၃၂၀။ “သိုးငယ်က သားရဲဖြစ်လာခြင်း - ၄”
မုချန်က ပင့်သက်နက်နက် ရှိုက်မိသည်။ ဂျန်ဝုရှီက “သေသွားတဲ့ လူက ကျုပ်ကို မဆန့်ကျင်နိုင်တော့ဘူး”ဆိုသည့် စကားကို ပြောကြားသည့်အခါမှာ, သူက ဖြစ်နိုင်ဖွယ်ရာကို စဉ်းစားပြီး ဖြစ်သည်။ သို့သော် အခု ဂျန်ဝုရှီက အတည်ပြုလိုက်သည်။ အမှန်တရားက သူ့အရိုးများကိုတောင် တုန်လှုပ်သွားစေတာကို သူ သတိပြုမိလိုက်သည်။
“ခဲချန်ဂျုက ဝိညာဉ်စွမ်းအားကို မပိုင်ဆိုင်ထားပေမဲ့, သူက အဆိပ်မှာ အဆင့်မြင့်မြင့် ကျွမ်းကျင်သူပဲ၊ သူ့ကို မင်း ဘယ်လိုလုပ် သတ်နိုင်သွားတာလဲ” မုချန်က အလွန် သိချင်သွားသည်။ သူ ငယ်စဉ်က, ခဲချန်ဂျုကို သတ်ရန် စဉ်းစားခဲ့ဖူးသည်။ သူ့အဖေအတွက် သွေးကြွေးဆပ်ရန် ဖြစ်သည်။ သို့သော် ခဲချန်ဂျုမှာ အဆိပ်များက လက်နက်တိုက်တစ်ခုလို ရှိနေလို့ သူက ဆက်လက် မဆောင်ရွက်နိုင်ခဲ့ပေ။
သူ့မျက်စိရှေ့ရှိ ဂျန်ရှီက အညွန့်ထွက်ခါစ လူငယ်သာ ဖြစ်သည်။ သူ့မှာ တခြားလူနှစ်ယောက် ရှိသည်ထားဦးတော့, ထိုနှစ်ယောက်ကလည်း သူတို့ အသံနှင့် အသားအရေများအရ ငယ်ရွယ်သူများသာ ဖြစ်ကြသည်။
ကြမ်းတမ်းပြီး ကြောက်စရာလူဆိုး ခဲချန်ဂျုကို သည်လူငယ် သုံးယောက်က သတ်ပစ်ခဲ့ကြသတဲ့လား၊ ဒါက မယုံကြည်နိုင်စရာ ဖြစ်ရပ်ပင်။
ဘေးဘက်တွင် ရှိနေသည့် ကျောက်ချူက လျှို့ဝှက်စွာ လှောင်ပြောင်လိုက်သည်။ ခဲချန်ဂျုက အဆိပ်မှာ ကျွမ်းကျင်သတဲ့လား၊ ဒါက ဂျန်ရှီနဲ့ မတွေ့ခင်မှာသာ ဖြစ်တယ်၊ ဂျန်ရှီရဲ့ ခဲချန်ဂျုကို လုံးဝ လုံးဝ စိုးမိုးခြယ်လှယ်ခဲ့တာ၊ သူ့ဆံပင်မွှေးတစ်ချောင်းကိုတောင် ခဲချန်ဂျုက ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူးလေ။
ခဲချန်ဂျု သေဆုံးစဉ်က အဖြစ်အပျက်ကို သူ ရုတ်တရက် ပြန်စဉ်းစားမိလျှင် ကျောရိုးများ အေးစက်သွားရသည်။
ဂျန်ဝုရှီက သိုးတစ်ကောင်ပဲ။ ဒါပေမဲ့ သားရဲတွေကို အမဲလိုက်တဲ့ သိုး။ သူက တစ်ကိုယ်လုံး မျိုပြီး အရိုးကို ထွေးထုတ်တတ်တဲ့ သိုး။
“သူ့ကို ဘယ်လို သတ်လိုက်သလဲဆိုတာ အရေးမကြီးတော့ဘူး၊ အရေးကြီးတာက သူ သေသွားလို့ ဟွာယောင်းက သူ့နေရာ အစားထိုးလိုက်တာပဲ။” ဂျန်ဝုရှီက ယတိပြတ် ပြောသည်။ သူက အသေးစိတ် ရှင်းပြဖို့ စိတ်မရှည်ပေ။
မုချန်က နောက်ထပ် စုံစမ်းဖို့ အခွင့်မရှိတော့ပေ။ ဂျန်ဝုရှီ၏ ရည်ရွယ်ချက်နှင့် ခံယူချက်ကို သိပြီးသည့်နောက်, ခဲချန်ဂျုကို သတ်ပစ်နိုင်ဖို့ အရည်အချင်းရှိတာ သေချာနေပြီမို့ သူက ဂျန်ဝုရှီကို ယုံကြည်လိုက်တော့သည်။
ဂျန်ဝုရှီက ခဲချန်ဂျုကို သတ်ပစ်ခဲ့သည့်အတွက် ဂျန်ဝုရှီက သူ့အကျိုးကို ဆောင်ရွက်သူ ဖြစ်သွားတော့သည်။ သူက ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့် သူ့အဖေအတွက် လက်စားချေချင်ခဲ့သည် မဟုတ်လော။
“ချင်းယန်ကလန်ကို ဖျက်သိမ်းပစ်ဖို့ဆိုတဲ့ မင်း ရည်ရွယ်ချက်က လွယ်ကူမှာတော့ မဟုတ်ဘူး၊ ချင်ယွဲ့က အရမ်းသတိထားပြီး သူ့ကိုယ်သူ ကာကွယ်တတ်တဲ့သူ ဖြစ်နေလို့ပဲ၊ ဖိတ်ခေါ်ထားလို့ ဧည့်သည်အဖြစ် နေထိုင်ကြတဲ့ ကျွမ်းကျင်သူတွေကလည်း တိမ်ပြာတောင်ထွတ်မှာ ရှိနေကြတယ်၊ အဲလူတွေက သူ အမိန့်ပေးလို့ ရတဲ့ လူတွေ၊ အပြာရောင်အဆင့်ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်က သူ့ကို တိုက်ခိုက်မယ်ဆိုရင်တောင်, တိုက်ခိုက်တဲ့ သူသာ သေသွားမှာ၊ မင်းမှာ အပြာရောင်အဆင့်ရှိတဲ့ ကျွမ်းကျင်သူ ရှိနေရင်တောင်, သူ့အနားကို ကပ်လို့ ရအုံးမှာ မဟုတ်သေးဘူး၊ သတ်ဖို့ဆိုတာက ပိုလို့တောင် မဖြစ်နိုင်ဘူး။” မုချန်က မျက်မှောင်ကြုတ်ကာ ပြောသည်။ ချင်ယွဲ့ကို သတ်ပစ်ဖို့ လွယ်ကူနေရင်, သူ့ကို နှစ်များစွာကတည်းက သူ သတ်ပစ်ပြီးလောက်နေပြီ။
“ဒါတွေ အကုန်လုံးကို ခင်ဗျား စိုးရိမ်ပူပန်နေစရာ မလိုပါဘူး၊ ဒီမှာ ကျွမ်းကျင်သူတွေ ရှိနေရင်တောင် ကျုပ်တို့ရဲ့ အစီအစဉ်ကို ပြောင်းလဲပစ်မှာ မဟုတ်ဘူး။” ကျောက်ချူက ဝင်ပြောသည်။ အဆိပ်ကျွမ်းကျင်သည့် ခဲချန်ဂျုသည်ပင် ဂျန်ရှီရှေ့မှာ ပျက်စီးသွားခဲ့ရသည်။ သူက ဓားတစ်ချက်ပင် မဝင့်လိုက်ခဲ့ရပေ။ အင်အား ဘယ်လောက်ရှိရှိ ဦးနှောက်စွမ်းရည်ကို မီနိုင်ပါမည်လော။
မုချန်က ကျောက်ချူဘက်သို့ လှည့်ကြည့်သည်။ သူက သူ့တပည့်၏ လည်ပင်းကို ဓားဖြင့် ထောက်ထားဆဲပင် ရှိသေးသည်။ သူ့မျက်နှာက ချက်ချင်း မဲမှောင်လာသည်။
“ငါတို့ ပန်းတိုင်က တစ်ကြောင်းတည်း ဆိုမှတော့, အခု ငါ့တပည့်ကို လွှတ်ပေးလို့ ရပြီလား” မုချန်က အံကြိတ်၍ မေးသည်။
ကျောက်ချူက ဖယ်မပေးဘဲ ဂျန်ဝုရှီကို လှည့်ကြည့်သည်။ ဂျန်ဝုရှီ ခေါင်းညိတ်ပြမှသာ ကျောက်ချူက ဓားမြောင်ကို ဓားအိမ်ထဲ ပြန်ထည့်၍ သတိမေ့နေသည့် ထိုတပည့်ကို ချီမ၍ တံခါး အပြင်ဘက်သို့ မသွားကာ မြေကြီးပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်သည်။
မုချန်၏ ပါးစပ်က တွန့်ကွေးသွားသည်။ သို့သော် သူက ဘာမျှ မပြောပေ။
“ခင်ဗျား ချင်ယွဲ့ကို သတ်ဖို့ ဘာမှ လုပ်စရာ မလိုဘူး၊ ကျုပ် အဲကိစ္စကို ကိုင်တွယ်လိုက်မယ်၊ ချင်းယန်ကလန်ကို အမြစ်ပြတ် သုတ်သင်ပစ်တယ် ဆိုရင်တောင်, ခင်ဗျားမှာ လုပ်စရာ များများစားစား မရှိဘူး၊ ခင်ဗျား လုပ်ဖို့ လိုတာက တခြားအကြီးအကဲတွေ ရူးသွပ်သွပ် ဖြစ်သွားတာကို ပွဲကြည့်ပရိသတ် လုပ်ပေးဖို့ပဲ၊ ဒါလောက်ဆို လုံလောက်ပြီ။” ဂျန်ဝုရှီက ခပ်ဖြည်းဖြည်း ပြောသည်။ ဟွာယောင်း၏ ခဲချန်ဂျုလို အပီအပြင် သရုပ်ဆောင်နိုင်ပြီမို့ သူတို့အင်အားများကို သိမ်းဆည်းထားပြီး ကနဦး သူမ စီစဉ်ထားသည့် အစီအစဉ်များကို မုချန်အား ချပြစရာ မလိုတော့ပေ။
မုချန်၏ ပါဝင်ပတ်သက်လာမှုက သူတို့၏ ပရိယာယ်ကို ပိုမို ချောမွေ့စေမည် ဖြစ်သည်။ ထို့ပြင် ချင်းယန်ကလန်ကို အမြစ်ဖြတ်မယ်ဆိုသော်လည်း သန့်ရှင်းသည့် တိမ်လှေခါးတောင်ထွတ်ကို ချန်ထားရမည် ဖြစ်သည်။ ဂျန်ဝုရှီက ချင်းယန်ကလန်တစ်ခုလုံးကို အမြစ်ဖြုတ်ဖို့ စီမံထားသော်လည်း, သူမက လူ့ကျင့်ဝတ်ကိုတော့ ကိုင်စွဲထားသူ ဖြစ်သည်။ သူမက အပြစ်မဲ့သူများကို ထိခိုက်နစ်နာအောင် လုပ်မည် မဟုတ်ပေ။