၂၅၇။ “ကျောက်ချူ - ၁”
သူမရှေ့မှ ညစ်ပေနေသည့် လူငယ်ကို အားစိုက်ကြည့်ရင်း ဂျန်ဝုရှီ၏ မှတ်ဉာဏ်က ဖျတ်ခနဲ ပေါ်လာသည်။ သည်ဖိုသီဖတ်သီ လူငယ်က တစ္ဆေမြို့တော်တွင် သူမအား စာအုပ်ဟောင်းများကို ရောင်းလိုက်သည့် လူငယ်မဟုတ်လော။
သူ့မျက်နှာက သန့်ရှင်းနေသဖြင့် သူမ မမှတ်မိခြင်း ဖြစ်သည်။
“အခု မှတ်မိသွားပြီလား” လူငယ်က မျှော်လင့်ခြင်းဖြင့် မေးသည်။
“နင်ကိုး” ဂျန်ဝုရှီက တည်ငြိမ်စွာ မှတ်ချက်ပေးသည်။
လူငယ်က သူ့မျက်နှာမှ ဖုန်မှုန့်များကို ဖယ်ရှားပစ်ပြီး ပြောသည် “မင်း နောက်ဆုံးတော့ ငါ့ကို မှတ်မိသွားပြီပဲ။”
ဂျန်ဝုရှီက အနည်းငယ် ခေါင်းညိတ်ပြသည်။ သူမက တစ္ဆေမြို့တော်ကို တစ်ကြိမ်သာ သွားခဲ့ဖူးသည်။ ထိုစဉ်က သူမရုပ်သွင်ကို အခုလိုပုံစံပင် ပြောင်းလဲ၍ သွားခဲ့သည်။ လများစွာ ကြာပြီးနောက်, သည်ဖိုသီဖတ်သီ လူငယ်က သူမကို မှတ်မိနေအုံးမည်လို့ သူမ မျှော်လင့်မထားမိပေ။
“မင်း ချင်းယန်ကလန်ကို လာမယ်လို့ ငါ ထင်တောင် မထင်ဘူး၊ ငါ့ အထင် မင်း ချင်းယန်ကလန်မှာ လိုချင်စရာ ဘာမှ ရှိမှာ မဟုတ်ပါဘူး။” လူငယ်က ဆက်ပြောသည်။ အစောပိုင်းတွင် သူက ဂျန်ဝုရှီမှ အတော်လှမ်းလှမ်းမှာ ရှိနေသည်။ သူက ဂျန်ဝုရှီထံ မလာရဲသဖြင့် တွန့်ဆုတ်နေခဲ့သည်။ သို့သော် အကောင်းဆုံး သက်စောင့်ဆေးကို ထုတ်လုပ်နိုင်ပြီး ချင်းယန်ကလန်ထက် သာလွန်သည့် ဆေးပညာတတ်ကျွမ်းပါလျက် ဘာ့ကြောင့် သည်ကောင်လေးက ချင်းယန်ကလန် တပည့်လုပ်ဖို့ ဒီလောက် အဝေးကြီးကို လာရသလဲ, သူ သိချင်နေမိသည်။
ဂျန်ဝုရှီက လူငယ်ကို ကြည့်လိုက်သည်။ သူမ မျက်လုံးများက ပြန်ပြောဖို့ ရည်ရွယ်ချက်မရှိပေ။
လူငယ်က စပ်စပ်စုစု လုပ်ချင်နေသဖြင့် သူ့ဆံပင်များကို ဆောင့်ဆွဲကာ အဆောတလျင် ရှင်းပြသည် “ငါ စပ်စုဖို့ ကြိုးစားနေတာ မဟုတ်ပါဘူးနော်၊ ဒါပေမဲ့ ဒီမှာ ရင်းနှီးကျွမ်းဝင်တဲ့ မျက်နှာသိပါလာလို့ ငါ အတော့်ကို စိတ်လှုပ်ရှား ဝမ်းသာသွားတာပါ။”
ဂျန်ဝုရှီက မျက်ခုံးတစ်ဖက် ပင့်မိသည်။ သူတို့က ဘယ်တုန်းက ရင်းနှီးကျွမ်းဝင်သည့် မျက်နှာသိ ဖြစ်သွားကြသနည်း။
ဖိုသီဖတ်သီ လူငယ်က ဂျန်ဝုရှီ၏ အေးစက်ပြီး ရှောင်လွဲချင်သည့် မျက်လုံးများကို သတိမမူမိသည့်အပြင် ပိုပိုပြီး စိတ်အားထက်သန်လာလေ၏။
မြေကြီးပေါ် ပစ်လဲကျသွားသည့် လူငယ်က ပြန်ထပြီး သူ့တင်ပါးကို ကိုင်ထားကာ ဖိုသီဖတ်သီလူငယ်ကို ဒေါသတကြီး စူးစူးရဲရဲ ကြည့်လိုက်သည်။ သူက ကိုယ့်ကိစ္စမဟုတ်ဘဲ ဝင်ရှုပ်ခဲ့သည် မဟုတ်လော။
“ဘယ်ကောင်လဲကွ၊ ငါ့ကိုများ ထိရဲသတဲ့လား” ထိုလူငယ်က သူ့တင်ပါးကို ဆုပ်ကိုင်နေရင်း နာကျင်နေသဖြင့် ကုန်းအော်သည်။ တခြားလူငယ်က သူ့ကို ဖေးမထားသည်။
မိုးကောင်းကင်က တားမြစ်ထားလို့ အစုတ်စုတ်အပြတ်ပြတ် ဝင်ဆင်ထားရသည့် ကောင်က ဘယ်ငရဲတွင်းကနေ တွားတက်လာပြီး အသိပေး စကားတစ်ခွန်းမျှ မဆိုဘဲ သူ့ကို ပြင်းပြင်းထန်ထန် မြေပြင်ပေါ် လွင့်ပျံအောင် လုပ်ရဲရသနည်း။ သူ သတိလစ်မသွားတာက ကံကောင်းနေသည်။
ဖိုသီဖတ်သီ လူငယ်က အော်ဟစ်နေသည့် လူငယ်ကို နည်းနည်းလေးပင် ဂရုမစိုက်ဘဲ ဂျန်ဝုရှီကိုသာ ဆက် စကားပြောနေသည်။ “ဟုတ်ပြီ, ငါက ကျောက်ချူ, မင်းကရော။”
ဂျန်ဝုရှီက အလွန်စိတ်အားထက်သန်နေသည့် ကျောက်ချူကို ကြည့်ပြီး တုံ့ခနဲ ဖြစ်သွားကာ အသာအယာ ပြန်ပြောသည် “ဂျန်ရှီ။”
ကိုယ့်ဘာသာ အခြောက်တိုက် အော်ဟစ်နေသည့် လူငယ်က ဂျန်ဝုရှီနှင့် ချောက်ချူ၏ လုံးလုံးလျစ်လျူရှူထားခြင်းကို ခံထားရသဖြင့် ပိုမို၍ ဒေါသထွက်လာသည်။ သူက အားပါးတရ ပြောဆိုလိုသဖြင့် ရှေ့တက်လာသည်။ ထိုစဉ် ကျောက်ချူက ရုတ်တရက် လှည့်လာကာ သူ့ကို လက်သီးပြလိုက်သည်။
“မင်းလို အားနည်းတဲ့ကောင်တွေ ဆယ်ယောက် ရှိနေရင်တောင် ငါ အသာလေး အနိုင်ယူနိုင်တယ်နော်။” ကျောက်ချူက အန္တရာယ်ပေးမည့်ဟန်ဖြင့် ခြိမ်းခြောက်သည်။
ထိုလူငယ်က နာကျင်နေဆဲဖြစ်သည့် သူ့တင်ပါးကို ကိုင်ထားရင်း တုံ့ခနဲ့ ရပ်သွားသည်။ သို့သော် သူက ဆက်လက်၍ မကျေမနပ် ပြောဆိုနေတုန်းပင်။
ဂျန်ဝုရှီက ဆူညံပူညံကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ထို့ပြင် အချိန်စေ့ဖို့ နှစ်မိနစ်သာ ကျန်တော့သည်။ သူမက ထိုအရူးကောင်များနှင့် အချိန်မဖြုန်းလိုတော့ပေ။
ဂျန်ဝုရှီက သူမလက်ထဲ ကိုင်ထားသည့် ဆေးပင်များကို မကျေမနပ်ပြောဆိုနေသည့် လူငယ်ရှေ့သို့ ထိုးပေး၍ တုံးတိတိ ပြောလိုက်သည် “ထွက်သွား။”
လူငယ်က အံ့ဩသွားပြီး သူ့မျက်နှာကို သုတ်သင်ပစ်၍ ဆေးပင်များကို လောဘတကြီး ကောက်ယူလိုက်သည်။ သူက သည်လူငယ်လေးဆီမှ ဆေးပင်များ ရဖို့ အခွင့်အရေး မရှိတော့ဟူ၍ မှတ်ထင်ထားခဲ့သည်။ သို့သော် ထိုကောင်စုတ်လေးက ရုတ်တရက် ကြောက်လန့်ပြီး ဆေးပင်များကို သူ့အား စွန့်လွှတ်ပေးခဲ့သလော။
“အနည်းဆုံးတော့ မင်းက ကိုယ့်နေရာ ကိုယ်သိသားပဲ, သွားကြစို့” သည်ဆေးပင်များက သူတို့အတွက် လုံလောက်သည်။ သူ့တင်ပါး နာကျင်ရသော်လည်း ကိစ္စမရှိတော့ပေ။ သူက ပျော်ပျော်ရွှင်ရွှင်ဖြင့် တခြားလူငယ်နှင့် ဆေးပင်များကို ခွဲဝေယူလိုက်သည်။
ဂျန်ဝုရှီ လုပ်ရပ်ကြောင့် ကျောက်ချူက နေရာမှာပင် အံ့အားသင့်စွာ ရပ်နေမိသည်။
“မင်း..... မင်း ရူးနေတာလား။”