၄၆၀။ ဆက်တိုက်ရိုက်ချက်၊ ပထမပုံစံ-၇
မင်း နောက်ဆုံးတော့ နားလည်သွားပြီပေါ့၊ တကယ်တော့ ဂျန်ရှီက မင်းကို ရှားပါးတဲ့ အခွင့်အရေးကို ပေးခဲ့တာ၊ သူတို့ လိုချင်ပေမဲ့ မရခဲ့တဲ့ ဝိညာဉ်ကုစားဌာနကို ဝင်ရောက်ခွင့်ကိုပေါ့ဖန်ဂျင်က လီဇီမုကို ကြည့်လိုက်သည်။ သူ့မျက်နှာက အထီးကျန်ဆန်၍ စိတ်ဓာတ်ကျနေသည်။
လီဇီမုက ပါးစပ်ဟရုံသာ ဟနေပြီး စကားတစ်ခွန်းမျှ မပြောနိုင်ပေ။
သူ ဝိညာဉ်ကုစားဌာနသို့ ဝင်ရောက်ခွင့်ရခြင်းက ဂျန်ရှီကြောင့်သာ ဖြစ်သည်။ သို့သော် သူက သူ့အကြောင်းကို လိမ်ညာပြောဆို၍ မကောင်းသတင်းလွှင့်ခဲ့သည်။
မင်းကို အသိပေးရအုံးမယ်၊ အစောတုန်းက ခွေးအတွေကို မင်း ပစ်ပေါက်လိုက်တဲ့ ပုလင်းကလည်း ရှီလေးပိုင်ဆိုင်တဲ့ အရာပဲ။ ကျောက်ချူက ပြုံး၍ ပြောသည်။ သူ့ရှေ့မှ မျှော်လင့်ချက် ကုန်ဆုံးနေသော ပုံရိပ်ကို နောက်ထပ် ထောက်ထားညှာတာမှု ထားမနေတော့ချေ။
လီဇီမုကား သတ္တိကြောင်သူ အနိမ့်စားကောင်တစ်ယောက်သာ ဖြစ်သည်။
မင်းရဲ့ အဆင့်အတန်း မြင့်မားဖို့ တခြားသူတွေကို နင်းချတဲ့ ဒီလူလိမ်လူညစ်က သူ့လုပ်ရပ်တွေကို တကယ် အဆင်ပြေအောင် လုပ်ခဲ့တာပဲ။ ဖေးယန်က လီဇီမုကို မျက်စိစွေကြည့်၍ ပြောသည်။ လီဇီမုကား ကြောက်လန့်နေသဖြင့် သေးထွက်မလို ဖြစ်နေသည်။
ငါ... ငါ တောင်းပန်ပါတယ်... ငါ တကယ်.... တောင်းပန်ပါတယ်... ငါ တကယ့်ကို... မှားသွားခဲ့ပါတယ်... ငါ တောင်းပန်ပါတယ်.... ငါ့ကို... လွှတ်ပေးပါ... မင်း ဘာပြောပြော... ငါ...လိုက်နာပါ့မယ်... သူ၏ မာနနှင့် အတ္တကား ပြောင်တလင်းခါ ကွာကျသွားသည်။ လီဇီမုက တစ်ခါမျှ မကြောက်စဖူး ကြောက်ရွံ့နေသည်။ သူ့မွှေးညှင်းပေါက်တိုင်းက ကြောက်လန့်လို့ အော်ဟစ်နေသည်။
သို့သော်ငြား...
ဂျန်ဝုရှီက ဒီတောင်းပန်မှုကို လက်ခံမည် မဟုတ်ပေ။ သူက လီဇီမုကို သေလူတစ်ယောက်လို ကြည့်လိုက်သည်။
မင့် လက်စွပ်ဝိညာဉ်ကို ဆင့်ခေါ်လိုက်။ ဂျန်ဝုရှီက ပြောသည်။
ငါ တောင်းပန်ပါတယ်၊ ငါ တောင်းပန်... လီဇီမုက အလိုလို ရေရွတ်ပြောဆိုနေ၏။
သူ၏ ဗလုံးဗထွေးရေရွတ်ပြောဆိုနေခြင်းကြောင့် ဖေးယန်က စိတ်တိုသွားကာ သူ့ဗိုက်ကို လက်သီးတစ်ချက် ထိုးထည့်လိုက်သည်။
အု...
ချက်ချင်းပင် လီဇီမု ပါးစပ်မှ သွေးအပြည့် အန်ထွက်လာသည်။ သွေးများက အမည်မသိ အဖတ်များဖြင့် ရောနှောနေသည်။
ကျောက်ချူ တံတွေး မြိုချမိသည်။ ဖေးယန်က ငယ်စဉ်မှ စ၍ သာမန်မဟုတ်သော အင်အားကို ပိုင်ဆိုင်ထားသည်။ ထိုထိုးချက်က ဖေးယန်၏ အင်အားအပြည့်မှ သုံးပုံလောက်သာ ပါဝင်သည်။ သို့သော် လီဇီမု အလွန်ခံစားသွားရသည်။
ရပ်လိုက်... ငါ့ကို မထိုးနဲ့... ငါ လက်စွပ်ဝိညာဉ် ဆင့်ခေါ်လိုက်မယ်... ထိုထိုးချက်တစ်ချက်တည်းကပင် သူ့အား အပြင်းအထန် ဒဏ်ရာရသွားစေသည်။ လီဇီမုက နာကျင်သဖြင့် အော်ဟစ်၍ နောက်တစ်ခဏတွင် သူ့လက်စွပ်ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။
လီဇီမုက အမှိုက်ကောင် တစ်ယောက်သာ ဖြစ်သော်လည်း သူ့လက်စွပ်ဝိညာဉ်က အဆင့်ငါးရှိသည်။
သူတို့မျက်စိရှေ့တွင် ငွေရောင်ဝံပုလွေ လက်စွပ်ဝိညာဉ် ပေါ်ထွက်လာသည်။ ငွေရောင်ဝံပုလွေ ပေါ်ထွက်လာသည်နှင့် လီဇီမု မျက်လုံးများတွင် ရက်စက်လိုသော အရိပ် ဖျတ်ခနဲ ပေါ်လာသည်။ ငွေရောင်ဝံပုလွေက လျှပ်စစ်လို မြန်ဆန်စွာ ဂျန်ဝုရှီကို ခုန်အုပ်သည်။ ဂျန်ဝုရှီ၏ လည်ပင်းတည့်တည့်ကို ပစ်မှတ်ထားသည်။
ရုတ်တရက် ဖျတ်ခနဲ ဂျန်ဝုရှီ၏ လက်ထဲမှ အဖြူရောင်သန့်သန့် အလင်းရောင် ပေါ်ထွက်လာသည်။ ၎င်းအဖြူရောင်က ခုန်ဝင်လာသော ငွေရောင်ဝံပုလွေနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဝူး.... ငွေရောင်ဝံပုလွေက ရုတ်တရက် သနားဖွယ် ကောင်းလောက်အောင် အော်ဟစ်ညဉ်းညူသွားသည်။
အနည်းငယ် ပန်းရောင်သန်းသော ပါးပြင်ဖြင့် လူငယ်တစ်ယောက်က ရုတ်တရက် ပေါ်ထွက်လာသည်။ သူက ချောမောသည်။ မြူးကြွကြွဖြင့် နှစ်လိုဖွယ်ရှိသည်။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းဝတ်စုံက တလွင့်လွင့်ဖြင့် ကြည့်ကောင်းသည်။ သူ ဝိုင်ကရားတစ်ခုကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ငွေရောင်ဝံပုလွေ၏ လည်ကုပ်ကို ဖမ်းချုပ်ထားသည်။ လှပသော မျက်လုံးတစ်စုံက မူးရစ်နေသဖြင့် တစ်ဝက်ပိတ်နေသည်။ သူ့မျက်နှာက လုံးဝ အထင်သေးဟန်ကို ပြသနေသည်။
ထပ်... ငါ အံ့ဩတယ်... အဆင့်ငါး ငွေရောင်ဝံပုလွေလေးကများ ငါ့သခင်မလေးကို တိုက်ခိုက်ရဲတယ်ပေါ့၊ မင်း တကယ်ပဲ အသက်ရှင်နေရတာကို မုန်းတီးနေတယ်, ဟုတ်တယ်မို့လား အမူးသမား ကြာပန်းက လှောင်ပြောင်လိုက်သည်။ သူ၏ တစ်ဝက်ပိတ်နေသော မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် အေးစက်နေ၏။ သူက ဝံပုလွေ၏ လည်ကုပ်ကို ခပ်တင်းတင်း ဆုပ်ကိုင်၍ ငွေရောင်ဝံပုလွေကို အနီးသို့ ဆွဲယူသည်။ ငွေရောင်ဝံပုလွေက ရုန်းကန်သော်လည်း အရာမထင်ပေ။ တင်းကျပ်ကျပ်ဖြစ်နေသော သူ့လည်ပင်းမှ အသံပင် မထွက်နိုင်တော့ချေ။
ရုတ်တရက် ပေါ်ထွက်လာသော အဖြူရောင်ဝတ်စုံပိုင်ရှင် လူငယ်က လီဇီမုအား နောက်တစ်ကြိမ် တုန်လှုပ်စေသဖြင့် သူ့မျက်နှာ ဖြူရော်သွားလေ၏။ သူက ငွေရောင်ဝံပုလွေအပေါ် နောက်ဆုံး လောင်းကြေးကို ပုံထပ်ခဲ့သည်။ အဆင့်ငါး ငွေရောင်ဝံပုလွေကို လူငယ်က လွယ်လွယ်ဖြင့် ရပ်တန့်နိုင်စေသည်က သူ မျှော်လင့်မိသော အရာ မဟုတ်ပေ။ ထို့ပြင် လက်တစ်ဖက်တည်းဖြင့်သာ ရပ်တန့်စေခြင်း ဖြစ်သည်။
သူ၏ နောက်ဆုံး မျှော်လင့်ချက်ကား လုံးလုံး ပျက်သုဉ်းသွားရလေပြီ။ လီဇီမုက အမူးသမားကြာပန်းကို စိတ်ပျက်ညှိုးငယ်စွာ ကြည့်သည်။ သူ့မျက်လုံးများ အသက်မပါတော့ချေ။
အရှူံးပေးလိုက်တော့ ဂျန်ဝုရှီက ပြောသည်။
ငါ... ငါ ... တောင်းပန်ပါတယ်... ငါ နောက်ထပ် ဒါမျိုး မလုပ်ရဲတော့ပါဘူး... သူ၏ ငွေရောင်ဝံပုလွေက အမူးသမားကြာပန်း၏ လက်ထဲတွင် ချုပ်ခံထားရဆဲပင်။ လီဇီမုက သူ့ရှေ့သို့ ပျက်စီးခြင်း ရောက်ရှိလာတာကို မြင်လိုက်ရပြီ ဖြစ်သည်။
ကြောင်နက်လေး ဂျန်ဝုရှီက အေးစက်စက် ခေါ်လိုက်သည်။
သူ့ကို သတ်လိုက်။
သူမ အမိန့်ပေးပြီးသည်နှင့် သူမပခုံးပေါ်ရှိ ကြောင်နက်လေးက ခုန်ဆင်းသွားပြီး အနက်ရောင်သားရဲကြီးအသွင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် အသေအလဲ အော်ဟစ်နေသော လီဇီမုကို တိုက်ရိုက်ပင် ခုန်အုပ်လိုက်တော့သည်။