၃၆၃။ လူ့အရေပြား မြေပုံ - ၁
ကောင်လေးက တပည့်အဖြစ် တောင်းခံချိန်မှာ သူက စိတ်ဝင်စားသော်လည်း လက်ခံဖို့ တွန့်ဆုတ်နေခဲ့သည်။ အခု ကောင်လေးက မလိုလားပြန်တော့, ယန်ဘူဂွေ့က သူ့တပည့်ဖြစ်လာစေဖို့ တောင်းခံရပြန်သည်။
သို့သော်...
ဒါက ဂျန်ဝုရှီ၏ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်သွားရလေပြီ။
ဂျန်ဝုရှီက ပြန်မပြောပေ။ ကျောက်ချူက ပျာယာခတ်နေသည်။ သူက ဂျန်ဝုရှီကို လက်မောင်းမှ ကိုင်၍ သူ့အခန်းထဲသို့ တွန်းခေါ်သွားသည်။
တခြားလူများက မလှုပ်မယှက်ဖြင့် သူတို့ ရပ်မြဲတိုင်းသာ ရပ်နေကြသည်။ ကျောက်ချူ လုပ်ဆောင်မည့်အရာကို သူတို့ ကောင်းကောင်းသိနေ၍ သူ့ကို ရပ်တန့်ဖို့ သူတို့ လှမ်းမဝင်ကြချေ။
သူတို့ အခန်းထဲ ရောက်ရှိလာလျှင် ကျောက်ချူက အလှဆင်သစ်သားဗူးလေးကို ရှာဖွေသည်။ ဂျန်ဝုရှီက ၎င်းသစ်သားဗူးလေးကို အရင်က မြင်ဖူးသည်။ သူတို့ ချင်းယန်ကလန်မှာ ရှိစဉ် သိမ်းယူလာခဲ့သည့် ဗူးဖြစ်သည်။
ဒါက အကိုဟွာနဲ့ ငါ, ချင်းယန်ကလန်ထဲ စိမ့်ဝင်ရခြင်းရဲ့ အကြောင်းပြချက်ပဲ၊ ကျောက်ချူက သစ်သားဗူးလေးကို ဂျန်ဝုရှီရှေ့တွင် ချထား၍ ဖွင့်ရန် လက်ဟန်ပြသည်။
ဂျန်ဝုရှီက ဗူးကို ဖွင့်လိုက်သည်။ အထဲမှာ မြေပုံတစ်ချပ် ရှိနေသည်။ သူမက အနီးကပ် ယူကြည့်လျှင်, လူ့အရေပြားမှာ ရေထိုးထားသည့် မြေပုံအပိုင်းအစမှန်း သိလိုက်သည်။
ဒီလူ့အရေပြားအပိုင်းအစက ငါ့အဖေရဲ့ ကျောကုန်းကနေ ဖြတ်တောက်ထားခဲ့တာ။ ကျောက်ချူ၏ အသံက ဝမ်းနည်းဟန် ရောစွက်သွားသည်။
ဂျန်ဝုရှီက စေ့စေ့စပ်စပ် ကြည့်သည်။ သည်မြေပုံက အပြည့်အစုံ မဟုတ်ပေ။ မြေပုံတစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နေတာကို သူမ မြင်နိုင်သည်။
ငါ, အကိုဟွာ, ဖေးယန်, ရောင်းရူနဲ့ ငါ့ဆရာ, အကုန်လုံးက အလယ်ဘုံကနေ လာကြတာ၊ အလယ်ဘုံရဲ့ အာဏာက တိုင်းပြည်တစ်ခု, နယ်လေးခု, ဘုရားကျောင်း ကိုးခု, နန်းတော် ၁၂ခုလို့ ကွဲပြားနေတယ်၊ အဲထဲက တစ်ခုတည်းသော တိုင်းပြည်ကို အမှောင်တိုင်းပြည်လို့ ခေါ်တယ်၊ အုပ်ချုပ်သူက အမှောင်ဘုရင်ကြီး၊ သူက အလယ်ဘုံမှာ စွမ်းအားအကြီးဆုံးပဲ၊ ငါတို့ကို အရင်က တိုက်ခိုက်ခဲ့တဲ့ လူနှစ်ယောက်က နန်းတော် ၁၂ခုထဲက မီးမိစ္ဆာနန်းတော်က လူတွေပဲ။
လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကြာခဲ့ချိန်က အမှေင်တိုင်းပြည်က အလယ်ဘုံတစ်ခုလုံးကို ချုပ်ကိုင်ထားခဲ့တယ်၊ နယ်လေးခု, ဘုရားကျောင်း ကိုးခု, နန်းတော် ၁၂ခုစလုံးက လုံးဝ အညံ့ခံခဲ့ကြပြီးတော့ သူတို့ရဲ့ မှော်ဝင်ပစ္စည်းတွေ အားလုံးနဲ့ လက်နက်တွေကို အမှောင်ဘုရင်ကြီးကို ဆက်သခဲ့ကြရတယ်၊ ဒါပေမဲ့ အမှောင်ဘုရင်ကြီးက ရုတ်တရက် သေဆုံးသွားခဲ့ပြီး ရတနာတွေ, မှော်ဝင်ပစ္စည်းတွေ အားလုံးကို သူနဲ့ အတူ အနက်ရှိုင်းဆုံး မြေအောက် လိုဏ်ဂူမှာ မြှုပ်နှံပစ်ခဲ့ကြတယ်။
ကျောက်ချူက ဖြည်းဖြည်းချင်း ဆက်လက် ရှင်းပြနေသည် အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူသင်္ချိုင်းမှာ စွမ်းအားအကောင်းဆုံး မှော်ဝင်ပစ္စည်းတွေ အားလုံး ရှိနေတယ်၊ အလယ်ဘုံရဲ့ ရှိရှိသမျှ ချမ်းသာမှုတွေပေါ့၊ အဲရတနာတွေကို အလယ်ဘုံက လူတိုင်း ပိုင်ဆိုင်ဖို့ စိတ်ကူးယဉ်ခဲ့ကြတယ်၊ ဒါပေမဲ့ အမှောင်ဘုရင်ကြီးရဲ့ သစ္စာရှိ ကျေးကျွန်တွေကြောင့် အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူ ဘယ်မှာ တည်ရှိနေသလဲဆိုတာကို ဘယ်သူမှ မသိခဲ့ကြဘူး။
အမှောင်နိုင်ငံက သူတို့ရဲ့ အမှောင်ဘုရင်ကြီးကို ဆုံးရှုံးလိုက်ရလို့ သူတို့ အင်အားက အရင်လို မတောင့်တင်းတော့ဘူး၊ ဒါပေမဲ့ အမှောင်ဘုရင်ကြီးက အလယ်ဘုံတစ်ခုလုံးကို စိုးမိုးခြယ်လှယ်ခဲ့လို့ သူ သေသွားပြီးတာတောင်, သူ့ရဲ့ အရှိန်အဝါက စွဲစွဲမြဲမြဲ ကျန်ရှိနေခဲ့တယ်၊ တစ်ယောက်ယောက်က အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူကို တစ်ခုခု လုပ်ရဲတယ်ဆိုရင်, အမှောင်နိုင်ငံက သူတို့ အသိုက်ထဲကနေ ထွက်လာပြီး အကုန်လုံး အမြစ်ပြတ် သုတ်သင်ပစ်ကြတော့တာပဲ။
ဒါပေမဲ့ လူသားလောဘဆိုတာ အမြဲတမ်း တင်းတိမ်သွားတယ်လို့မှ မရှိတာ၊ ဒီတော့ လူတွေက အမှောင်ဘုရင်ကြီးရဲ့ ရတနာတွေကို ဆက်လက် ရှာဖွေခဲ့ကြတယ်၊ ကာလကြာရှည်ကို ပြင်းပြင်းထန်ထန်နဲ့ ရှာဖွေကြတယ်၊ သိုသိုသိပ်သိပ်နဲ့ စုံစမ်းစစ်ဆေးကြတယ်၊ နောက်ဆုံးတော့ သူတို့က အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူက အောက်ဘုံမှာ ရှိနေတယ်ဆိုတဲ့ သတင်းကို မဖုံးနိုင်ကြတော့ဘူး၊ လူတိုင်းကို သတိပေးသလို ဖြစ်သွားမှာစိုးလို့ရယ်, ကိုယ့်ဘာသာ ရတနာတွေကို ယူချင်ကြတာရယ်ကြောင့် နန်းတော် ၁၂ခုက အုပ်စုဖွဲ့ပြီး အောက်ဘုံကို လွှတ်လိုက်ကြတယ်၊ အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူတည်နေရာကို ရှာဖွေထောက်လှမ်းဖို့ပေါ့။
ရှာဖွေခဲ့တာ နှစ်ပေါင်း တစ်ရာကျော်ကြာသွားပြီး ခရီးစဉ်အတွင်းမှာ မရေမတွက်နိုင်တဲ့ လူတွေ ပါဝင်ခဲ့ကြတယ်၊ နောက်ဆုံးတော့ သူတို့ လွှတ်လိုက်တဲ့ လူတွေထဲမှာ လူ ၇ယောက်ပဲ ကျန်ရှိတော့တယ်၊ သူတို့ကပဲ အုတ်ဂူတည်နေရာကို ထောက်လှမ်းနိုင်ခဲ့ကြတယ်၊ သူတို့က အင်အားစု အသီးသီးကနေ လာခဲ့ကြတာ၊ ဒီတော့ အချင်းချင်း ထိန်းချုပ်ဖို့ သူတို့ ရှာဖွေ တွေ့ရှိခဲ့တဲ့ နေရာကို သူတို့ ၇ယောက်ရဲ့ ကျောပြင်မှာ အမှတ်အသား ၇ခု ခွဲလုပ်ထားခဲ့ကြတယ်။
ထိုစကားသို့ ရောက်လာလျှင် ကျောက်ချူမျက်နှာက မည်းနက်လာသည်။ သူက ဆက်ပြောသည် အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူတည်နေရာကို ထောက်လှမ်းနိုင်ကြတဲ့ လူတွေက အလယ်ဘုံကို အကုန်လုံး ပြန်လာကြတယ်၊ သူတို့ ရရှိထားတဲ့ မြေပုံအစိတ်အပိုင်းတွေကို သူတို့ ကိုယ်စားပြု အင်အားစုတွေကို တလေးတစားနဲ့ လွှဲပြောင်းပေးခဲ့ကြတယ်၊ သူတို့ ထင်နေကြတာက သူတို့ တာဝန် ပြီးမြောက်အောင်မြင်သွားလို့ သူတို့ ကောင်းကောင်းအနားယူဖို့ ထိုက်တန်တယ်လို့ ထင်ထားကြတာ၊ ဒါပေမဲ့ အဲအစား သူတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက စောင့်ကြိုနေကြတယ်လေ။
နန်းတော် ၁၂ခုက အမှောင်နိုင်ငံရဲ့ လက်တုံ့ပြန်မှာကို ကြောက်ရွံ့ကြလို့ အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူကို မလေးမစားလုပ်တဲ့ အပြစ်မှန်သမျှကို လူ ၇ယောက်အပေါ် အကုန် ပုံချလိုက်ကြတယ်၊ သူတို့ ၇ယောက်စလုံး အသတ်ခံလိုက်ပြီး ကျောမှာ ရေးထိုးထားတဲ့ မြေပုံတွေကိုလည်း နန်းတော် ၇ခုက ခွာယူသွားကြသည်။ မြေပုံ ၇ခု ခွဲထုတ်ထားပေမဲ့ နန်းတော်အသီးသီးက ကိုယ့်အတွက်သာ ကိုယ့်ကြည့်ကြပြီး ရတနာတွေကို မောင်ပိုင်စီးချင်နေကြတယ်၊ ကနေ့အထိပေါ့၊ သူတို့က အခုထိ မြေအောက်အုတ်ဂူတည်နေရာကို တိတိကျကျ ရှာမတွေ့ကြသေးဘူး။