၄၃၁။ ရောဂါလား အဆိပ်လား - ၆
ဂျန်ဝုရှီက ဖန်ဂျင်အား ကြည့်၍ ခံစားချက်ကင်းမဲ့စွာ ပြောသည် သူတို့ ပျောက်ကွယ်မသွားဘူးဆိုရင်တောင် ကွဲပြားသွားမှာ မဟုတ်ဘူး။
ကုသပေးဖို့ သူမ စိတ်လိုလက်ရ မရှိသဖြင့် ချင်းယန်ကလန် ရှိနေလျှင်တောင် သူတို့ ဘယ်က စတင် ကုသရမည်မှန်း သိကြမည် မဟုတ်ပေ။
ချင်းယန်ကလန်၏ ဆေးပညာတတ်ကျွမ်းမှုက ချူချာလွန်းသဖြင့် ဂျန်ဝုရှီ၏ မျက်လုံးထဲမှာ ဘာမှ မဟုတ်ပေ။
ဟမ်... ဖန်ဂျင် တအံ့တဩ ဖြစ်သွားသည်။ ဂျန်ရှီ၏ ပြန်ပြောချက်ကြောင့် သူ အံ့အားသင့်သွားသည်။
မင်း ငါ့ကို ယုံကြည်မယ်ဆိုရင်, မင်းညီကို ငါ ကုသပေးမယ်။ ဂျန်ဝုရှီက ရုတ်တရက် ပြောလာသည်။
ဖန်ဂျင်က ၎င်းစကားကို ကြားရလျှင် တုံ့ဆိုင်းနေခြင်း မရှိပေ။ တကယ် ယုံတာပေါ့... ဒါပေမဲ့... ဖန်ဂျင့်အသံက တိုးဝင်သွား၏။
ဇိုလေးရဲ့ ကျန်းမာရေး အခြေအနေကို ငါတို့ အဖေက အမြဲတမ်း တာဝန်ယူဖြေရှင်းပေးခဲ့တာ၊ ငါ သူ့ကို အရင်ဆုံး မေးရအုံးမယ်။
ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။
ဖန်ဂျင်က ချက်ချင်းပင် စိတ်လိုလက်ရ ပြုံးလာ၏။ မင်း ဆေးပညာမှာ ဒီလောက် တော်နေမှန်း ငါ မသိဘူး၊ မင်း ဇိုလေးကို အကြီးအကျယ် ကူညီပေးခဲ့တာပဲ၊ မင်းကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး။
အစပိုင်းမှာ ဂူလီရှန်၏ တောင်းဆိုချက်ကြောင့် ဂျန်ရှီအား နည်းပြပေးရန် သူ သဘောတူခဲ့သည်။ ထိုအချိန်မှ စ၍ သူက ကောင်လေးကို ခိုင်မာပြတ်သားစွာ ကာကွယ်ပေးခဲ့သည်။ သူက တစ်ကိုယ်တည်း ဖြစ်နေသော ကောင်လေးကို တဖြည်းဖြည်းချင်း စိတ်ရင်းအတိုင်း သဘောကျနှစ်ခြိုက်လာခဲ့သည်။ ဂျန်ရှီက အေးစက်စက် ပင်ကိုယ်ဗီဇရှိသော်ငြား ပေါင်းရသင်းရ ခက်ခဲသူ မဟုတ်ပေ။ သူက ပွင့်လင်းပြီး လှည့်စားတတ်သူ မဟုတ်ပေ။ သူက ဂျန်ရှီ၏ ရှုပ်ထွေးခြင်းမရှိသော ပင်ကိုယ်စရိုက်ကြောင့် ဂျန်ရှီအား တကယ်ပင် မြတ်နိုးတနာ ရှိလာခဲ့ရသည်။
အခုတော့ ဂျန်ရှီက ဖန်ဇိုကို ကယ်တင်ပေးခဲ့သည်။ ဒါက ဖန်ဂျင်အား အလွန်ပင် ကျေးဇူးတင်စေသည်။
ငှားရမ်းခ။ ဂျန်ဝုရှီက တုံးတိတိ ပြောလေ၏။
ဖန်ဂျင်က အတော်ကြာအောင် ရပ်တန့်စဉ်းစားပြီးမှ ဂျန်ရှီ၏ ဆိုလိုရင်းကို သဘောပေါက်လာသည်။
ဇိုလေးက မင်းကို နေထိုင်ခွင့်ပေးလို့ မင်း သူ့ကို ကယ်တင်ပေးတာလို့ ဆိုလိုတာလား။
အချစ်ဆုံး သူ့ညီလေး၏ အသက်က ငှားရမ်းခအတွက် အလဲအလှယ်ဖြစ်သွား သတဲ့လော......
ဂျန်ရှီ၏ ယုတ္တိပြချက်ကြောင့် ဖန်ဂျင် ငိုရမလို ရယ်ရမလို ဖြစ်သွားသည်။ ဂျန်ရှီက ဉာဏ်အရည်အသွေး မြင့်မားလွန်းတာ သံသယဖြစ်ဖွယ်ပင် မလိုချေ။ သို့သော် တစ်ခါတရံ သူပြသသော နားမလည်မှုက တကယ်ပင် သူ့အား အားပါးတရ ရယ်ချင်စေ၏။
ဂျန်ဝုရှီက အတည်အတံ့ပင် ခေါင်းညိတ်ပြသည်။
ဖန်ဂျင်က ဟက်ဟက်ပက်ပက် မရယ်ဘဲ မနေနိုင်တော့ပေ။ သူက ဂျန်ရှီ့ပခုံးကို ပုတ်၍ ရယ်မောရခြင်းကြောင့် မျက်ရည်များပင် ထွက်လာသည်။
ရှီလေး, မင်းက တကယ် တခုခုပဲ၊ ဒီနေရာက ညစ်ပတ်နေတယ်၊ ငါ သန့်ရှင်းရေး လုပ်လိုက်အုံးမယ်၊ မင်း သွား အနားယူတော့။ သည်အညစ်အကြေးများ, အနံ့ဆိုးများကို ဂျန်ရှီ တကယ် ရွံ့ရှာစက်ဆုပ်မှန်း သူ သိသည်။ ထို့ကြောင့် ဖန်ဂျင်က ဂျန်ရှီအား သူ့အခန်းသို့ ပြန်အနားယူခိုင်းခြင်း ဖြစ်သည်။
ဂျန်ဝုရှီက ရှက်ရွံ့သလို လုပ်မနေတော့ဘဲ ကြောင်နက်လေးကို မချီ၍ ချက်ချင်းပင် ထထွက်သွားသည်။
လေညင်းကျောင်းတော် ကျောင်းအုပ်ကြီး၏ သားအကြီးဆုံးအနေဖြင့် သူ့ဘဝတွင် ပထမဆုံးအကြိမ် အခန်းသန့်ရှင်းရေး လုပ်ဖူးခြင်း ဖြစ်သည်။ အညစ်အကြေးပုံကြီးကို သူ အကြာကြီး ကြည့်ပြီးနောက် သူ့စိတ်ကို တင်းတင်းထားကာ သူ မလုပ်ဖူးသော သန့်ရှင်းရေး အလုပ်ကို စတင်လုပ်ဆောင်လိုက်သည်။
အခန်းက အရင်လို သန့်ရှင်းသွားချိန်မှာ ဖန်ဂျင် မောဟိုက်သွားလေ၏။ သူက ခြေပစ်လက်ပစ် ထိုင်ခုံပေါ်တွင် ထိုင်၍ ရေငှဲ့သောက်နေစဉ် သူ့နောက်ကျောမှ ရုတ်တရက် အော်ဟစ်သံ ထွက်လာတာကို ကြားလိုက်ရသည်။ သူ အလန့်တကြားဖြစ်ကာ ထခုန်မိလေ၏။
သူ လှည့်ကြည့်လိုက်လျှင် တံခါးဝတွင် ဒေါသတကြီး ရပ်နေသော အာ့ဂျင်ကို တွေ့ရသည်။ သားလှီးဓားကို သူ ကိုင်ထားသည်။
သူတို့ အချင်းချင်း စူးစိုက် ကြည့်မိပြီး သူတို့ နှစ်ယောက်လုံး အချင်းချင်း မြင်ရချက်ကြောင့် ဘာစကားမျှ မပြောနိုင် ဖြစ်သွားကြသည်။
အာ့ဂျင်... မင်း ဘာလုပ်နေတာလဲ ဖန်ဂျင်က တုန်လှုပ်ခြင်း မပြေသေးဘဲ အာ့ဂျင်ကို မေးသည်။ ပုံမှန် နူးညံ့သိမ်မွေ့စွာ ပြောဆိုတတ်ပြီး ကျိုးကျိုးနွံနွံရှိသော အာ့ဂျင်က ရက်စက်ကြမ်းကြုတ်သော တစ်ဖက်ခြမ်း ရှိနေမှန်း သူ မသိခဲ့ပေ။
အကြီး... အကြီး သခင်လေး.... အခန်းထဲ ဖန်ဂျင်ကို မြင်ရလျှင် အာ့ဂျင် တုံ့ဆိုင်းဆိုင်း ဖြစ်သွားသည်။ အားတင်းမွေးမြူလာခဲ့သော သူ့သတ္တိများက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။ သူက ရုတ်တရက် ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ကျသွားပြီး သားလှီးဓားသည်လည်း တချွမ်ချွမ်ဖြင့် ဆူညံစွာ ကြမ်းပြင်ပေါ် ကျသွား၏။
အကြီး သခင်လေး, ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပေါ့... အဲ... အဲ.. ဂျန်ရှီက သခင်လေးကို သတ်ဖို့ ကြိုးစားနေခဲ့တာ၊ အကြီး သခင်လေး... ခင်ဗျား သခင်လေးကို ကယ်တင်ပေးပါ အာ့ဂျင်က ဒူးထောက် ငိုယိုကာ ပြောပြီး ဖန်ဂျင်၏ ခြေထောက်များကို ဖက်ထားကာ တောင်းတောင်းပန်ပန်ဖြင့် ပြောဆိုလေ၏။
ဖန်ဂျင် မည်သို့ တုံ့ပြန်ရမှန်း မသိ ဖြစ်သွားရသည်။ သူ တစ်ခုခု ပြောရန် ဟန်ပြင်နေစဉ်မှာပင် သေးသွယ်သော ပုံရိပ်က တံခါးဝမှာ ပေါ်လာသည်။
ဂျန်ဝုရှီက လက်ပိုက်၍ ပျင်းရိပျင်းတွဲ တံခါးဘောင်ကို မှီနေရင်း ဖန်ဂျင့်ခြေထောက်ကို ဖက်၍ ဖြဲအော်နေသော အာ့ဂျင်ကို အေးစက်စက် ကြည့်လိုက်သည်။
ရှီလေး... မင်း ဘာလို့ အနားမယူသေးတာလဲ ဖန်ဂျင်က ခေါင်းလှည့်ကြည့်၍ ဂျန်ဝုရှီကို မေး၏။
ဂျန်ဝုရှီက စိတ်မရှည်နိုင်ဟန်ဖြင့် နှုတ်ခမ်းကိုက်ကာ တုံးတိတိ ပြောသည်။
ဆူလိုက်တာ။