၃၃၂။ “ခြောက်ခုမြောက် ရိုက်ချက် - ၄”
အကြီးအကဲတစ်ယောက်က သူ့ရှေ့မှ သွေးထွက်သံယို မြင်ကွင်းကြောင့် မှင်တက်ငေးမောနေပြီး ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေရုံသာ တတ်နိုင်သည်။ ချင်ယွဲ့၏ အော်သံကြားမှသာ သူက ရုတ်တရက် သတိဝင်လာပြီး ပြေးထွက်ဖို့ လှုပ်ရှားလိုက်သည်။ အကူအညီခေါ်ဖို့ ဖြစ်သည်။
သို့သော် သူ ခန်းမတံခါးကြီးမှ လှမ်းမထွက်နိုင်ခင်မှာပင်, သားရဲကြီးတစ်ကောင်က ဘွားခနဲ ပေါ်လာပြီး သူ့ကို အထဲသို့ ပြန်ရိုက်ထုတ်လိုက်သည်။
အနက်ရောင်သားရဲကြီးက သူ့ခန္ဓာကိုယ်ဖြင့် တံခါးကို ပိတ်ဆို့ထားသည်။ သူက ခေါင်းငုံ့ကာ မာန်ဖီလိုက်သည်။ မေးရိုးနှစ်ဖက်မှ အစွယ်များက ထက်မြိနေကြသည်။ တံခါးဝမှ ရိုက်ထုတ်ခံရ၍ လွင့်ပျံထွက်သွားသော အကြီးအကဲက သတိလစ်လုလု ဖြစ်သွားရသည်။ သူက အနက်ရောင် သားရဲကြီးကို မြင်လျှင် သူ့ခြေထောက်များက ပျော့ခွေကျသွားကြသည်။
ခန်းမကြီးထဲတွင် သွေးများက အနှံ့ပျားစီး ဖြစ်ကုန်ပြီး တိမ်ပြာတောင်ထွတ် တပည့်များက တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။ သားရဲကြီးနှစ်ကောင်၏ သည်းကြီးမည်းကြီး တိုက်ခိုက်မှုအောက်တွင် လူငယ်သုံးယောက်က ဘေးမသီရန်မခဘဲ တည်ငြိမ်စွာ ကြည့်နေကြသည်။ ခန္ဓာကိုယ်များက တဖြုတ်ဖြုတ် လဲကျကုန်ပြီး ပုံထပ်လာလေ၏။
ဂျန်ဝုရှီက တိုက်ပွဲကို ရပ်ကြည့်နေပြီး သေမတတ်ဖြူရော်ရော်ဖြစ်နေသည့် ချင်ယွဲ့ကို စူးစမ်းကြည့်နေသည်။ သူမက အေးစက်ပြင်းထန်သည့် မျက်လုံးများဖြင့် ချင်ယွဲ့ကို ကြည့်နေခြင်း ဖြစ်သည်။
ချင်ယွဲ့က ထိုအေးခဲမာကျောသည့် မျက်လုံးများကို မြင်ရလျှင် အရိုးထဲထိ အေးစိမ့်စိမ့် ခံစားလိုက်ရသည်။
သူက သည်သေမင်းတမန်များကို သူ့ဘဝတွင် ဘယ်တုန်းက စော်ကားမိမှန်း မမှတ်မိချေ။ သူတို့က သိသာထင်ရှားစွာ ငယ်ရွယ်ကြသူများသာ ဖြစ်ကြသည်။ သို့သော် သူတို့မှာ အရွယ်ရောက်ပြီး အားကောင်းလွန်းသည့် လက်စွပ်ဝိညာဉ်များ ရှိနေကြသည်။
သူတို့ကို ကြည့်နေရင်း စွမ်းရည်အမြင့်ဆုံး ချင်ယွဲ့သည်ပင် တိုက်ပွဲထဲ မပါဝင်ရဲတော့ချေ။
သူတို့၏ စွမ်းရည်များကို သူ မြင်ပြီးဖြစ်၍ သူက ထိုလက်စွပ်ဝိညာဉ်သားရဲများ၏ ပြိုင်ဘက်မဖြစ်နိုင်မှန်း သူ နှလုံးသားထဲကနေ သိနေသည်။
ချင်ယွဲ့၏ ကြောက်လန့်ခြင်းက နောက်တဖန် ပြင်းထန်လာသည်။ အကြောက်တရားက သူ့ကို ဖမ်းဆုပ်လာသည်။ သူ့ခေါင်းပေါ်မှာ သေခြင်းတရားက ဘွားခနဲ ပေါ်လာသလို သူ ခံစားနေရသည်။
ထိုသေခြင်းတရားကို သူ့စိတ်ထဲမှာ မြင်နေရသည်။ သူ့တပည့်များ အားလုံးက အစုလိုက် အသတ်ခံလိုက်ကြရလေပြီ။ ခန်းမကြီးထဲတွင် နေရာအနှံ့ သွေးများ ပေကျံကုန်သည်။ သူတို့၏ သက်မဲ့ကိုယ်များက ပုံထပ်ကုန်သည်။ လူငယ်သုံးယောက် ရပ်နေသည့် နေရာမှာသာ ကွက်ကျန်၍ ရှင်းလင်းနေသည်။
သူ့ရှေ့ရှိ တိုက်ပွဲကြီးက အလယ်တွင် ရပ်နေသည့် လူငယ်သုံးယောက်အား ခြစ်ရာပင် မထင်စေ။
ချင်ယွဲ့နှင့် အကြီးအကဲများအားလုံး ကြောက်လန့်နေကြလေပြီ။ သူတို့အားလုံးက ကုန်းမြေရှိ လူများ၏ ကြည်ညိုမြတ်နိုးခြင်းကို ခံယူထားကြသူများ ဖြစ်ကြသည်။ သူတို့ကို လူငယ်လေး သုံးယောက်က ခါးသီးသည့် ကြောက်ရွံ့ခြင်းအရသာကို ပေးစွမ်းနိုင်မည်လို့ သူတို့ ဘယ်တော့မှ ထင်ထားကြမည် မဟုတ်ပေ။ သူတို့ ပါးစပ်ထဲမှာ အလွန်ခါးသီးနေကြလေပြီ။
သူတို့ မောက်မာခဲ့ကြသည်။ ဂုဏ်ဝင့်ခဲ့ကြသည်။ သို့သော် အခုအခါမှာ အားလုံး တစ်စစီ ကျိုးကြေ ပျက်စီးသွားကြရလေပြီ။ သူတို့၏ တစ်ခါမျှ အောက်မစိုက်ခဲ့ကြသည့် နှာခေါင်းများ, မောက်မာလှသည့် အပြုအမူများ အားလုံး ကုန်ဆုံးသွားကြရလေပြီ။ သူတို့က တုန်လှုပ်ချောက်ချားလျှက် ရပ်နေကြသည်။ သူတို့ ကြွက်သားများက မလှုပ်ရှားနိုင်ကြတော့ချေ။ ဒါတွေ အားလုံး အိပ်မက်ဆိုးမက်နေတာသာ ဖြစ်ပါစေတော့ဟူ၍ သူတို့ ဆုတောင်းနေမိကြသည်။
သူတို့ထဲမှ အကြီးအကဲ တစ်ယောက်တည်းသာ တည်ငြိမ်စွာ ထိုင်နေသည်။ သူ့မျက်လုံးများက ဂျန်ဝုရှီမျက်လုံးများနှင့် ဆုံကြည့်လိုက်ပြီး သူ ထလာသည်။ ဖြည်းဖြည်းချင်း လူငယ်သုံးယောက်ထံ လျှောက်လှမ်းလာသည်။
“မုချန် ဘာလုပ်နေတာလဲ” ခေးရှောင်းက မေးသည်။ သူက တခြားအကြီးအကဲတစ်ယောက်၏ နောက်တွင် ပုန်းနေသည်။ သူက ဂျန်ဝုရှီထံ လျှောက်လှမ်းသွားသည့် မုချန်ကို ပြူကြည့်ရင်း မေးသည်။
ချင်ယွဲ့၏ မျက်လုံးများက မုချန်နောက် လိုက်ပါသွားသည်။
“မင်းတို့က ငါထင်ထားထက်တောင် တော်နေကြတယ်၊ မင်းတို့နဲ့ အတူတူ လက်တွဲရလို့ ငါ ဂုဏ်ယူဝမ်းမြောက်မိတယ်။” မုချန်က ကြမ်းပြင်ပေါ်ရှိ သွေးအိုင်များကို ဖြတ်လျှောက်သွား၍ ဂျန်ဝုရှီရှေ့တွင် ရပ်လိုက်သည်။ သူ့မျက်နှာက ပထမဆုံး အပြုံးဖြင့် တောက်ပဝေဆာနေသည်။ ၎င်းအပြုံးက ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ဖြစ်ပေါ်လာသည့် စိတ်လိုလက်ရအပြုံး ဖြစ်သည်။
“ဒါ မပြီးသေးဘူး။” ဂျန်ဝုရှီက ပြန်ပြုံးပြသည်။
ချင်ယွဲ့က မုချန်နှင့် ဂျန်ဝုရှီတို့၏ စကားပြောနေခြင်းကို အတိုင်းသား ကြားလိုက်သည်။ မုချန်၏ သစ္စာဖောက်မှုကြောင့် သူက ဒေါသအိုး ပေါက်ကွဲလာပြီး သူ့မျက်နှာက နီရဲလာသည်။
“မုချန်... မင်းက သူတို့နဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပေါ့၊ ဟုတ်လား၊ မင်းက ချင်းယန်ကလန်ကို ဖျက်ဆီးပစ်တော့မှာလား၊ မင်း ဘယ်လို လုပ်နိုင်ရတာလဲ၊ ချင်းယန်ကလန်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့လေ” မုချန်က ချင်းယန်ကလန်ကို ဘက်ပြန်မည့် နောက်ဆုံးလူတစ်ယောက်ဟူ၍ သူက မျှော်လင့်ထားပြီး ဖြစ်သည်။
မုချန်၏ ဖခင်က ချင်းယန်ကလန်၏ အရင် အဓိပတိဖြစ်သည်။ မုချန်က သည်တိမ်ထူတောင်ထွတ်များတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ မုချန်၏ တိမ်ထူတောင်ထွတ်များကို တွယ်တာမှုက သည်ရှိနေသည့် လူအားလုံးထက် သာလွန်သည်။