၄၈၉။ ကာကွယ်သူအဆင့် လိပ်ပြာသားရဲ-၃
တောအုပ်အတွင်း တစ်နေရာ... သစ်ပင်များ တဝုန်းဝုန်းဖြင့် မြေပြင်ပေါ် ကျိုးကျ ပျက်စီးကုန်၏။ ၎င်းအရှိန်ကြောင့် သစ်ရွက်များ ဖုန်မှုန့်များ တသောသောထကုန်သည်။ ကျောက်စရစ်မိုးများ ရွာကုန်၏။
သွေးနံ့က လေထုတွင် ပြင်းထန်နေသည်။ ကြီးမားလွန်းသော ပုံသဏ္ဌာန်ကြီးက မိုးထိုးနေ၏။ အလွန်ကြီးမားသော သားရဲကြီးမှ နားကွဲမတတ် မာန်ဖီသံက ကမ္ဘာမြေကို မွှခြေလုလု ဖြစ်နေ၏။
၎င်းက ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီး ဖြစ်သည်။ ၎င်း၏ ခြေလက်လေးချောင်းရှိ လက်သည်းခြေသည်းများက မြိမြိထက်နေ၏။ အဖြူရောင် အမြီးကိုးချောင်းရှိပြီး ၎င်းအမြီးများကို ယမ်းလိုက်လျှင် သစ်ပင်များ ကျောက်ခဲများ မွစိလိုက်၍ ကျိုးကြေကုန်သည်။ တွန့်လိမ်နေသော ဦးချိုများရှိပြီး ဒေါသကြောင့် ၎င်းသားရဲကြီး၏ မျက်လုံးများက စွေးစွေးနီနေ၏။
၎င်းသားရဲကြီး၏ ခန္ဓာကိုယ်က ဖွေးဖွေးဆွတ် ဖြူနေပြီး အမွှေးများက ချောမွတ်ကာ အလင်းပြန်နေ၏။ ခပ်ဖျော့ဖျော့ အနီရောင် တောက်နေသော တက်တူများကို ၎င်းခန္ဓာကိုယ်တွင် မြင်နိုင်သည်။
ဒေါသထွက်နေသော ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးက ၎င်းရှေ့ရှိ အရာရာကို ဖျက်ဆီးပစ်နိုင်သည်။
ကျောက်ခဲများ လွင့်စင်ကျနေသဖြင့် လောင်ချီက ဒဏ်ရာရ ရူလင်းစစ်သားတစ်ယောက်ကို ကာထားပေး၍ သစ်ပင်ငုတ်တွင် ထိုင်စေကာ ပုန်းနေရန် ပြောသည်။
စစ်သားတစ်ယောက်၏ လက်တစ်ဖက်က သားရဲကြီး၏ လေသင်တုန်းကြောင့် ပြတ်တောက်လုလု ဖြစ်သွားသည်။ ၎င်းလက်မှ အသားများ အကြောများ တွဲလောင်းကျနေ၏။ ၎င်းစစ်သားက သွေးများစွာ ဆုံးရှုံးလိုက်ရသဖြင့် မျက်နှာ ဖြူရော်နေပြီး ကိုယ်အပူချိန် လျင်မြန်စွာ ကျဆင်းသွားသည်။
ဗိုလ်ချုပ်... ကျနော်တို့ကို ထားခဲ့လိုက်... ခင်ဗျား... ခင်ဗျား... ရောင်းဟန်တို့နဲ့ ဒီကနေ ထွက်သွားလိုက်တော့... ဒဏ်ရာရ စစ်သားက ပြောသည်။ ကောင်းနေသေးသော လက်တစ်ဖက်ဖြင့် လောင်ချီ၏ ဝတ်ရုံစကို ဆွဲ၍ ပြောသည်။
ကာကွယ်သူအဆင့် လိပ်ပြာသားရဲဆိုတာ ကျနော်တို့ ကိုင်တွယ်နိုင်တဲ့ အရာ မဟုတ်ဘူး၊ ဝူလေးနဲ့ တခြားကောင်တွေ သားရဲကြီးကို ထိန်းထားနိုင်တုန်း ရောင်းဟန်တို့ကို ခေါ်ထုတ်သွားပါတော့၊ ကျနော်တို့ သေဆုံးတာက ဆရာမုရဲ့ တပည့်တွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး၊ ရူလင်းစစ်တပ်အတွက် သူတို့က ပိုလို့ အရေးကြီးပါတယ် ဒဏ်ရာရ စစ်သားများက ဟောဟဲလိုက်ကာ အသက်ရှူ၍ ထိုစကားများကို ပြောပြီးနောက် သူတို့ အသွင်အပြင်က အရင်ထက် ပိုမို ဆိုးရွားသွားသည်။
လောင်ချီ၏ အမူအရာက တင်းမာပြတ်သားသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော ကိစ္စများက သူတို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
ကာကွယ်သူအဆင့် လိပ်ပြာသားရဲကို သူ အရင်တုန်းက တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ငါ့ညီအကိုတွေကို ငါ စွန့်ပစ်ထားမှာ မဟုတ်ဘူး လောင်ချီက အံတင်းတင်း ကြိတ်သည်။ သူ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ အမြောက်အများ ဖြစ်နေသည်။ သူတို့အဖွဲ့ထဲတွင် သူက အသန်မာဆုံး အကျွမ်းကျင်ဆုံးလူ ဖြစ်သည်။ ထို့ကြောင့်ပင် သားရဲကြီးနှင့် တိုက်ပွဲတွင် သူ ဒဏ်ရာ အမြောက်အများ ရသွားခဲ့ရခြင်း ဖြစ်သည်။ သူ့လက်စွပ်ဝိညာဉ်က သန်မာတောင့်တင်းသော ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲနိုင်သော အရည်အချင်းရှိလို့သာ သူ အခုထိ အသက်ရှင်နေခြင်း ဖြစ်သည်။
လောင်ချီက ဒဏ်ရာရနေသော ရောင်းဟန်နှင့် နောက်လိုက် တပည့်များကို လှည့်ကြည့်သည်။ တိမ်လှေခါးတောင်ထွတ်တပည့်များမှ သုံးယောက်က လိပ်ပြာသားရဲတောအုပ်သို့ လိုက်လာခဲ့ကြသည်။ သားရဲကြီး တိုက်ခိုက်ချိန်မှာ ရူလင်းစစ်သားများက သူတို့သုံးယောက်ကို အသည်းအသန် ကာကွယ်ပေးခဲ့ကြသည်။
ရူလင်းစစ်သားများစွာ ရှိနေသဖြင့် သူတို့ အနည်းငယ် ဆုံးရှုံးလိုက်ရလို့ ရူလင်းစစ်တပ် များစွာ နစ်နာမသွားဘူးဆိုတာကို ရူလင်းစစ်သားများ သတိပြုမိသည်။ သို့သော် တိမ်လှေခါးတောင်ထွတ် တပည့်များကို ထိခိုက်နာကျင်စေခွင့် မပြုနိုင်ကြချေ။ သူတို့ တပည့်များ တစ်ယောက်ချင်းစီကို ကာကွယ်ပေးလိုက်လျှင်, သူတို့က နောင်အနာဂတ်တွင် ရူလင်းစစ်တပ်၏ အင်အားအသစ်ကို ယူဆောင်ပေးလာနိုင်မှာ ဖြစ်သည်။
ရောင်းဟန်တို့ သုံးယောက်က သေရေးရှင်ရေးတမျှ အရေးကြီးသည်။ ရူလင်းစစ်သားများက သူတို့ အသက်နှင့် ရင်း၍ သူတို့ကို ကာကွယ်ပေးသော်ငြား, ကာကွယ်သူအဆင့် သားရဲကြီး၏ လှုပ်ရှားမှုအရှိန်အဟုန်ကို ဆေးပညာလေ့လာသူ သူတို့အနေဖြင့် မထိမခိုက် တောင့်ခံနိုင်သော အရာမဟုတ်ပေ။
ဗိုလ်ချုပ်လောင်, ကျနော်တို့ ခင်ဗျားကို ဆွဲချမိပြီ။ ရောင်းရူက လောင်ချီကို ကြည့်သည်။ သူ့မျက်နှာက ဖြူရော်နေ၏။ သူတို့ကြောင့်သာ မဟုတ်လျှင် ရူလင်းစစ်သားများ၏ အရည်အချင်းဖြင့်ဆိုပါက, သားရဲကြီးကို မနှိမ်နင်းနိုင်လျှင်တောင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြသည်။
ဒါက မင်းတို့နဲ့ မဆိုင်ဘူး၊ ငါ သတိလက်လွတ် ဖြစ်သွားလို့။ လောင်ချီ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးများတွင် ဒေါသရိပ် သန်းနေသည်။
အဲလူငယ်တွေ ဒီလောက်တောင် ငါတို့အပေါ် ရက်စက်ယုတ်မာမယ်လို့ မထင်မိဘူး၊ သူတို့သာ သားရဲကြီးကို နှောင့်ယှက်ပြီး ငါတို့ဆီ ခေါ်မလာခဲ့ရင်, ငါတို့ ဒီလို သေရေးရှင်ရေး အခြေအနေကို ရင်ဆိုင်နေရမှာ မဟုတ်ဘူး၊ အဲကောင်စုတ်တွေ အကုန်လုံးက သားရဲကြီးကို ငါတို့ဆီ ပို့ပြီးတော့ တစ်ခါတည်း ထွက်ပြေးတော့တာပဲ၊ ငါတို့ကို တော်တော် မုန်းနေတာ ဖြစ်မယ်။
တိမ်လှေခါးတောင်ထွတ်တပည့်တစ်ယောက်က စက်ဆုပ်ရွံရှာဟန်ဖြင့် ပြောသည်။