၄၅၈။ ဆက်တိုက်ရိုက်ချက်၊ ပထမပုံစံ-၅
ဆရာက ငါ့ကို အတော် ဂရုစိုက်တာ၊ ငါ... ငါ သူ့ကို တောင်းပန်ပေးပါ့မယ်...ဝိညာဉ်ကုစားဌာနကို မင်း ဝင်ခွင့်ရအောင်လေ... ငါ့ကို အခု လွှတ်ပေးမယ်ဆိုရင် ဘယ်လိုလဲ လီဇီမုက သိသာထင်ရှားစွာ ကြောက်လန့်နေသဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။
ဂျန်ဝုရှီ၏ မျက်ခုံးများ တွန့်ကွေးသွားကြသည်။
မင်း သူ့ကို တောင်းပန်ပေးမှာလား။
လီဇီမုက တွေးမိသည်... ဂျန်ရှီက ၎င်းစကားများကို ပြောချိန်မှာ ဂျန်ရှီနှင့် ညှိနှိုင်းဆွေးနွေးလို့ ရအုံးမည်ဟူ၍။ ထို့ကြောင့် သူ အမြန်အဆန် ပြောသည် ငါ သူ့ကို တောင်းပန်ပေးမယ်လေ၊ ဆရာက ငါ့ကို အရမ်း ချစ်တာ၊ ငါ သူ့ကို ပြောပေးမယ်လေ... သူ သဘောတူမှာ သေချာပါတယ်။
ဂျန်ဝုရှီက လီဇီမုကို အာရုံမစိုက်တော့ဘဲ ကျောက်ချူဘက်သို့ လှည့်၍ ပြောသည် ယင်ယန်ဝက်ဝံကို ဆင့်ခေါ်လိုက်။
ကျောက်ချူ တုန်လှုပ်သွားသည်။ သူ၏ ယင်ယန်ဝက်ဝံက ဒဏ်ရာမှ အပြည့်အဝ ပြန်လည် မကောင်းသေးပေ။ အခုထိ အားနည်းနေဆဲပင်။ ဂျန်ရှီ ဘာလုပ်လိုမှန်း သူ သေချာ မသိပေ။ သို့သော် သူ ဂျန်ရှီပြောသည့် အတိုင်း ယင်ယန်ဝက်ဝံကို ဆင့်ခေါ်လိုက်သည်။
ယင်ယန်ဝက်ဝံကို ဆင့်ခေါ်ပြီးချိန်မှာ ၎င်းဝက်ဝံက အတော့်ကို ဝိညာဉ်စွမ်းအား ချို့တဲ့နေသည်။ သူ၏ အဆမတန်ကြီးမားသော ခန္ဓာကိုယ်က သူ့ဘေးနားရှိ သဘာဝပေါက်ပင်များကို လေးလေးလံလံ မှီထားရသည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်အောက်ရှိ တောခြုံများက ပိပြားဆင်းသွားသည်။
ဂါး... သူ့နားသို့ တစ်စုံတစ်ယောက် ရောက်ရှိချိန်မှာ ယင်ယန်ဝက်ဝံက ခေါင်းမော့၍ စိုးရိမ်တကြီးဖြင့် ကြည့်သည်။ သူ့ဝမ်းဗိုက်ကို ပွတ်သပ်ကျီစယ်ရတာကို နှစ်သက်သော လူငယ်လေးမှန်း သိသွားလျှင် သူ့မျက်လုံးများကို မှိတ်၍ ပြန်လည် အိပ်သွားသည်။
ဂျန်ဝုရှီက သူ့လက်ကို မြှောက်လိုက်သည်။ သူ့လက်ဖဝါးမှ ဖျော့တော့သော အလင်းရောင် ထွက်လာသည်။ သူမလက်ကို ယင်ယန်ဝက်ဝံ၏ ဦးခေါင်းထက်မှာ အသာအယာ တင်ထားလျှင် နူးညံ့သိမ်မွေ့သော အလင်းရောင်က ယင်ယန်ဝက်ဝံ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ သူ့ဘာသာ ပျံ့နှံ့သွားလေ၏။ ၎င်းအလင်းရောင်က ဝက်ဝံ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားသည်။
ကျောက်ချူက ဂျန်ဝုရှီ ဘာလုပ်မည်မှန်း မသိသဖြင့် သိချင်စိတ်ဖြင့် ကြည့်နေ၏။ သို့သော် လီဇီမု၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မျက်နှာက လုံးဝ မယုံနိုင်ဟန် ဖြစ်သွားသည်။ သူ့မျက်စိရှေ့မှ မြင်ကွင်းကို သူ မယုံကြည်နိုင်စွာ စူးစိုက်ကြည့်နေမိသည်။
ဒီလိုမြင်ကွင်းကို ရေတွက်မရအောင် သူ မြင်ဖူးခဲ့သည်။ ဂူလီရှန်က ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို သူ့အား သင်ကြားပေးသည့် အချိန်တိုင်း လက်စွပ်ဝိညာဉ်ပေါ်မှာ အမြဲတမ်း လက်တွေ့ သရုပ်ပြသခဲ့သည်။ လက်တွေ့ပြသတာကို အကြိမ်ပေါင်းများစွာ မြင်ရပြီးနောက် သူ အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ သူ့ရှေ့မှ သည်မြင်ကွင်းနှင့် ထိုသရုပ်ပြ မြင်ကွင်းက တစ်ထပ်တည်းပင် ဖြစ်သည်။
ဝိညာဉ်ကုစားခြင်း နည်းစနစ်... ဝိညာဉ်ကုစားခြင်း.... မင်း ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို တတ်တယ်... ဘယ်လို ဖြစ်နိုင်မှာလဲ... လီဇီမု၏ မျက်နှာက လုံးဝ ဖြူရော်သွားသည်။ သူက ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို ဖြစ်မြောက်အောင်မြင်အောင် မတတ်သော်လည်း အနည်းဆုံးတော့ ၎င်းနည်းစနစ်ကို မှတ်မိသည်။
ဂျန်ရှီက ပထမဆုံးနေ့မှာပင် ဝိညာဉ်ကုစားဌာနမှ နှင်ထုတ်ခံရသော တပည့်တစ်ယောက်ဖြစ်သည်။ သူက ဌာနမှာ နာရီအနည်းငယ်မျှသာ နေခဲ့သည်။ သို့ပါလျက် ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို သူ မည်သို့ သင်ယူနိုင်ခဲ့သနည်း။
ဂူလီရှန်က ၎င်းအကြောင်းကို ယခင်က ပြောခဲ့ဖူးသည်။ နှစ်များစွာ ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို လေ့လာဆည်းပူးထားသော တပည့်များသာ တတိယအဆင့်နှင့် အောက်ရှိ လက်စွပ်ဝိညာဉ်များကို ကုစားပေးနိုင်သည်။ ကုစားသူ ပိုင်ဆိုင်ထားသည့် လက်စွပ်ဝိညာဉ်ထက် ကုစားခံလက်စွပ်ဝိညာဉ်က အဆင့် ပိုမြင့်နေလျှင် သူတို့ခန္ဓာကိုယ်များရှိ ဝိညာဉ်စွမ်းအားများက ထိုလက်စွပ်ဝိညာဉ်များကို ကုစားပေးဖို့ ဝိညာဉ်စွမ်းအား လိုအပ်ချက် များပြားလွန်းသဖြင့် အောင်မြင်နိုင်ချေ မရှိပေ။
လီဇီမုက သူ့ရှေ့ရှိ အနက်နှင့် အဖြူရောင်ရောထားသော ဝက်ဝံကြီးက မည်သည့်အဆင့်ကို ပိုင်ဆိုင်ထားမှန်း အတိအကျ မသိပေ။ သို့သော် သူ သိသိသာသာ ခံစားမိတာက... ယင်ယန်ဝက်ဝံကြီး ပေါ်ထွက်လာချိန်မှာ သူ့ခန္ဓာကိုယ်အတွင်းရှိ လက်စွပ်ဝိညာဉ်က ကြောက်ရွံ့တုန်လှုပ်သွားသဖြင့် တအင့်အင့် ညဉ်းညူသွားခြင်း ဖြစ်၏။
ယင်ယန်ဝက်ဝံကြီးအတွက် အဆင့်ငါးရှိ သူ့လက်စွပ်ဝိညာဉ်ကို ကြောက်ရွံ့စေဖို့ဆိုတာ ယင်ယန်ဝက်ဝံက မြင့်မားသော အဆင့်ကို ပိုင်ဆိုင်ထားရမည် ဖြစ်သည်။
ထို့ပြင် ဂျန်ရှီက အဆင့်ငါးထက် ပိုလွန်သော လက်စွပ်ဝိညာဉ်ကို အားစိုက်ထုတ်မှုမရှိဘဲ ကုစားပေးနိုင်နေ၏။ ထိုအဆင့် ကျွမ်းကျင်မှုက လီဇီမုလို အမှိုက်ကောင်များ အိပ်မက်ပင် မမက်ဖူးသော, လက်လှမ်းမမီသော အဆင့် ဖြစ်သည်။ ဝိညာဉ်ကုစားဌာနရှိ ထိပ်တန်းအဆင့် တပည့်များသည်ပင် မစွမ်းဆောင်နိုင်ကြချေ။
မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး... မင်း ဘယ်လိုလုပ် ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို တတ်ကျွမ်းနေရတာလဲ... ဒါက လုံးလုံးကို မဖြစ်နိုင်တာပဲ... လီဇီမု၏ မျက်နှာက ဖြူလိုက် စိမ်းလိုက်ဖြစ်နေသည်။ သူ အင်မတန် တုန်လှုပ်ချောက်ချားနေသည်။ သူ့နှလုံးသားက သူ့အတွက် ပျက်စီးကိန်း ဆိုက်လာတော့မည်မှန်း ခံစားလာရသည်။
ဂျန်ရှီက ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို အစစ်အမှန် တတ်ကျွမ်းသူ ဖြစ်ပါက, အစောပိုင်း ဂျန်ရှီ၏ မဟုတ်မမှန် လုပ်ကြံသတင်းများကို သူ လွှင့်ခဲ့တာက အကြီးအကျယ် ရယ်ဖွယ်ရာသာ ဖြစ်ချေသည်။
ယင်ယန်ဝက်ဝံက တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည့် လက္ခဏာကို ပြသလာသည်။ သူ ပိုမို သန်မာလာတာကို ခံစားလာရသည်။ သူက တဖြည်းဖြည်း မတ်မတ် ထထိုင်လိုက်သည်။
ဂျန်ဝုရှီက သူမလက်ကို ပြန်ရုပ်သိမ်း၍ လီဇီမုဘက်သို့ လှည့်ကြည့်သည်။ လီဇီမုကား သွေးရောင်ပင် မရှိတော့ချေ။
သူမက သရော်ပြုံး ပြုံး၍ အသာအယာ မေးသည် မင့်ကို ငါ လိုအပ်မယ်လို့ မင်း ထင်နေသလား။