၃၃၃။ “ခြောက်ခုမြောက် ရိုက်ချက် - ၅”
သူက သူ့တစ်ဘဝလုံး ချင်းယန်ကလန်ကို တိုးတက်အောင် လုပ်မည့်သူသာ ဖြစ်သည်။ သို့ပါလျက် သူက တကယ်ပင် ချင်းယန်ကလန်ကို လုံးလုံး ဖျက်ဆီးပစ်မည့် အပြင်လူများနှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖြစ်နေသလော။
ဒါကို အဓိပတိနှင့် တခြားအကြီးအကဲများက မယုံကြည်နိုင် ဖြစ်နေကြသည်။
ချင်ယွဲ့၏ အသည်းအသန်အော်ဟစ်မေးမြန်းခြင်းကို ပြန်ပြောရန် မုချန်က ဖြည်းဖြည်းချင်း ချင်ယွဲ့ကို လှည့်ကြည့်သည်။ သူက အသာအယာ ပြောလာလျှင် သူ့အသံက အလွန် စက်ဆုပ်ရွံ့ရှာနေဟန် ဖြစ်နေသည်။ “ဒီနေရာက ငါ သိခဲ့တဲ့ ငါ တန်ဖိုးထားခဲ့တဲ့ နေရာနဲ့ မတူတော့တာ ကြာလှပေါ့၊ ချင်းယန်ကလန်က ဒီလိုမျိုး တည်ရှိနေမယ်ဆိုရင်, ငါက လုံးဝ မတည်ရှိတော့မှာကိုပဲ ရွေးချယ်မယ်။”
ကလန်၏ အတိတ်မှ မြတ်နိုးဖွယ်ကောင်းသည့် အပြစ်ကင်းစင်ခြင်းက, ညစ်ညမ်းသည့် မကောင်းမှုများဖြင့် လွှမ်းအုပ်ခံလိုက်ရပြီး အမည်းစက် စွန်းထင်းသွားခဲ့သည်။ ၎င်းမကောင်းမှုများက လတ်တလောနှစ်များတွင် အမြစ်တွယ်လာပြီး ပျံ့နှံ့လာခဲ့သည်။ ကလန်က လုံးလုံးလျားလျား ပျက်စီးသွားသင့်လေပြီ။
ချင်ယွဲ့က မုချန်ကို ပြင်းထန်သည့် ဒေါသဖြင့် စူးစိုက်ကြည့်သည်။ မုချန်က ဘယ်တုန်းက လူငယ်သုံးယောက်နှင့် မိတ်ဖွဲ့သလဲဆိုတာကို သူ နားမလည်နိုင်, မခန့်မှန်းနိုင် ဖြစ်နေသည်။ မုချန်က သည်တစ်ချိန်လုံး ဆိုးဆိုးရွားရွား အဆိပ်မိနေခဲ့သည် မဟုတ်လော။ ဒါဆို သူက ဘယ်လိုနည်းဖြင့် သူတို့နှင့် ပူးပေါင်းမိသနည်း။
ချင်ယွဲ့စိတ်ထဲတွင် မေးခွန်းပေါင်းများစွာက နားလည်ခက်စွာ ချာလည်လည် ဖြစ်နေသည်။ မကြာခင်မှာပင် အဖြေက ရုတ်တရက် ပေါ်ပေါက်လာသည်။
မုချန်က အဆိပ်ကြောင့် အိပ်ရာပေါ် လဲနေသည့်အချိန်မှာ,ဒါက တခြားအကြီးအကဲများ သနားလာအောင် ပရိယာယ်ဆင်ခြင်းသာ ဖြစ်သည်။ မုချန်က များများစားစား မပြောပေ။ သို့သော် စကားလုံးတစ်လုံးစီက ချင်ယွဲ့အား လောင်ကျွမ်းသွားစေသည်။
မင်းတို့က ဒီနေရာမှာ ငါနဲ့ အကြီးအကဲတွေကို သတ်ပစ်လိုက်ရင်, မင်းတို့က ချင်းယန်ကလန်ကနေ အသက်ရှက်ရဲ့ ထွက်သွားနိုင်မယ်လို့ မင်းတို့ ထင်နေကြတာလား၊ မင်းတို့ကို ပြောလိုက်မယ်၊ စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်ကြတော့၊ တောင်ထွတ် ၁၂ခုက စုပေါင်းတပည့်တွေက မင်းတို့ကို မထိမခိုက်ဘဲ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူး၊ ဒီတိမ်ထူတောင်ထွတ်တွေက မင်းတို့ရဲ့ နောက်ဆုံး အနားယူရမဲ့ နေရာဖြစ်သွားလိမ့်မယ်” ချင်ယွဲ့က ဒေါသလည်းထွက် ကြောက်လည်း ကြောက်နေသည်။ သူက မချင့်မရဲဖြစ်နေပြီး အော်ဟစ်ကာ စိတ်ထွက်ပေါက်ရှာသည်။ သူ့စိတ်ထဲမှ ကြောက်ရွံ့နေခြင်းကို ဖုံးကွယ်ထားဖို့ ကြိုးစားသည်။
ဂျန်ဝုရှီက ရယ်လေ၏။ ဂျန်ဝုရှီထံမှ သာယာကြည်နူးဖွယ်ရယ်သံက စီးဆင်းထွက်လာသည်။ ခန်းမကြီးထဲတွင် ရှင်းလင်းစွာ ပဲ့တင်သွားသည်။ သူမက ချင်ယွဲ့၏ အချည်းနှီး ခြိမ်းခြောက်စကားကြောင့် စိတ်ပျက်ငြီးငွေ့စွာ ခေါင်းယမ်းလိုက်သည်။ ချင်ယွဲ့က လှုပ်ရှားခြင်းမရှိဘဲ ခြိမ်းခြောက်နေသည်မို့လား။ သူ့မျက်နှာကတော့ သေမလောက် ဖြူရော်ရော် ဖြစ်နေသည်။
“မဖြစ်နိုင်ဘူး, မင်း ကနေ့ ဒီမှာ အောင်မြင်မှာ မဟုတ်ဘူး”ချင်ယွဲ့က တည်ငြိမ်အောင် ရုန်းကန်နေရသည်။ သို့သော် တကျည်ကျည်အသံက သူ့အား ပြောနေပုံက သူ့ရှေ့ရှိ လူငယ်က လုံးဝ အနိုင်ယူနိုင်စွမ်းရှိသူဟူ၍ ဖြစ်သည်။
ဂျန်ဝုရှီက ဖယောင်းလုံးထားသည့် ဆေးကို သူ့လက်ဖဝါးတွင် တင်ပြလိုက်သည်။
“ဒါ အဆိပ်မြူဆေးလုံးပဲ၊ တစ်နာရီအတွင်းမှာ တောင်ထွတ်တွေပေါ် နေမြင့်လာတာနဲ့ အပူချိန်က ဖယောင်းကို အရည်ပျော်ကျစေပြီး ခွာထုတ်ပစ်လိမ့်မယ်၊ အဲနောက် အဆိပ်မြူက ပျံ့နှံ့သွားလိမ့်မယ်၊ နည်းနည်းလေး ထိမိရင်, ဒါမှမဟုတ် ရှူသွင်းမိရင် အဲလူရဲ့ အသက်ကို ချက်ချင်း နှုတ်ယူသွားလိမ့်မယ်။”
ဂျန်ဝုရှီက အဆိပ်ဆေးလုံးကို ချင်ယွဲ့နှင့် တခြားအကြီးအကဲများရှေ့တွင် ပြလိုက်သည်။ သူမအပြုံးက ကျယ်ပြန့်လာပြီး တောက်ပလာသည်။ ဂျန်ဝုရှီက သည်ဆေးလုံးကို ခဲချန်ဂျု၏ အထီးကျန်အဆိပ်မီးခိုးငွေ့၏ သက်ရောက်မှုကို အတုယူပြီး တိုးတက်ဖန်တီးထားခြင်း ဖြစ်သည်။ သည်အဆိပ်က ပုံစံမဲ့နေပြီး လွတ်မြောက်ဖို့ရာ မဖြစ်နိုင်ပေ။ မဲနယ်ရောင်ဝိညာဉ်စွမ်းအားရှင်ထက် သာလွန်သူများသာ သည်အဆိပ်၏ စွမ်းအားကို ဖိနှိပ်ကျော်လွှားနိုင်မည် ဖြစ်သည်။
“ဒီဆေးလုံးတွေ အများကြီးကို ချင်းယန်ကလန်တောင်ထွတ် ၁၁လုံးမှာ နေရာချထားပြီးပြီ၊ ဒီအဆိပ်က ခင်ဗျားတို့ရဲ့ အချစ်ဆုံး တပည့်တွေကို တစ်ပြုံတစ်မကြီး ငရဲကို ပို့ပေးလိမ့်မယ်။” ဂျန်ဝုရှီက တောက်ပစွာ ပြုံးလျက် ပြောသည်။ ထို့နောက် သူမ၏ မျက်လုံးများက သတ်ဖြတ်လိုခြင်းကြောင့် လက်လက်ထနေသည်။
“ဘယ်တုန်းက.... မင်း ဒါတွေ အားလုံးကို... စီမံခဲ့တာလဲ” ချင်ယွဲ့က ကြောက်ရွံ့ခြင်းကြောင့် မျက်လုံးပြူးကာ စူးစူးရဲရဲ ကြည့်နေမိသည်။ သူက အကြီးအကျယ် တုန်လှုပ်လာသည်။
သူ ပြောသမျှ အရာအားလုံးက ဖြီးဖြန်းတာ မဟုတ်လျှင်... တပည့်အမြောက်အမြားနှင့် အတူ အင်အားကြီး ချင်းယန်ကလန်က.... အဆုံးသတ်ပြီပေါ့.....
ဂျန်ဝုရှီက ဘာမျှ မဟုတ်သလိုဖြင့် ပြန်ပြောသည် “ခင်ဗျား ခဲချန်ဂျုကို ဒီ့ပြင်တောင်ထွတ်တွေကနေ တပည့်တွေကို ခေါ်ယူဖို့ ခွင့်ပြုခဲ့ပြီးနောက်ပေါ့။”
ချင်ယွဲ့က သက်ပြင်းနက်နက် ဆွဲငင်ပြီးနောက် အရှုံးပေးကာ ပစ်ထိုင်ကျသွားသည်။
တောင်ထွတ်အားလုံးမှ သူတို့ကိုယ်ပိုင် အစောင့်များက အပြင်လူများကို ခွင့်ပြုချက်မရှိလျှင် မဝင်ရအောင် တားမြစ်ထားသည်။ ထိုလူငယ်သုံးယောက် အထဲဝင်ခွင့်ရရန်, တောင်ထွတ်များအတွင်း အဆိပ်ထားနိုင်ရန် သူတို့ကို မမြင်ရဘဲ အောင်မြင်အောင် လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သည့် အနေအထားပင်။ သို့သော် အဓိပတိ၏ ထောက်ခံမှုနှင့် အမိန့်ကြောင့်ဆိုလျှင်, သူတို့အတွက် ဒါတွေအားလုံးကို လုပ်ဆောင်ဖို့ လွယ်ကူသွားလေပြီ။
ထိုအခိုက်တွင် ချင်ယွဲ့က နောက်ဆုံးတွင် နားလည်သွားလေ၏။ ဒီကောင်လေးက အဓိပတိအား ဆန့်ကျင်ရန် အကြီးအကဲများအား လှုံ့ဆော်ရန်သာ အလိုရှိခဲ့သည် မဟုတ်ပဲ။ သူက အရာအားလုံးကို အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုလားခဲ့သည်။
တပည့်များ ရွေးချယ်ပွဲတွင် သူက အကြီးအကဲများအားလုံး၏ အာရုံစိုက်ခံရအောင် လုပ်ဆောင်ခဲ့သည်။ တောင်ထွတ်များတွင် မည်သူမျှ သတိမပြုမိစေဘဲ ထိုမျိုးစေ့များကို လွတ်လွတ်ကျွတ်ကျွတ် စိုက်ပျိုးနိုင်ခဲ့သည်။
သူက ချင်းယန်ကလန်တစ်ခုလုံးကို အမြစ်ဖြတ်ပစ်ဖို့ သူ့ကြံစည်မှုကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့ပြီပေါ့။