၂၈၀။ “ပဉ္စမရိုက်ချက် - ၂”
လူငယ်က ဒဏ်ရာဒဏ်ချက်များ ရနေသော်လည်း အသံ လုံးလုံး မထွက်ပေ။ ခေါင်းငုံ့လို့သာ နေသည်။ သူ့မေးရိုးကြီးက တင်းနေသည်။ လှပသည့် မျက်လုံးတစ်စုံမှာ ကြောက်ရွံထိတ်လန့်ခြင်းကို တစ်စွန်းတစ်စမျှ ပြသမနေပေ။ သို့သော် အေးစက်ပြီး ထီမထီဟန် တည်ငြိမ်မှုက တလက်လက် ဖြစ်နေသည်။
တဖြန်းဖြန်း ကြိမ်ရိုက်သံက မြေအောက်ခန်းတွင် အဆုံးမရှိ ထွက်ပေါ်နေသည်။ ထိုစဉ် အပြင်ဘက်ရှိ တပည့်နှစ်ယောက်က ခေါင်းများကို ငုံ့ကာ အသစ်ရောက်လာသည့် အစွန့်လွှတ်ခံ သိုးနှစ်ကောင်အတွက် ပြင်ဆင်မှုကို စတင်လုပ်ဆောင်လာကြသည်။
“အဲကောင်က တကယ့်ကို ဒူပေနာပေ ခံနိုင်တာပဲ၊ သူက အခုထိ အသက်ရှင်နေတုန်းပဲ” တစ်ယောက်က ထူးမခြားနားဟန်ဖြင့် ပြောသည်။ နေ့စဉ် မြေအောက်ခန်းမှ နှိပ်စက်ညှဉ်းပန်းခြင်းကို သူတို့က အသားကျနေပြီ ဖြစ်သည်။ ဟွာယောင်းက ခဲချန်ဂျု၏ ရက်ရက်စက်စက် နှိပ်စက်ခြင်းခံနေရတာတောင် အသက်ရှင်နေသေးသည့် တစ်ယောက်တည်းသော လူ ဖြစ်သည်။ သူ့အရင် အကုန်လုံးက ဒီလောက် အကြာကြီး တောင့်မခံနိုင်ကြချေ။
ဆယ်ရက် အသာထား, ငါးရက်တောင် ခံနိုင်သူ မရှိပေ။ ပုံမှန်အားဖြင့် အသစ်ရောက်ရှိလာသူများက သုံးရက်အတွင်း သေဆုံးကုန်ကြသည်။ မသေသေးရင်တောင် သေတာထက် ဆိုးရွားသည့် ဒုက္ခကို ခံကြရသည်။ သူတို့၏ အမြင်ပျက်စီးသွားပြီး စကားပြောလို့ မရတော့ချေ။ ကာကွယ်ဖို့ ဆဲရေးဖို့ စကားသံ တစ်သံကိုပင် မထွက်နိုင်ကြတော့ချေ။ သူတို့က အဆိပ်ဖြင့် ပြည့်နေသည့် စည်ပိုင်းကြီးများတွင် အနှစ်ခံလိုက်ကြရသည်။ သူတို့အတွက် သေတာကသာ တကယ်သက်သာရာ ရအုံးမည် ဖြစ်သည်။
“ငါ ကနေ့ မနက် သွားကြည့်လိုက်သေးတယ်၊ သူ အကြာကြီး ခံတော့မှာ မဟုတ်ဘူး။” တခြားတစ်ယောက်က အမူအရာမဲ့ ပြောဆိုသည်။
“ဒီသိုးနှစ်ကောင်လည်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ငါ သိချင်လိုက်တာ၊ နှစ်ရက်လောက်လား၊ ဒါမှ မဟုတ် သုံးရက်လား.... ဒီကောင်လေးက အတော်ပိန်တာ၊ ဒါပေမဲ့ ကြွက်သားတွေကတော့ တောင့်တောင့်တင်းတင်းပဲ။” ထိုထပည့်က ကျောက်ချူ၏ အဝတ်အစားများကို ဖြတ်တောက်ရင်း တအံ့တဩ ပြောသည်။
အင်္ကျီများကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ပစ်လိုက်ပြီး ထိုကောင်က အတော်ကြာကြာ အားကျစွာ ရှုစားနေလိုက်သည်။ ထို့နောက် သူ့လက်ဖြင့် ကျောက်ချူ၏ ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ သူက လက်ကိုပင် ပြန်မရုပ်ချင်လောက်အောင် ဖြစ်သွားသည်။
အားကျရှုစားပြီး ပွတ်သပ်နေသည့် ထိုတပည့်ကို တခြားတပည့်က စူးစမ်းကြည့်နေသည်။ ထိုတပည့်က သူ့လက်ချောင်းများမှ တဆင့် ဖြစ်ပေါ်လာသည့် အတွေ့အထိကို သာယာခံစားနေသည် မဟုတ်လော။ သူက စွန့်လွှတ်ခံရတော့မည့် သိုးငယ်လေး လဲလျောင်းနေတယ်လို့ပင် သတိမပြုမိတော့ဘဲ အတွေ့အထိကြောင့် တုန်ယင်လှိုက်မောနေရှာသည်။
နောက်တစ်ယောက်က သူ့ပါတနာ၏ ကံကောင်းခြင်းကြောင့် နှုတ်ခမ်းစူသွားပြီး သေးသွယ်ပြီး ပါးလျလျဖြစ်နေသည့် သူ့ရှေ့မှ ကောင်လေးကို ကြည့်လိုက်သည်။ ထို့နောက် သူက အထင်သေးဟန်ဖြင့် သူ့လုပ်ငန်းကို စတင်ရန် ဟန်ပြင်လိုက်သည်။
“မင်းကောင်တော့ မသိဘူး၊ ဒီကောင်လေးကတော့ အနည်းဆုံး ကနေ့တစ်ရက်လောက် ခံနိုင်ရင်တောင် ကံကောင်းပဲ။”
သူက ပြောပြီးပြီးချင်း, ဓားကို ကောက်ယူ၍ သူ့လက်ကို မြှောက်ကာ အဝတ်အစားများကို ဖြတ်တောက်ရန် ဟန်ပြင်စဉ်, သူ့လက်က လေပေါ်မှာတင် ရပ်တန့်လို့ သွားသည်။
ထိုကောင်က အေးခဲသွားသည်။ ထိုခဏမှာပင် မလှုပ်မယှက် ဖြစ်သွားသည့် သူ့ကို တုန်လှုပ်ချောက်ချားသွားစေသည်။ သူ့လက်ကောက်ဝတ်ကို သေးငယ်သည့် လက်လေးများက ဆုပ်ကိုင်ထားတာကို သူက မယုံကြည်နိုင် ဖြစ်နေသည်။
သည်လက်များပိုင်ရှင်က သူ့ရှေ့မှာ လဲနေသည့် လူငယ်လေး ဖြစ်သည်။
“ကြောင်နက်လေး။” ဂျန်ဝုရှီက လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်မှာပင် မျက်စိပွင့်လာသည်။ မျက်လုံးများက အေးစက် မာကျောနေကြသည်။ ခပ်တိုးတိုး ခေါ်သံနှင့် အတူ အနက်ရောင်သားရဲကြီးက မြေအောက်ခန်းတွင် ရုတ်တရက် ပေါ်လာသည်။
တပည့်နှစ်ယောက်က အနည်းငယ် စိတ်အေးမည် ကြံရုံပင် ရှိသေးသည်။ ထိုစဉ် အနက်ရောင်သားရဲကြီး ရုတ်တရက် ပေါ်လာပြီး သူတို့ကို ခုန်အုပ်လိုက်သည်။ အလင်းလို လျင်မြန်နေသည့် အတွက် သူတို့ တုံ့ပြန်ချိန်ပင် မရလိုက်ကြဘဲ မြေပြင်ပေါ်တွင် ပစ်ကျသွားပြီး အဖိခံထားလိုက်ရသည်။
အနက်ရောင်သားရဲကြီးက မြေအောက်ခန်းထဲမှာ မည်သို့ ပေါ်လာရသနည်း။
ထို့ပြင် သူတို့ အနည်းငယ်မျှ သတိမပြုမိခဲ့ကြချေ။
အနက်ရောင်သားရဲကြီးက သူတို့ကို ခုန်အုပ်စဉ်မှာပင် သူတို့ ကိုင်ထားသည့် ဓားမြှောင်များက ကြမ်းပြင်ပေါ် လွတ်ကျသွားကြသည်။ သူတို့ လည်ပင်းများကို သားရဲကြီးက အသီးသီး ဆုပ်ကိုင်ထားသည်။ အနည်းငယ် ရွေ့လိုက်သည်နှင့် တစ်ချီတည်း အသက်ပါသွားမည့်ပုံပင်။
အရာရာတိုင်းက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်မို့ သူတို့ သိလိုက်ရချိန်မှာတော့ သူတို့က သားရဲကြီး၏ ခြေထောက်အောက်မှာ စိုက်ဝင်နေလေပြီ။ သူတို့က နည်းနည်းလေးမျှပင် မလှုပ်ရှားဝံ့တော့ချေ။
“အသံနည်းနည်းလေး ကြားတာနဲ့ သူတို့ကို သတ်ပစ်လိုက်။” အေးစက်ပြီး ရှင်းလင်းသည့် အသံက သူတို့နှစ်ယောက်နားထဲ တန်းဝင်လာသည်။ သူတို့က အသံလာရာကို ကြည့်လိုက်လျှင် ကြောက်ရွံ့နေပြီမို့ မျက်လုံးများ ပြူးကျယ်နေကြသည်။
သေးငယ်သည့် ပုံရိပ်လေးက ဖြည်းဖြည်းချင်း သစ်သားစင်ပေါ်မှ အလျင်မလိုဟန်ဖြင့် ထထိုင်သည်။ အစောပိုင်းက သတိလစ်မေ့မြောနေသည့် လူငယ်လေးက အခု သူတို့ကို အေးစက်လွန်းသည့် မျက်လုံးများ စူးစူးရဲရဲ ကြည့်နေလေပြီ။ သူတို့ အရိုးထိအောင် အေးစက်ခြင်းကို ခံစားလိုက်ကြရသည်။ သူတို့က ကြမ်းပြင်ပေါ်တွင် ကြွက်သားလေးကိုပင် မလှုပ်ရှားဝံ့တော့ချေ။
“ဂလု”
း