၃၀၇။ “ပျက်သုန်းခြင်း - ၂”
“အိုး, ဘယ်သူ့အတွက်လဲ” ဟွာယောင်းက ပေါ့ပေါ့ပါးပါး မေးသည်။
ချင်ယွဲ့က သက်ပြင်းနက်နက် ချပြီး သူ့ရင်ဘတ်ထဲ လျှံတက်လာသည့် ဒေါသကို နှိပ်ကွပ်လိုက်သည်။
“ယုယန်နဲ့ အကြီးအကဲ ဂျန်း, သူတို့ သေသွားကြပြီ။”
ဟွာယောင်းက ကြက်သေသေသွားသည်။ ချင်ယုပြောနေတာက သူ့သမီး ချင်ယုယန်အကြောင်း ဖြစ်သည်။ သူက သူ့သမီးကို အင်မတန် ချစ်မြတ်နိုးပြီး အလိုလိုက်ထားသည်။ သူ့မှာ ရှိသမျှ အရာအားလုံးက အာဏာပါ အပါအဝင် သူ့သမီး လုပ်ချင်ရာ လုပ်နိုင်ဖို့ ဖြစ်သည်။ ချင်းယန်ကလန်၏ မမကြီးတစ်ယောက်အနေဖြင့် ချင်ယုယန်က ကလန်၏ အသဲချိုချိုလေး ဖြစ်သည်။ လူတိုင်းက သူမအား ချစ်ကြသည်။ သူမ၏ ဖော်ရွေကြင်နာခြင်းနှင့် သွင်ပြင်က ချင်ယွဲ့နှင့် တစ်ထပ်တည်း တူသည်။
အစောပိုင်း မြေပုံရှာရန် ဟွာယောင်းက တိမ်ဖုံးတောင်ထွတ်အတွင်းသို့ ခိုးဝင်လာခဲ့တုန်းက, ချင်ယုယန်နှင့် ဆုံခဲ့ဖူးသည်။ သူက ချင်ယုယန်ကို တွေ့လျှင် အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေခဲ့သည်။ သူမက ခဲချန်ဂျုနှင့် မြေအောက်ခန်းထဲသို့ အပြစ်မဲ့ လူငယ်များအား နှိပ်စက်ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ လှပသော မျက်နှာက ရက်စက်ယုတ်မာခြင်းကို ဖုံးပေးထားသည်။ သူမက ခဲချန်ဂျုနှင့် တစ်ကျိတည်း တစ်ဉာဏ်တည်း ဖြစ်သည်။ ခဲချန်ဂျုအား သူမ ပြသသည့် လုပ်ဆောင်ချက်နှင့် သူမ၏ ကြင်နာခြင်း နူးညံ့သိမ်မွေ့ခြင်းက ပြဒါးတစ်လမ်း သံတစ်လမ်းပင်။ အပေါ်ယံ ချိုသာ နူးညံ့ခြင်းက ချင်ယွဲ့နှင့် တူပြီး လျှို့ဝှက်သည့် နေရာမှာ ပက်ပက်စက်စက် ယုတ်မာမှုက ခဲချန်ဂျုလိုပင်။
သို့သော် ချင်ယွဲ့၏ မျက်လုံးထဲမှ တန်ဖိုးကြီး ပန်းသီးလေးက ရုတ်တရက်ကြီး အသတ်ခံလိုက်ရပြီလော။
စားပွဲပေါ်မှ ကြောင်နက်လေးက နားရွက်ထောင်၍ ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်ကြည့်လာသည်။ မုန်းတီးသည့် အရိပ်အယောင်က ၎င်းမျက်လုံးများတွင် ဖြန်သန်းသွားပြီး ချင်ယွဲ့ကို အေးစက်စက် ကြည့်လေ၏။
ချင်ယုယန် သေဆုံးသည့် သတင်းကို သူမ မျှော်လင့်ထားသည်ထက် ပိုစောပြီး ချင်ယွဲ့က လက်ခံရရှိထားသည်။
“အရဲတင်းတဲ့ ချီတိုင်းပြည်သေးသေးလေးက ငါတို့ကို ဒီလို အန်တုဖက်ပြိုင်တဲ့ လုပ်ရပ်မျိုးကို လုပ်ရဲတယ်တဲ့လား၊ အသုံးမကျတဲ့ ဂျန်မိသားစုက ငါ့သမီးကို တကယ် သတ်ရဲသတဲ့လား၊ ငါက တစ်မိသားစုလုံးကို သေစေချင်နေတာ၊ အပိုင်းထောင်ချီပြီး ဆုတ်ဖြဲပစ်ချင်တာ၊ ခဲချန်ဂျု... မင်း တစ်ဘဝလုံး လုပ်ဆောင်ထားတဲ့ အကောင်းဆုံး အဆိပ်ကို ငါ့ ပေးစမ်းပါ၊ ဂျန်မိသားစုနဲ့ ချီဘုရင့်မိသားစုကို ငါ့သမီးနဲ့ အတူတူ မြှုပ်နှံပစ်ချင်တယ်” ချင်ယွဲ့၏ မေးရိုးကြီးများက ထိုးထောင်တက်လာသည်။ သူ့ဒေါသက သူ့တစ်ကိုယ်လုံးကို လွှမ်းမိုးနေသည်။
သူက အသက်မငယ်တော့ပေ။ သက်လတ်ပိုင်းလူကြီး ဖြစ်နေလေပြီ။ သူ့မှာ ချင်ယုယန်သာ ရှိသည်။ သူ တန်ဖိုးအထားဆုံး သမီးရတနာဖြစ်သည်။ သူအချစ်ရဆုံး သမီးက ဝေးကွာသည့် ချီတိုင်းပြည်တွင် ကြမ်းကြုတ်ရက်စက်စွာ အသတ်ခံရလိုက်သည်။ အရှက်အခွဲခံရခြင်းနှင့် အမျက်ဒေါသက ချီတိုင်းပြည်မှာ မုန်တိုင်းထန်အောင် လုပ်ဆောင်ဖို့ သူ့အား တွန်းအားပေးနေ၏။ သူ့ရန်သူများကို သူက အစိတ်စိတ်အမွှာမွှာ ဆွဲဆုတ်ပစ်ချင်နေသည်။
ချင်ယွဲ့၏ အာပေါင်းအာရင်းသန်သန်ဖြင့် ကြိမ်းမောင်းပြောဆိုသံကို ကြားရပြီးနောက် ဟွာယောင်းက တုန်လှုပ်ချောက်ချားသွားရသည်။ ချင်ယွဲ့၏ စိတ်မှာ ယုံရခက်သည့် သဘောထားက ဝင်ရောက်နေသည်။ ဟွာယောင်းက သဘောရိုးဖြင့် ကြောင်နက်လေးကို ကြည့်လိုက်သည်။ သူ့သံသယက ပိုမို သန်မာလာသည်။
ဂျန်မိသားစုလား.... ဂျန်ရှီနဲ့ နာမည်တူမနေဘူးလား။
ပြီးတော့ ကျောက်ချူက ဂျန်ရှီကို ချီဘုရင့်နေပြည်တော်မှာ ပထမဆုံး တွေ့ခဲ့တာ မဟုတ်ဘူးလား။
ဂျန်ရှီက ချင်းယန်ကလန်တစ်ခုလုံးကို ပျက်သုန်းသွားစေဖို့အထိ အငြိုးထားရလောက်အောင် မည်သည့် ကိစ္စကို ချင်းယန်ကလန်က ဂျန်ရှီအား ဖြစ်စေခဲ့သနည်း, ဟွာယောင်းက သိချင်လာသည်။ အခု သူ သံသယဝင်တာ မှန်ကန်သည်။ ဂျန်ရှီက ချင်ယွဲ့အား သတ်ပစ်ခဲ့သည့် ဂျန်မိသားစုနှင့် ချိတ်ဆက်နေတာ ဖြစ်ရမည်။ ဂျန်ရှီ၏ ရည်ရွယ်ချက်က ချင်းယန်ကလန်တစ်ခုလုံးကို သူတို့ မပြင်ဆင်နိုင်ခင် တစ်ချက်တည်းနှင့် အမြစ်ဖြတ်ပစ်ချင်နေသည် မဟုတ်လော။
သည်ဇာတ်ကြောင်းအရ, ချင်းယန်ကလန် တည်ရှိနေလျှင်, ဂျန်မိသားစုသာ အမြစ်ပြတ် သုတ်သင်ခံရနိုင်သည်။
အလုပ်တွဲလုပ်ကတည်းက ဂျန်ရှီက ဂျန်မိသားစုနှင့် ချိတ်ဆက်နေသလား, မေးခွန်းထုတ်စရာ မလိုတော့ပေ။ ဟွာယောင်းက ဂျန်ရှီ့ကိုယ်စား အချက်အလက်ကို ပိုနှိုက်ထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ “မင်း ငါ့ကို ခိုင်းဖို့ လိုလို့လား၊ ချင်းယန်ကလန်မှာ နေထိုင်တဲ့ ကျွမ်းကျင်ပညာရှင် ကြေးစားတွေ အများကြီးပဲလေ၊ သူတို့က လိုအပ်တာထက်တောင် ပိုနေသေးတယ် မဟုတ်ဘူးလား။”
ချင်ယွဲ့က အေးစက်စက် ရယ်လိုက်သည် “တိုက်ရိုက်ကြီး သေခိုင်းတာက သူ့တို့အတွက် သက်သာလွန်းနေတယ်၊ သူတို့ကို သေတာထက် ဆိုးအောင် လုပ်ပစ်ချင်တာ၊ ငါက သူတို့ကို ချင်းယန်ကလန် ခေါ်လာပြီး လွတ်လွဝ်ကျွတ်ကျွတ်ကို နာကျင်ခံစားစေချင်တာ၊ တစ်တစ်ချင်း တစ်တစ်ချင်းစီပေါ့၊ ငါ သူတို့ကို ငရဲကျသလို ဖြစ်အောင် လုပ်ချင်တာ၊ သူတို့ကို သတ်ပါလို့ တောင်းပန်ရတဲ့ အထိ လုပ်ပစ်ချင်တာ၊ ဘယ်လို ဖြေသိမ့်ဖြေသိမ့် ငါ့စိတ်ထဲက အမုန်းက စဲမသွားဘူး။”
ငါ့သမီး သတ်ခဲ့တဲ့ကောင်တွေကို မြေကြီးပေါ် လမ်းလျှောက်ခွင့် မပြုနိုင်တော့ဘူး၊ သူမကို သတ်တဲ့ သူတွေကို မနှိပ်စက်ရရင်, သူမ ဝိညာဉ်က အေးအေးချမ်းချမ်း အနားယူနိုင်မှာ မဟုတ်ဘူး။
ဟွာယောင်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။
ကြောင်နက်လေးက ချင်ယွဲ့စကားကို ကြားရလျှင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ချင်ယွဲ့က အင်အားစုများကို ချီတိုင်းပြည်သို့ မပို့ဆောင်ဘူးဆိုသည်ကို သိရှိပြီးနောက် သူမက ဟွာယောင်းအား အသိအမှတ်ပြုကြောင်း ပြသသည်။
သို့သော် အင်အားစုများကို ချီတိုင်းပြည်သို့ ပို့ဆောင်လျှင်တောင်, သူမက မမူပေ။
သူမ ချီတိုင်းပြည်မှ အေးအေးလူလူ ထွက်လာရဲခြင်းက တကယ်ပင် ယုံကြည်စိတ်ချထားလို့ ဖြစ်သည်။ သူမက ချင်းယန်ကလန်ကို ပျက်သုန်းအောင် မလုပ်ခင်, ချင်ယွဲ့က မည်သူ့ကို ပို့ပို့, သူတို့က ဂျန်မိသားစုအပေါ် လက်တစ်ချောင်းပင် မြှောက်နိုင်ကြမည် မဟုတ်ပေ။