဂျန်ရှီနဲ့ ဌာနခွဲက ကောင်လေးတွေ အဲလောက်တောင် စွမ်းအားကောင်းနေတာလား သတ်ဖြတ်ဖို့ သူတို့၏ ကြိုးစားချက် ကျရှုံးသွားတာ နင်ရူကို မသက်မသာ ဖြစ်စေသည့် အပြင်, ဂျန်ရှီတို့ အပေါင်းအပါများ၏ စွမ်းအားကလည်း သူ့ကို မသက်မသာ ဖြစ်စေသည်။
ဒီမတိုင်ခင် နင်ရူက ဂျန်ရှီကို ခြိမ်းခြောက်နိုင်သူ အဖြစ် မရှူမြင်ခဲ့ပေ။ ဖန်ဂျင်ကို သတ်ပစ်ဖို့ ကြားခံသက်သက်အဖြစ်သာ ရှူမြင်ထားခဲ့သည်။ သေးနုပ်ပြီး နိမ့်ကျသည့် တပည့်လေးကို သူ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွင်ဖြေရှင်းဖို့ လိုအပ်လိမ့်မည်ဟု သူ ရှူမြင်မထားခဲ့ပေ။