၂၆၆။ “တိမ်ဖုံးတောင်ထွတ် - ၂”
ဂျန်ဝုရှီက ပြန်မပြောပေ။ ဖြစ်လာသည့် ကိစ္စတိုင်းကို သူမက ကံတရားတစ်ခုအနေဖြင့် လက်ခံလိုက်သည်။
ခဲချန်ဂျုလား။
သူတို့ နှစ်ယောက်ကြားမှာ မည်သူက ပိုမို၍ မိစ္ဆာဆန်သလဲ သူ့ကို မြင်အောင် သူမ ပြသရမှာပေါ့။
ကစားပွဲက စတင်လာပြီ။ အလျင်လိုစရာ မရှိပေ။
မျှော်လင့်ထားသလိုပင်, ဝင်ခွင့်ဖြေသူများ တစ်ရာတွင် ဆယ်ယောက်ကျော်ကိုသာ အကြီးအကဲများက အတွင်းတပည့်အနေဖြင့် ရွေးချယ်သွားကြသည်။ တချို့ကို အပြင်တပည့်အနေဖြင့် လက်ခံလိုက်ကြသည်။ အတွင်းတပည့်များကို ခေါ်ဆောင်သွားဖို့ ခိုင်းလိုက်ကြပြီး အားလုံး ထွက်သွားကြသည်။
တချို့လူငယ်များက မျက်ရည်စိုရွှဲကုန်ပြီး ရွေးချယ်ခံများကို ချင်းယန်ကလန် တပည့်အချို့က တောင်ထွတ်အသီးသီးသို့ ခေါ်ဆောင်သွားကြရင်းဖြင့် ထိုနေ့က အဆုံးသတ်သွားသည်။
ဂျန်ဝုရှီကို ကျောက်ချူနှင့် အတူ တွဲထားပြီး ဂျန်ဝုရှီနှင့် တိုက်ခိုက်နီးပါး ဖြစ်ခဲ့သည့် တပည့်က သူတို့ကို ခေါ်ဆောင်သွားသည်။ သို့သော် အခုတော့ ထိုတပည့်က သူတို့ကို အရင်လို မာန်ဝံ့ပြီး မဆက်ဆံတော့ပေ။ ဒါက ဂျန်ဝုရှီ၏ အစောပိုင်း သူ့အခြေအနေကို စမ်းသပ်စစ်ဆေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ စမ်းသပ်တုန်းက ကုသနည်းကိုပါ ညွှန်ကြားခဲ့သည်။ သို့သော် ၎င်းတပည့်က လုံးလုံး ယဉ်ကျေးစွာ သူတို့ကို ဆက်ဆံနေသည်။
“တိမ်ဖုံးတောင်ထွတ်က အလွန်ကြီးတော့ မဆိုးဝါးပါဘူး၊ ပြီးတော့ သူတို့မှာ လုပ်စရာ များများစားစားလည်း မရှိပါဘူး၊ မင်းတို့ကောင်တွေအတွက် အလွန်အမင်း ပင်ပန်းစရာ မလိုတော့ဘူးပေါ့။” ထိုတပည့်က ဖြည်းဖြည်းလေးလေး လမ်းလျှောက်၍ ထို့နောက် ရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ မည်သူမျှ မရှိတာ သေချာသွားမှ, သူက သူတို့ဘက်သို့ လှည့်ကာ တီးတိုး ပြောသည် “ဒါကို မှတ်ထား, မင်းတို့ တိမ်ဖုံးတောင်ထွတ်ကို ရောက်ရင်, အကြီးအကဲ ခဲကို မဆန့်ကျင်မိစေနဲ့။”
ဂျန်ဝုရှီက ချင်းယန်ကလန်တပည့်ကို ကြည့်လိုက်သည်။ ဂျန်ဝုရှီက ဘိုင်ယန်ရှင်းအန်ထံမှ တိမ်ဖုံးတောင်ထွတ်၏ အန္တရာယ်ကြီးပုံကို ကြားခဲ့ရသည်။ သို့သော် ချင်းယန်ကလန်မှ တပည့်တစ်ယောက်ထံမှလည်း သတိပေးလိုခြင်းကို ကြားရဖို့ သူမ မမျှော်လင့်ခဲ့ပေ။
ဂျန်ဝုရှီ၏ မျက်လုံးများ သူ့ထံ စိုက်ကြည့်နေတာကို သတိပြုမိလျှင်, ထိုတပည့်က သတိထားကာ လှည့်သွားသည်။
“ငါတို့ စကားများခဲ့တာက ငါတို့ကို အချင်းချင်း တပည့်ညီအကိုတွေ ဖြစ်အောင် ယူဆောင်လာခဲ့တယ်၊ အရင်က နင့်ကို ငါ စော်ကားခဲ့သလို ဖြစ်ခဲ့လို့, တပည့်ညီအကိုတွေ ဖြစ်လို့မို့ ငါ့ညီလေးက ခွင့်လွှတ်ပေးဖို့ ငါ မျှော်လင့် ပါတယ်ကွာ။” သူက ဆက်ပြောသည်။
“အကိုက ဘယ်တောင်ထွက်ကပါလဲ” ဂျန်ဝုရှီက ရုတ်တရက် မေးသည်။
“ငါလား, ငါက တိမ်လှေခါး တောင်ထွတ်ကပါ, ဒါပေမဲ့ ငါက တိုက်ရိုက် တပည့် မဟုတ်ပါဘူး၊ ငါက ဒီမှာ တောက်တိုမယ်ရ လုပ်ပေးရတဲ့ လူတစ်ယောက် သက်သက်ပါ၊ ငါ့နာမည်က ရောင်းဟန်ပါ။” ရောင်းဟန်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး တွန့်ဆုတ်ဆုတ်ဖြင့် ဆက်ပြောသည် “ငါ မင်းကို အစောကတည်းက ကျေးဇူးတင်စကား ပြောမလို့ပါ၊ မင်း ပြောခဲ့တာတွေ အကုန်လုံးကို ငါ သတိပြုမိခဲ့တယ်၊ ဒါပေမဲ့ မင်းပြောတဲ့ ဆေးဖက်ဝင်အားလုံးကို ရရှိအောင် လုပ်ဖို့တော့ မစွမ်းနိုင်ဘူး ဖြစ်နေတယ်၊ ငါ့ဆရာကိုပဲ ဆေးအမယ်တွေကို ရှာခိုင်းရတော့မှာပေါ့။”
ရောင်းဟန်၏ အမူအရာများ ရုတ်တရက် လုံးလုံးလျားလျား ပြောင်းလဲသွားခြင်းက ချည်းမဲ့သက်သက် မဟုတ်ချေ။ ဂျန်ဝုရှီ အစောပိုင်းက ပြောပြခဲ့သည့်အရာများက သူ့သွေးကြောများကို တိုးတက်စေနိုင်ပြီး လက်ရှိ တုံ့ဆိုင်းနေတာကနေ အဆင့်ချိုးဖျက် တိုးတက်ဖို့ ဖြစ်စေနိုင်သည်။ ဒါက သူ့ဘဝကို လုံးဝ ပြောင်းလဲသွားစေနိုင်ပြီး သို့အတွက်ကြောင့်ပင် သူက အဆုံးမရှိ ကျေးဇူးတင်သွားခဲ့သည်။
ဂျန်ဝုရှီက ခေါင်းညိတ်၍ ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောလာသည် “အကို အားလပ်ချိန်ကို ရှာနိုင်ရင်, လဝက်လောက်မှာ တိမ်ဖုံးတောင်ထွတ် ဂိတ်တံခါးကို လာစေချင်တယ်၊ မွန်းတည့် မတိုင်ခင် တစ်နာရီလောက်ထိ ငါ့ကို စောင့်နေပါ, ငါ မင်းကို ပေးစရာ တစ်ခုခု ရှိနေလို့ပါ။”
ဂျန်ဝုရှီက ရောင်းဟန်နှင့် မည်သို့မျှ ကျေးဇူးကြွေး မရှိပေ။ သူမလုပ်ဆောင်ခဲ့တာက, မုချန်ကို ဆွဲဆောင်ဖို့သာ ဖြစ်သည်။ သို့သော် ထိုလုပ်ဆောင်ချက်ကြောင့်ပင် ရောင်းဟန်က သူမအား ကျေးဇူးတင်သွားခဲ့သည်။ ရောင်းဟန်၏ သူတို့အား သတိပေးခြင်း နောက်ကွယ်မှ ရည်ရွယ်ချက်ကလည်း သူ့အား အကျိုးကျေးဇူး ရရှိသွားစေခဲ့သည်။
ဂျန်ဝုရှီက သူမအပေါ် အမှားလုပ်ခဲ့သူများကို ဘယ်သောအခါမှ ခွင့်လွှတ်မည် မဟုတ်ပေ။ သို့သော် သူမအပေါ် ကြင်နာသူများကိုလည်း ပြန်လည် ပေးဆပ်မည် ဖြစ်သည်။ တခြားသူများဆီမှ သူမ အကျိုးကျေးဇူး ရရှိခဲ့လျှင်, သူမကလည်း တကယ်ပင် ဆတိုး၍ ပေးဆပ်မည် ဖြစ်သည်။
ရောင်းဟန်က ကြီးမားသည့် ကံကောင်းမှုကို မကြာခင် ရိတ်သိမ်းရမည်ကို သတိမပြုမိခဲ့ပေ။ ဂျန်ဝုရှီ သူ့အား ပေးလိုသည့်အရာကိုလည်း သူ မသိပေ။ သူက ရိုးရိုးစင်းစင်းပင် ခေါင်းညိတ်၍ သူတို့ကို ဆက်လက် ခေါ်ဆောင်သွားသည်။
တိမ်ဖုံးတောင်ထွတ်၏ ဂိတ်တံခါးတွင်, တခြား ဝင်ခွင့်ဖြေဆိုခဲ့သူများကို အုပ်စုလိုက် သူတို့ တွေ့လိုက်ကြသည်။
သူတို့ကို ရွေးချယ်ခဲ့သည် မဟုတ်ချေ။ သူတို့က တောင်မှ ထွက်ခွာသွားဖို့ ရည်ရွယ်ခဲ့သည်။ သို့သော် ချင်းယန်ကလန်၏ တပည့်တစ်ယောက်က သူတို့ကို သည်နေရာသို့ ဦးဆောင် ခေါ်လာခဲ့သည်။ သူတို့က နှစ်ဆယ်ကျော် သုံးဆယ်နီးပါးမျှ ရှိသည်။ သူတို့မျက်နှာများက မမျှော်လင့်ထားသည့် ကံကောင်းမှုနှင့် တွေ့ကြုံခဲ့ရသဖြင့် အားရဝမ်းသာ ဖြစ်နေကြသည်။ သို့သော် သူတို့စိတ်ထဲမှာ ဂျန်ဝုရှီအား မကျေမချမ်း ဖြစ်နေတာက နက်ရှိုင်းစွာ အမြစ်တွယ်နေကြသည်။
“ဒါက ငါတို့ရဲ့ ဂုဏ်သရေရှိ အကြီး တပည့်မဟုတ်လား၊ ဂုဏ်သရေရှိတယ်ဆိုတော့ ငါတို့လို သူက မြန်မြန်ဆန်ဆန်တောင် လမ်းမလျှောက်နိုင်ဘူး ဖြစ်နေပါလား” အုပ်စုထဲမှ လူငယ်တစ်ယောက်က ဂျန်ဝုရှီနှင့် ကျောက်ချူကို လှောင်ပြောင်လိုက်သည်။