၃၁၆။ “မုချန်၏ အလျော့မပေးသည့် စိတ်ဓာတ် - ၃”
ချင်းယန်ကလန်တပည့်များ အားလုံး သိထားတာက... သူတို့သာ တိမ်ဖုံးတောင်ထွတ်မှာ အဆုံးသတ်သွားပါက, ဒါသည် သူတို့ အသက် အဆုံးသတ်သွားခြင်းဟူ၍ ဖြစ်သည်။
သို့သော် တိမ်လှေခါးတောင်ထွတ် တပည့်များက မတူကွဲပြားစွာ တုံ့ပြန်လာကြသည်။ သူတို့သာ တိမ်ဖုံးတောင်ထွတ်သို့ သွားပါက, သေခြင်းတရား စောင့်ဆိုင်းနေမည်ကို သူတို့ သိကြသည်။ သို့သော် သူတို့က မုချန်အား ချင်ယွဲ့၏ အပြစ်ပေးခြင်းမှ တားမြစ်နိုင်ရန် သူတို့ကိုယ် သူတို့ စတေးဖို့ ရွေးချယ်ကြပြီး မုချန်ကို ကာကွယ်ပေးကြသည်။
ဒါက မုချန်အား သူ့တပည့်များ မည်မျှလောက် ချစ်ခင်မြတ်နိုးကြမှန်း သိသာစေသည်။ သူ့တပည့်များက သူတို့ကိုယ်ပိုင် လုံခြုံရေးကို လျစ်လျူရှူထားကြပြီး သူ့အတွက် သူတို့အသက်ကို ပေးဆပ်ကြသည်။
ဂျန်ဝုရှီက သည်အဖြစ်အပျက်များ အားလုံးကို စူးစမ်းကြည့်နေပြီး သူမအကြည့်က မုချန်ပေါ်သို့ ရောက်ရှိသွားသည်။
တပည့်များက သူ့အတွက် အသေခံလိုကြသည်။ သူက မည်သို့ ဆောင်ရွက်မည်နည်း။
မုချန်က ရောင်းဟန်နှင့် နောက်တပည့်တစ်ယောက်ကို ဆွဲ၍ သူ့နောက်သို့ တွန်းပို့လိုက်သည်။ ထို့နောက် ဟွာယောင်းကို ပြောသည် “တိမ်လှေခါး တောင်ထွတ်ကနေ တစ်ယောက်တလေကိုမျှ မင်းကို ယူဆောင်ခွင့် မပြုနိုင်ဘူး၊ မင်းက အတင်းအကျပ် တောင်းဆိုမယ်ဆိုရင်, မင်းက ငါ့အလောင်းကို ဖြတ်ကျော်သွားမှ ရနိုင်မယ်၊ ကျေးဇူးပြုပြီး ထွက်သွားပါတော့, အကြီးအကဲ ခဲ၊ မင်း ချင်ယွဲ့ဆီ သွားချင်သပဆို သွား, ဒါမှမဟုတ်, မင်း ချင်းယန်ကလန်ကို လုပ်ချင်သလိုသာ လုပ်, ငါ... တိမ်လှေခါးတောင်ထွတ်ရဲ့ အကြီးအကဲ ဖြစ်နေသမျှ, ငါ့တပည့်တွေကို လုပ်ချင်သလို လုပ်ခွင့် ဘယ်သူ့ကိုမှ မပေးနိုင်ဘူး။”
မုချန်က ဟွာယောင်း ပြန်ပြောမှာကိုပင် မစောင့်တော့ဘဲ လှည့်၍ သူ့တပည့်များကို အထဲသို့ တွန်းခေါ်သွားသည်။ သူက သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ပြီး သူ့တပည့်များကို အနိုင်စားမခံပေ။
“ငါ မုချန်ကို ပိုပို သဘောကျလာသလို ခံစားလာရတယ်၊ သူက တခြားတောင်ထွတ်က လေကြီးလေကျယ် သီလကြောင် အကြီးအကဲတွေထက် အများကြီး ပိုကောင်းတဲ့လူပဲ။” ကျောက်ချူက တပည့်များနှင့် အတူ ထွက်ခွာသွားသည့် မုချန်ကို ကြည့်နေသည်။ မုချန်အား သူ့ဖြောင့်မတ်မှုကြောင့် နှစ်နှစ်ခြိုက်ခြိုက် လက်မနှစ်ချောင်း ထောင်ပေးလိုက်သည်။
“မုချန်ရဲ့ အဲဒီစရိုက်က... ငါသာ ခဲချန်ဂျု အစစ်သာဆိုရင်, သူ အသတ်ခံနေရလောက်ပြီ။” ဟွာယောင်းက သူ၏ ကောက်ကျစ်ယုတ်မာဟန်ကို ပယ်ဖျက်၍ ပုံမှန် တည်ငြိမ်သည့် အသွင်သို့ ပြန်ပြောင်းလိုက်သည်။
“နဂါးက လူယောင်ဆောင်ထားပေမဲ့ နဂါးက နဂါးပါပဲလေ၊ မုချန်က ဖိနှိပ်မှုမှန်သမျှကို ခံယူထားတယ်ဆိုပေမဲ့, တစ်ယောက်ယောက်က သူ့ကို မှားမှားယွင်းယွင်း ဖိနှိပ်မိမယ်ဆိုရင်, သူက နောက်ထပ် သည်းခံတော့မှာ မဟုတ်ဘူး။” ဂျန်ဝုရှီက မုချန်၏ တုံ့ပြန်မှုကြောင့် သဘောကျ ကျေနပ်သွားရသည်။ မုချန်သာ တခြားအကြီးအကဲများလို တုံ့ပြန်လာမည်ဆိုလျှင်, သူမက သူနှင့် အလုပ်တွဲလုပ်ဖို့ စဉ်းစားတော့မည် မဟုတ်ပေ။
“ဒီတော့, ငါ တိမ်လှေခါး တောင်ထွတ်မှာ ပုန်းနေခဲ့ရမလား” ကျောက်ချူက သူ့လက်ထဲမှ သေးငယ်သည့် အဝတ်အိတ်ကို ကိုင်ထားလျက် မေးသည်။
ဂျန်ဝုရှီက ခေါင်းယမ်းပြသည်။
“ငါတို့ မုချန်နဲ့ ထိုင်ပြီး စကားပြောဖို့ လိုတယ်၊ တကယ် ဆွေးနွေးဖို့ပေါ့။” ဂျန်ဝုရှီက ပြောသည်။
ဒါကလည်း မုချန်က ငါတို့ကို တွေ့ချင်အုံးမှ၊ သူ အစောတုန်းက လုပ်သွားပုံနဲ့ ဆိုရင်, သူက အကိုဟွာကို သတ်ပစ်ချင်နေပုံပဲ။” သူတို့က မုချန်နှင့် အတူတူ ထိုင်၍ ယဉ်ကျေးပျူငှာစွာ ဆွေးနွေးဖို့ အခွင့်အရေး မရှိဟူ၍ ကျောက်ချူက စဉ်းစားမိသည်။
“သူ ငါတို့ကို လာတွေ့ပါလိမ့်မယ်။” ဂျန်ဝုရှီက အသေအချာ ပြောသည်။
“မင်းမှာ အစီအစဉ်ရှိလား” ဟွာယောင်းက ဂျန်ဝုရှီဘက်သို့ လှည့်မေးသည်။ သည်ကောင်လေး ခေါင်းထဲမှာ အကြံအဖန်ကောင်းများက အဆုံးရှိဟန်မတူဟူ၍ သူ ခံစားနေရသည်။
ဂျန်ဝုရှီက ဟွာယောင်းကို လက်ယပ်ခေါ်လိုက်သည်။ ထို့နောက် ဟွာယောင်း၏ နားနားကပ်၍ တီးတိုးပြောသည်။
ဟွာယောင်းမျက်လုံးများက တလက်လက် ဖြစ်လာပြီး ပြောသည် “ဒါက အလုပ်ဖြစ်နိုင်တယ်။”
ခဏအကြာတွင်, မုချန်က ထွက်သွားရန် ထပ်တလဲလဲ တောင်းဆိုခံခဲ့ရသည့် ဟွာယောင်းနှင့် သူ့တပည့်နှစ်ယောက်က တိမ်လှေခါးတောင်ထွတ်တွင် တည်ရှိနေတုန်းပင်။ သူတို့က တောင်ထွတ်အတွင်းမှာ ခြေဦးတည့်ရာ လှည့်ပတ်သွားလာနေကြသည်။ တိမ်လှေခါးတောင်ထွတ်တပည့်များကတော့ သူတို့ ပြန်ထွက်သွားပြီဟု ထင်မှတ်နေကြသည်။ ထိုတပည့်များက သူတို့ နေ့စဉ် ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်နေကြသည်။ သူတို့ မထင်ထားတာက....
မုချန်က စာကြည့်ခန်းထဲတွင် ထိုင်နေသည်။ သူ့မျက်နှာက မဲမှောင်နေပြီး သူက လက်သီးဆုပ်ကာ စားပွဲကို ခပ်ပြင်းပြင်း ထုနှက်လိုက်သည်။ သူ့ မေးကြောကြီးများ ထောင်ထနေပြီး သူ့ရှေ့ရှိ သေသေချာချာ ပိတ်ထားသည့် တံခါးကို ကြည့်နေသည်။ သူ့မျက်လုံးထဲမှ အမုန်းတရားများက ပေါက်ကွဲထွက်မလို ဖြစ်နေသည်။
ရုတ်တရက် ရောင်းဟန်က ပျာယာခတ်လျက် သုတ်သီးသုတ်ပျာ ပြေးဝင်လာသည်။
“အကြီးအကဲ မု, အကြီးအကဲ ခဲက ညီလေး လင်းကို တိမ်ဖုံးတောင်ထွတ်ကို ဖမ်းခေါ်သွားတယ်။”
မုချန်က ရုတ်တရက် ထရပ်လိုက်သည်။ သူ့ထိုင်ခုံက နောက်သို့ လဲကျသွားသည်။ သူ့မျက်လုံးများက လုံးလုံး မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
ခဲချန်ဂျု မင်း တော်တော် လွန်သွားပြီ။
“တပည့်တွေ အကုန်လုံး တိမ်လှေခါး တောင်ထွတ်မှာ စုစည်းခိုင်းလိုက်၊ ပြီးတော့ ဘယ်သူ့ကိုမှ အပြင်မထွက်စေနဲ့၊ ငါ တိမ်ဖုံးတောင်ထွတ်ကို လိုက်သွားမယ်” မုချန်က အံကြိတ်လိုက်သည်။ ခဲချန်ဂျုက သူ ငြင်းဆိုနေပါလျက် ဒီလို စက်ဆုပ်ရွံ့ရှာစရာကိစ္စကို လုပ်လိမ့်မည်ဟူ၍ သူ မတွေးထားခဲ့ပေ။ ခဲချန်ဂျုက သူ့ကို လုံးလုံး လျစ်လျူရှူထားပြီး တိမ်လှေခါးတောင်ထွတ် တပည့်တွေကို အတင်းအကျပ် ခေါ်ဆောင်သွားသတဲ့လား။
မုချန်က ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ပေ။ နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သည့် ဒေါသမီးက တဟုန်းဟုန်း တောက်လောင်လို့ လာသည်။ ရောင်းဟန်ကို ညွှန်ကြားချက်တချို့ပေးပြီးနောက်, သူက တိမ်ဖုံးတောင်ထွတ်သို့ အမြန်ဆုံး ပြေးလွှားသွားတော့သည်။
ခဲချန်ဂျုက သူ့တပည့်ကို ဆံပင်တစ်ချောင်းကိုပင် ထိခိုက်အောင် လုပ်ရဲရင်, သူက တိမ်ဖုံးတောင်ထွတ်တစ်ခုလုံးကို သူနှင့် အတူတူ မြေမြှုပ်ပစ်ရလိမ့်မည်။