၃၄၆။ “ရှင်သန်ဖို့ တိုက်ခိုက်ပါ - ၂”
ကြာပန်းလေးက ဂျန်ဝုရှီကို အသာအယာ မြေပြင်ပေါ်သို့ ချလိုက်ပြီး သူမ၏ အားနည်းနေသည့် ပုံစံကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက အနက်ရောင်သားရဲကြီးကို လှည့်ကြည့်သည်။ သားရဲကြီး အခုထိ အဖြူရောင်ဝတ်စုံရှင်၏ လည်ပင်းကို သူ့အစွယ်များဖြင့် ထိုးစိုက်ထားတုန်းပင်။
အပြာရောင် မီးလျှံများက သူ့ကိုယ်မှ ထတောက်လာပြီး ရုတ်တရက် လင်းဖြာသွားသည်။
ထိုမီးလျှံများက မိုးကောင်းကင်ကိုပင် အစိတ်စိတ်အမွှာမွှာ ကွဲစေနိုင်အောင် အော်မြည်လျက် ကြာပန်းလေး ကိုယ်မှ ထွက်လာကြသည်။
ထိုအခိုက်တွင် သေးငယ်ပြီး ဝကစ်ကစ် ပုံရိပ်က မီးလျှံများအောက်တွင် စတင် ကြီးထွားလာသည်။
အမူးသမား ကြာပန်းလေးက မထိန်းနိုင်မသိမ်းနိုင်လောက်အောင် ဒေါသပြင်းထန်စွာ ထွက်လာပြီး သူ့မျက်လုံးများက အမုန်းမီးများ တောက်လောင်လာပြီး အဖြူရောင်ဝတ်စုံရှင်လူကို ကြည့်လိုက်သည်။
“အနက်လေး” အမူးသမား ကြာပန်းက ၎င်းစကားလုံးနှစ်လုံးကို သွားကြားထဲမှ လေသံဖြင့် ဖျစ်ညှစ်၍ ပြောလာသည်။
အနက်ရောင်သားရဲကြီးက မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ထိုမျက်လုံးများမှာ အလင်းရောင်က မှေးမှိန်လို့လာသည်။ ဂျန်ဝုရှီ၏ ဝိညာဉ်တိုက်ခိုက်ခြင်းက အတင်းအဓမ္မ ဖျက်ဆီးခံလိုက်ရပြီး ကြာပန်းလေးက ပေါ်ထွက်လာခဲ့သည်။ သို့သော် အနက်ရောင်သားရဲကြီးက တစ်လက်မပင် ရွေ့သွားခွင့် မပေးခဲ့ဘဲ အဖြူရောင်ဝတ်စုံရှင်လူကို အသဲအမဲ ကိုက်ထားသည်။ သို့မဟုတ်ပါက, သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်မှာဖြစ်ပြီး ဂျန်ဝုရှီ အသက်ရှင်သန်ဖို့ မကျိန်းသေတော့ပေ။
သို့သော် အသေအကျေ တိုက်ခိုက်နေရာမှာ အဓိကကျသည့် ဂျန်ဝုရှီက ကျရှုံးသွားသဖြင့် အနက်ရောင်သားရဲကြီး၏ စိတ်ဝိညာဉ်က ရန်သူကို အချိန်တိုလေးသာ ထိန်းထားနိုင်တော့သည်။ ရန်သူကို များများစားစား ထိခိုက်အောင် မလုပ်နိုင်တော့ပေ။
“ငါတို့ ကြားထဲက အကြွေးက, နောက်ဘဝကျရင် ဖြေရှင်းကြတာပေါ့၊ အရင်ဆုံး ဒီကောင်ကို သတ်လိုက်ကြတာပေါ့” အမူးသမား ကြာပန်းလေးမှာ လက်တစ်ဖက်သာ ရှိတော့သည်။ ၎င်းလက်တစ်ဖက်ဖြင့် အကြောများထင်းနေအောင် လက်သီးဆုပ်လိုက်သည်။ တင်းတင်းဆုပ်လိုက်၍ တဂျွတ်ဂျွတ် အရိုးကျိုးသံများပင် ထွက်လာသည်။
အနက်ရောင်သားရဲကြီး ကြာပန်းလေးအား ပြန်ပြောသည့်အနေဖြင့် ခပ်တိုးတိုး ဟိန်းလိုက်သည်။
ကြာပန်းလေးက နောက်ထပ် လေးဖင့်မနေတော့ဘဲ အဖြူရောင်ဝတ်စုံရှင်သို့ ပြေးဝင်လိုက်သည်။ ထိုလူကို အနက်ရောင်သားရဲကြီးက သူ့အစွယ်များဖြင့် မလွှတ်တမ်း ကိုက်ခဲထားဆဲ ဖြစ်သည်။ သူက သူ့ဝိညာဉ်ကိုပင် စွန့်လွှတ်ထားလိုက်ပြီ ဖြစ်သည်။ အမူးသမားကြာပန်းလေးက သူ့လက်သီးမှာ ရှိရှိသမျှ ဝိညာဉ်စွမ်းအားများကို ထည့်သွင်း၍ အသေတိုက်ကွက်အနေဖြင့် ထိုလူ့ကို ထိုးထည့်လိုက်သည်။
အဖြူရောင်ဝတ်စုံရှင်က အင့်ခနဲ အော်ညည်းလိုက်သည်။ သူ့မျက်လုံးများက သွေးကြောများ နီရဲကုန်သည်။ သည်နိမ့်ကျသည့် လောကမှ အမှိုက်ကောင်များကြောင့် သူ ဒဏ်ရာရသွားတာကို မယုံကြည်နိုင် ဖြစ်နေသည်။
“ဒါဆို မင်းက အပင်အမျိုးအစား ဝိညာဉ်ပေါ့၊ အနည်းဆုံးတော့...” သူက အားတင်းပြုံးလိုက်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အနက်ရောင်သားရဲကြီးကို အဝေးသို့ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူက အမူးသမား ကြာပန်းထံသို့ ခုန်ဝင်လာကာ သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
“မင်းကို ဝါးမျိုပြီးတဲ့ အထိ စောင့်အုံးပေါ့၊ အဲဒီနောက် မင်း မာန်ထောင်နိုင်ပါ့အုံးမလား ကြည့်ရတာပေါ့။”
သူ့လည်ပင်းကို ဆုပ်ကိုင်ထားသည့် အင်အားကြောင့် အမူးသမား ကြာပန်းက လွတ်အောင် ရုန်းလို့ မရတော့ပေ။ သို့သော် သူက သူ့လည်ပင်းအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာကို လျစ်လျူရှူလိုက်ပြီး ထိုလူ၏ ရင်ဘတ်ကို အားကုန်သုံး၍ ကန်ထည့်လိုက်သည်။
အဖြူရောင်ဝတ်စုံရှင်က အမူးသမားကြာပန်း၏ ကန်ချက်ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သို့သော် သူက အမူးသမားကြာပန်း၏ လည်ပင်းအား ဆုပ်ကိုင်ထားတာကို ဖြေလျှော့မပေးဘဲ သူနှင့် အတူ တရွတ်တိုက် ဆွဲခေါ်သွားသည်။
“တောက်” အဖြူရောင်ဝတ်စုံရှင်က ဒေါသထွက်သွားသည်။ သူက ဒီလို အထိခိုက်ခံရမည်လို့ သူ့ကိုယ်သူ ထင်မထားခဲ့ပေ။
အမူးသမားကြာပန်း၏ လည်ပင်းကို ဆုပ်ကိုင်ထားခြင်းက ပိုမို တင်းကျပ်သွားသည်။ ထိုလူက အမူးသမားကြာပန်း၏ လည်ပင်းကို မည်သည့်နည်းဖြင့်မဆို လွှတ်ပေးလိုပုံမရပေ။ “လက်စွပ်ဝိညာဉ်ဖြစ်နေလို့, မင်းက သေမှာ မဟုတ်ဘူး၊ မင်းကို ဒုက္ခပေးတော့မှ မင်း ပျော်ပျော်ကြီး ခံလိုက်ပေါ့ကွာ။”
အဖြူရောင်ဝတ်စုံရှင်က လက်တစ်ဖက်ကို အမူးသမားကြာပန်း၏ ဦးခေါင်းသို့ လှမ်းလိုက်သည်။
ထိုစဉ်, သားရဲကြီး၏ ဟိန်းသံထွက်လာပြီး အနက်ရောင်သားရဲကြီးက လွင့်ထွက်သွားရာမှ ပြန်ခုန်ဝင်လာကာ သူ့အစွယ်များဖြင့် ထိုလူ၏ အပေါ်ပိုင်း လက်မောင်းကို ထိုးစိုက်လိုက်သည်။
အဖြူရောင်ဝတ်စုံရှင်က နာကျင်သွားသဖြင့် အမျက်ချောင်းချောင်း ထွက်သွားသည်။ သူ့ရန်သူအုပ်စုက ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး ဇွဲနပဲကောင်းစွာ တိုက်ခိုက်လာမည်ဟု သူ မတွေးထင်မိပေ။
သူက သူ့လက်နှစ်ဖက်စလုံးမှာ ဝိညာဉ်စွမ်းအားများကို စုစည်း၍ အနက်ရောင်သားရဲကြီး၏ ဦးခေါင်းသို့ ပစ်ထည့်လိုက်သည်။ အနက်ရောင်သားရဲကြီးက သူ့အစွယ်များကို လက်မောင်းတွင် အသေကိုက်ခဲထားသည်။ သို့သော် ထိုလူ့ထံမှ ပေါက်ကွဲထွက်လာသည့် ဝိညာဉ်စွမ်းအား၏ ထိမှန်တာကို ခံလိုက်ရ၍ သားရဲကြီး၏ မေးရိုးမှ အသားများက တစ်ခြမ်း စုတ်ပြဲသွားသည်။ သားရဲကြီးက မချိမဆံ့ နာကျင်သွားပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသည်။
ဝိညာဉ်စွမ်းအား ပေါက်ကွဲမှုကြောင့် အမူးသမားကြာပန်းက သတိမေ့လုမတတ်ဖြစ်သွားရပြီး သူ့လျှာကို သူ ပြန်ကိုက်ကာ နာကျင်မှုဖြင့် သတိကို ပြန်ထိန်းထားလိုက်သည်။ သူက တုန်ယင်နေသည့် လက်ဖြင့် အဖြူရောင်ဝတ်စုံရှင်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ၎င်း၏ လှုပ်ရှားနိုင်ခြေကို ထိန်းချုပ်ရန် ဖြစ်သည်။
“အခု သူ့ကို တိုက်တော့” အမူးသမား ကြာပန်းက ရုတ်တရက် အားကုန်သုံး၍ အော်လိုက်သည်။
ဟွာယောင်းနှင့် ကျောက်ချူက အနည်းငယ် အားပြန်ရလာကြာပြီမို့ နောက်ဆုံးအခွင့်အရေးအနေဖြင့် ဘေးတစ်ဖက်တစ်ချက်သို့ ခုန်ဝင်၍ ရှိရှိသမျှ အားကုန်သုံး၍ ထိုလူအား တိုက်ခိုက်ကြလေ၏။
တောင်တောက်လျှောက် ပေါက်ကွဲသံ ဆူညံသွားသည်။ အဖြူရောင်ဝတ်စုံရှင်၏ ဝိညာဉ်စွမ်းအားများက မျက်စိကန်းလောက်အောင် ဖြာထွက်လာသည်။