၃၁၇။ “သိုးငယ်က သားရဲဖြစ်သွားခြင်း - ၁”
တိမ်ဖုံးတောင်ထွတ်တွင်, ကျောက်ချူက ကြမ်းပြင်ပေါ် လဲနေသည့် တိမ်လှေခါးတောင်ထွတ် တပည့်ကို ကြည့်နေသည်။ ကျောက်ချူက သူ့ကို မရိုက်ချင်သော်လည်း ရိုက်လိုက်ရ၍ မေ့လဲနေခြင်း ဖြစ်သည်။
“မုချန်သာ ဒီလို ပုံစံမျိုး မြင်သွားရင်, ဒေါသထွက်ပြီး ငါတို့ကို သူ့လက်ထဲက ဓားနဲ့ ပြေးခုတ်လိမ့်မယ်လို့ ငါ ထင်တယ်, ပြီးတော့ ထိုင်ပြီး စကားပြောခန်းတောင် ရောက်မှာ မဟုတ်ဘူး” ကျောက်ချူက ဂျန်ဝုရှီ၏ တခြားလုပ်ရပ်တွေက အဆင်ပြေသော်လည်း, သည်လုပ်ရပ်က ရိုးရှင်းပြီး ကြမ်းကြုတ်သည့် ဓားပြမှု ဖြစ်နေသည်ဟု တွေးသည်။
တိမ်လှေခါးတောင်ထွတ်မှ တပည့်ကို ဖမ်းခေါ်လာပြီး ရိုက်နှက်ထားတာက ဘယ်လို စီမံကိန်းတဲ့လဲ။
သူတို့က မုချန်နှင့် အတူ တွဲ၍ အလုပ်လုပ်လိုသည်။ သူတို့ကို မုန်းအောင် လုပ်လိုခြင်း မဟုတ်ပေ။
“စိတ်ချသာ နေပါ, သူ့တပည့်က ငါတို့ လက်ထဲမှာ ရှိနေတာပဲ, သူ အလျင်စလို မလုပ်နိုင်ပါဘူး။” ဂျန်ဝုရှီက တဖက်တွင် ထိုင်နေ၍ လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်နေသည်။
ကျောက်ချူက ထိုခဏတွင် ငိုချင်စိတ်ပေါက်သွားသည်။ သူက ဖမ်းခေါ်လာသူ မဟုတ်လော။ ရှီလေးက လျင်မြန်ပြီး စေ့စပ်သေချာသည့် ဦးနှောက်ကို ပိုင်ဆိုင်ထားတာကို ပြသပြီး ဖြစ်သည်။ သူက အတွဲလိုက် ဒုက္ခပေးဖို့ လုပ်နေတာလား....
“သူက အလျင်စလိုလည်း မလုပ်နိုင်ဘူး၊ အရမ်းကာရောလည်း မလုပ်နိုင်ပါဘူး၊ ဒါပေမဲ့ သူက ဒါပြီးရင် ငါတို့နဲ့ကော ပူးပေါင်းပါ့မလား” သူတို့က အလုပ်အတူ တွဲလုပ်ဖို့ စကားတစ်ခွန်းမျှပင် မပြောဆိုခဲ့ကြဘဲ, မုချန်၏ တပည့်ကို ခိုးကြောင်ခိုးဝှက် အဓမ္မခေါ်ဆောင်လာခဲ့သည်။ ဒီတပည့်ကြောင့် မုချန်လာအောင် လုပ်နိုင်သော်လည်း လုပ်ဆောင်သည့် နည်းလမ်းက အတော်အတန် လူမဆန်ပေ။
“သူ ပူးပေါင်းလိမ့်မယ်၊ ငါတို့ ရည်ရွယ်ချက်ချင်း တူနေသရွေ့ပေါ့။” ဂျန်ဝုရှီက လုံးဝပင် ယုံကြည်ချက် ရှိနေသည်။
အချိန်အနည်းငယ် ကြာပြီးနောက်, ဝန်းအပြင်ဘက်မှ ကျယ်လောင်သည့် အော်သံထွက်လာပြီး တံခါးက ဆောင့်ကန်ဖွင့်ခံလိုက်ရသည်။ ဒေါသထွက်နေသည့် မုချန်က အခန်းထဲရှိ ခဲချန်ဂျုကို စူးစူးရဲရဲ ကြည့်လျက် ရပ်လိုက်သည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုသည့် အရိပ်အငွေ့များ သန်းနေသည်။ သူက သတိလစ်မေ့မြောကာ ကြမ်းပြင်ပေါ်တွင် လဲနေသည့် တပည့်ကို တွေ့၍ အလျင်အမြန် စစ်ဆေးကြည့်ရှုလိုက်လျှင် မည်သည့်ဒဏ်ရာ အနာတရကိုမျှ မတွေ့ရ၍ စိတ်အေးသက်သာသွားသည်။
“ခဲချန်ဂျု, မင်းက ဘာလုပ်ချင်နေတာလဲ၊ ငါ့တပည့်ကို တစ်ခါတည်း လွှတ်ပေးလိုက်စမ်း” မုချန်က အော်လိုက်ပြီး သူ့ဝိညာဉ်ကိုပါ ဆင့်ခေါ်လိုက်သည်။ ဝိညာဉ်မှ ပြောင်းလဲဖြစ်တည်လာသည့် ထက်မြိနေသော ဓားကို သူက တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
သို့သော် ခဲချန်ဂျုက တိတ်ဆိတ်စွာ နေမည်လို့ သူက မျှော်လင့်မထားပေ။ ထို့ပြင် စကား ပြန်ပြောသူက သူ အရင်က တိမ်လှေခါးတောင်ထွတ်တပည့်အဖြစ် ရွေးချယ်ခဲ့သည့် လူငယ်ထံမှ ဖြစ်နေသည်။
“အကြီးအကဲမု, ခင်ဗျား တပည့်က ကျုပ်တို့ လက်ထဲမှာနော်၊ သူ့အပေါ် ဘာမှ မဖြစ်စေချင်ရင်, ခင်ဗျား ကျုပ်တို့ ပြောသလို လုပ်တာ အကောင်းဆုံးပဲ။” ဂျန်ဝုရှီက မျက်လုံးများကို ပင့်၍ အေးစက်သည့် အကြည့်ကို ပစ်လွှတ်ကာ မုချန်ကို ခြိမ်းခြောက်လိုက်သည်။
ကျောက်ချူက အံ့ဩမှင်တက်ကာ မွန်းကျပ်သွားသည်။ ဂျန်ဝုရှီ၏ စကားများက ဓားပြများ၏ စကားနှင့် အတူတူပင် ဖြစ်နေသည်။
မုချန်က ဒေါသပြင်းထန်လာပြီး စိတ်ပျက်လက်ပျက်ဖြင့် ဂျန်ဝုရှီကို ကြည့်လိုက်သည်။ သူ ဒေါသထွက်တာက လက်ရှိအခြေအနေကို မလွန်ဆန်နိုင်လို့ ဖြစ်သည်။ စိတ်ပျက်လက်ပျက်ဖြစ်တာက အံ့ဩဖွယ်ရာ ပြောင်းလဲသွားသည့် ဂျန်ဝုရှီကို မြင်လိုက်ရလို့ ဖြစ်သည်။
သူက သည်သေးသွယ်သည့် လူငယ်ကို စမြင်တုန်းက, ဂျန်ဝုရှီ၏ တိကျမှန်ကန်သည့် စမ်းသပ်ချက်နှင့် အဆိုပြုလာသည့် ဆေးကုသပုံကြောင့် အံ့ဩသွားခဲ့သည်။ သူက သည်လူငယ်ကို တိမ်လှေခါးတောင်ထွတ်သို့ တပည့်တစ်ယောက်အနေဖြင့် ချိတ်ဆက်ဝင်ရောက်နိုင်ဖို့ အကြီးအကျယ် မျှော်လင့်ခဲ့သည်။ သို့သော်လည်း, ကံကြမ္မာက ရက်စက်လွန်းပြီး ဂျန်ဝုရှီကို ခဲချန်ဂျုက ဖိအားပေးကာ ခေါ်ဆောင်သွားခဲ့သည်။
အစောပိုင်း ရက်အနည်းငယ်တွင်, သူက ဂျန်ဝုရှီကို စိုးရိမ်ပူပန်ခဲ့သည်။ တော်လွန်းသည့် ကောင်လေးက ခဲချန်ဂျု၏ လက်အောက်တွင် အနှိပ်စက်ခံနေရမှာကို စိုးရိမ်ပူပန်နေခဲ့သည်။ သို့သော် အတော်ကြာတော့, ခဲချန်ဂျုက ဂျန်ဝုရှီနှင့် တခြားတပည့်တစ်ယောက်ကို တခြားတောင်ထွတ်များသို့ ခေါ်ခေါ်သွားတာကို သူ သိလိုက်ရသည်။ သို့မှသာ သူက အကြောင်းမဲ့ စိုးရိမ်ပူပန်နေတာကို သတိပြုမိလိုက်သည်။ ခဲချန်ဂျုက ကြမ်းကြုတ်ရက်စက်ပြီး လူမဆန်သော်လည်း, ကောင်လေး၏ ဆေးပညာအသိကြောင့် ရှားရှားပါးပါး ဘေးရန်မှ လွတ်မြောက်လာပုံရသည်။ ခဲချန်ဂျုက ချင်းယန်ကလန်ကို ဝင်ရောက်လာခဲ့သည့် ထူးချွန်သူကို ဖျက်ဆီးပစ်ဖို့ တွန့်ဆုတ်သွားတာပင် ဖြစ်မည်ဟူ၍ သူက တွေးလိုက်သည်။
သို့သော်ငြား, ဂျန်ရှီကို ခဲချန်ဂျုက တပည့်အဖြစ် လက်ခံလိမ့်မည်ဟူ၍ သူက ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။ ထို့ကြောင့် သူက ဂျန်ရှီကို ပြန်လည် ရရှိမည်လို့ပင် မှတ်ထင်ထားခဲ့သည်။ လတ်တလောမှာတော့, သူက တကယ်ပင် ခဲချန်ဂျုလို ဖြစ်လာပြီး, ခြိမ်းခြောက်တာကိုပင် သင်ယူထားခဲ့လေပြီ။
မုချန်က ထိုခဏတွင် တကယ်ပင် ဝမ်းနည်းကြေကွဲသွားရသည်။ သည်ကောင်လေးက ဆေးပညာမှာ ထက်မြက်လွန်းသော်လည်း, ခဲချန်ဂျုကြောင့် ကလိမ်ကကျစ် ဖြစ်သွားရလေပြီ။ သည်လို သနားစရာ အနေအထားသို့ ပြောင်းလဲသွားရလေပြီ။ သူ၏ ခဲချန်ဂျုအား မုန်းတီးခြင်းက ပိုမို၍ နက်ရှိုင်းသွားသည်။ သူ မျှော်လင့်ထားသည့် ဂျန်ရှီက ပြောင်းလဲသွားသဖြင့် သူ ဝမ်းနည်းသွားရသည်။
“ဂျန်ရှီ, မင်း လိုက်နာနေတဲ့သူက ဘယ်လို လူစားလဲဆိုတာကို မင်း တကယ် မသိဘူးလား၊ ခဲချန်ဂျုက မိစ္ဆာကောင်လေ၊ အဲဒီကောင် လက်ချက်နဲ့ သေသွားတဲ့ လူတွေ ဘယ်လောက်တောင် များနေပြီလဲ၊ မင်း အကျင့်ပျက်ယွင်းတဲ့ ကိစ္စတွေကို ဇွတ်လုပ်မနေပါနဲ့လား၊ မင်းက အခုထိ ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတယ်၊ မင်း ရှေ့ဆက် သွားရမဲ့ လမ်းကြောင်းက အရှည်ကြီး ရှိသေးတယ်လေ” မုချန်က ဖျောင်းဖျသိမ်းသွင်းသည်။ သူက ဂျန်ဝုရှီကို ပထမဆုံး တွေ့တုန်းကလို လူကောင်းလို့ တွေးမိ၍ ဖြစ်သည်။ ထို့ပြင် ခဲချန်ဂျုလက်ထဲမှ ဂျန်ဝုရှီကို မကယ်တင်နိုင်ခဲ့၍ သူ့ကိုယ်သူ အပြစ်ရှိတာကိုလည်း ခံစားနေမိ၍ ဖြစ်သည်။ သူက ဂျန်ဝုရှီကို အသူတရာနက်သော ချောက်ထဲမှ ဆွဲတင်ဖို့ မလုပ်ဆောင်နိုင်ခဲ့ဘူး မဟုတ်လော။