၂၁၄။ “အဆင့်ချိုးဖျက်တက်ရောက်ခြင်း - ၂”
အနက်ရောင်မြူထုက ဂျန်ဝုရှီပတ်လည်တွင် ပျံ့နှံ့သွားပြီး တဖြည်းဖြည်း ပါးလွှာ၍ ပျောက်ကွယ်သွားသည်။ အနက်ရောင်မြူထု၏ ပျောက်ကွယ်သွားခြင်းနှင့် အတူ အနီရောင် အလင်းပျပျက ဂျန်ဝုရှီ၏ ခန္ဓာကိုယ်မှ စတင်၍ ပေါ်ထွက်လာသည်။ အနီရောင် အလင်းပျပျက သူမခန္ဓာကိုယ်အတွင်းမှ လာပြီး သူမ၏ အရေပြား, အကြော, အသွေး, ကြွက်သားမျှင်များ အောက်တွင် ထင်ရှားပြတ်သားလာသည်။ ထိုအရေပြားစသည်များက အနီရောင် အလင်းပျပျနှင့် အတူတူ တရွရွ ဖြစ်နေသည်။
“နင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဝိညာဉ်စွမ်းအားက သူ့နယ်သတ်မျဉ်းကို ရောက်နေပြီ၊ ဒါပေမဲ့ အပင်ဝိညာဉ်ကို ကျင့်ကြံပြီး မွေးယူတဲ့ နည်းလမ်းက တခြားစာချုပ်ဝိညာဉ်တွေနဲ့ မတူဘူး၊ အဆင့်ချိုးဖျက်တက်ဖို့က ဝိညာဉ်စွမ်းအင်အပြင် တစ်ခုခု လိုအပ်ချက်လည်း ရှိတယ်။” ဂျန်ဝုယောင်းက တောက်လျှောက် မျက်လုံးကျဉ်း၍ ပြောသည်။
“ဘာလိုတာလဲ” ဂျန်ဝုရှီက မေးသည်။
“စာချုပ်ဝိညာဉ်။”
“.....................”
အပင်ဝိညာဉ်ရဲ့ ဝိညာဉ်စွမ်းအင်တွေဆိုတာ သက်ရှိအရာအားလုံးရဲ့ ကြီးထွားခြင်းနဲ့ တူတယ်၊ အဆက်မပြတ်ဘူး, အဆုံးမရှိဘူး၊ ဒါပေမဲ့ အဆင့်ချိုးဖျက်ဖို့ ကြမ်းတမ်းတဲ့ အင်အားလိုအပ်ချက် ရှိနေတယ်၊ နင်က အဆင့်တက်ချင်တယ်ဆိုရင်, တခြားစာချုပ်ဝိညာဉ်တွေကို စုပ်ယူဖို့ လိုတယ်၊ ပြီးတော့ တခြားစာချုပ်ဝိညာဉ်တွေရဲ့ စွမ်းအားကို သုံးမှ နင် အဆင့်တက်တာ အောင်မြင်နိုင်တယ်။” ဂျန်ဝုယောင်းက ရှင်းပြသည်။
ဂျန်ဝုရှီက အံ့အားသင့်သွားသည်။ “ငါလား, ဝိညာဉ်တွေကို စုပ်ယူရမှာလား။”
သူ့အကြံပြုချက်က ကြီးကျယ်လွန်းနေသည်။
“နင် သိလား, ဘာလို့ ဒီနေရာမှာ အပင်စာချုပ်ဝိညာဉ် တစ်ကောင်တစ်လေမျှ မရှိတာကိုလေ။”
“ဘာလို့လဲ” ဂျန်ဝုရှီက သိချင်စိတ်ဖြစ်လာသည်။ သူမ မွေးဖွားလာကတည်းက, တခြားအပင်စာချုပ်ဝိညာဉ်ကို မကြားခဲ့ဖူးပေ။
သူမက မှတ်ဉာဏ်များကို အကုန်အစင် ဆက်ခံပြီးနောက်, သည်ကမ္ဘာမှာ စာချုပ်ဝိညာဉ် နှစ်မျိုးနှစ်စား ရှိကြောင်းကိုသာ သိခဲ့သည်။ တစ်ခုက လက်နက်အမျိုးအစားဖြစ်ပြီး နောက်တစ်ခုက သားရဲအမျိုးအစားဖြစ်သည်။ ကြာပန်းလေးက သူမ သိသည့် ပထမဆုံး အပင်စာချုပ်ဝိညာဉ်ဖြစ်သည်။
ဂျန်ဝုယောင်းက ရယ်၍ နောက်ထပ် ရှင်းပြသည် “စာချုပ်ဝိညာဉ်နဲ့ လူသားက ချိတ်ဆက်မှု တစ်ခုကို မတည်ဆောက်ခင်မှာ သူတို့ ခန္ဓာကိုယ်အနေအထားနဲ့ သင့်တော်တဲ့ စာချုပ်ဝိညာဉ်ကို ရွေးချယ်ကြရတယ်၊ မိုးကောင်းကင်အောက်မှာ စာချုပ်ဝိညာဉ်တွေရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်တဲ့ လူတွေက နည်းပြီး မိုးနဲ့ မြေကြီးလို ဝေးကွာလွန်းတယ်၊ ပြီးတော့ အပင်စာချုပ်ဝိညာဉ်တွေ ဒီကမ္ဘာပေါ်ကို ဆင်းသက်လာတာ မဖြစ်နိုင်သလောက်ပဲ၊ တစ်ခါတရံ ပေါ်ပေါက်လာရင်တောင်, သူ့သခင်က ဘယ်လို အဆင့်ချိုးဖျက်တက်ရမလဲ မသိတော့ အသုံးမကျတဲ့ စာချုပ်ဝိညာဉ် ဖြစ်သွားပြန်ရော၊ တချို့လူတွေဆိုရင် သူတို့ ဝိညာဉ်တွေ နိုးထလာတာကို သတိမပြုမိလို့ သူတို့ရဲ့ အပင်စာချုပ်ဝိညာဉ်တွေကို အမှုမဲ့ အမှတ်မဲ့ ထားလိုက်ပြီး တစ်သက်လုံး ရွက်ကြမ်းရည်ကြိုဘဝနဲ့ပဲ နေထိုင်သွားကြတော့တာ။”
သူ မပြောဘဲ ချန်ထားခဲ့သည့် အမှန်တရားရှိသည်။ အဲဒါက....
သူ ပြောပြသည့် မိုးကောင်းကင်ဆိုတာ... ဂျန်ဝုရှီ နေထိုင်သည့် နိမ့်ကျသည့် သုံးလောကကို ဆိုလိုခြင်း ဖြစ်သည်။ သူ သိသည့် ကျယ်ပြန့်သော မိုးကောင်းကင်ကို ဆိုလိုသည် မဟုတ်ပေ။
“ဒါပေမဲ့ နင်က ကွဲပြားတယ်, နင့်မှာ စာချုပ်ဝိညာဉ်နှစ်မျိုးတွဲ ရှိနေတယ်၊ နင့်ရဲ့ ကြောင်နက်လေးက စာချုပ်ဝိညာဉ်တွေကို ဝါးမျိုနိုင်တဲ့ စွမ်းရည် ရှိနေတယ်၊ နင်လည်း ဝါးမျိုနိုင်တယ်” ဂျန်ဝုယောင်းက မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ဂျန်ဝုရှီရှေ့သို့ သွားရပ်လိုက်သည်။ သူက နောက်ဆုံးစကား ပြောပြီးနောက်, သူ့လက်ညှိုးကို ဂျန်ဝုရှီ၏ နဖူးသို့ ညွှန်လိုက်သည်။
“နင် အဆင့်ချိုးဖျက် တက်ရောက်ချင်တယ်ဆိုရင်, စာချုပ်ဝိညာဉ်ကို ဝါးမျိုလိုက်ပါ။”
ဂျန်ဝုရှီက ခေါင်းစောင်း၍ သူမ နဖူးပေါ်ရှိ လက်ညှိုးကို ကျော်၍ ကြည့်လိုက်လျှင် ချောမောသည့် ဂျန်ဝုယောင်း မျက်နှာကို တွေ့မြင်လိုက်သည်။ သူက ညှို့အားကောင်းစွာ ပြုံးပြနေသည်။
သူ သိတယ်, ကြောင်နက်လေးရဲ့ ဝိညာဉ်နဲ့ ငါ့ဝိညာဉ် ပေါင်းစပ်ထားတာကို သူ သိတယ်။
“နင် ဝါးမျိုတဲ့ စာချုပ်ဝိညာဉ်က သန်မာရင်, နင် အဆင့်ချိုးဖျက်တက်ရောက်ဖို့ အကူအညီ ဖြစ်လိမ့်မယ်၊ နင် အဆင့်တက်ဖို့ ဒီအခွင့်အရေးကို မဆုံးရှုံးစေနဲ့၊ ပြီးတော့ ဒါက နင့်ကို မျှော်မှန်းမထားနိုင်တဲ့ ရလဒ်တွေကို ဆောင်ယူပေးလာလိမ့်မယ်။” ဂျန်ဝုယောင်းက သူ့ခေါင်းကို ငုံ့၍ လက်ညှိုးကို သူမနဖူးကို ဖိပြီး တဖြည်းဖြည်း ဆွဲယူလာကာ သူမ၏ သေးသွယ်သည့် မေးစေ့သို့ ရောက်ရှိလာသည်။
သူက သူမမေးစေ့လေးကို မော့ယူ၍ သူမ မျက်လုံးများကို ကြည့်ပြီး ပြောသည် “နင် ဒါနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မရှိဘူး၊ အကိုကြီးတစ်ယောက်အနေနဲ့, နင် ပထမဆုံး ဝိညာဉ်အဆင့်တက်ဖို့ လိုအပ်တာတွေကို ပြင်ဆင်ပေးမယ်၊ နင်က ဒါကို စုပ်ယူလိုက်ရင်, အဆင့်တက်တာက အောင်မြင်သွားလိမ့်မယ်။”
အပင်စာချုပ်ဝိညာဉ်က တခြားဝိညာဉ်များကို အောင်မြင်စွာ စုပ်ယူနိုင်လျှင် လူသားဖြစ်သူ သခင့်အပေါ်မှာ အကျိုးများစွာ သက်ရောက်နိုင်သည်။ ဂျန်ဝုယောင်းက ဂျန်ဝုရှီကို တွေ့ကရာဝိညာဉ်ကို ဝါးမြိုခွင့် မပြုနိုင်ပေ။
သူ့ မိစ္ဆာမလေးက အကောင်းဆုံးနှင့် ထိုက်တန်သည်။
“ငါ ဘယ်လို စုပ်ယူရမလဲ” ဂျန်ဝုရှီမှာ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့် အသိအမြင်မျှ မရှိချေ။ ရွှေခြင်္သေ့ကို ဝါးမြိုတာက ကြောင်နက်လေးသာ ဖြစ်သည်။ သူမ မဟုတ်ချေ။ စာချုပ်ဝိညာဉ်များကို စုပ်ယူခြင်းလို အရာမျိုးက ဖြစ်နိုင်ဖွယ်ရာ မရှိ၍ သူမ ကြားပင် မကြားဖူးပေ။ လုပ်ဆောင်ဖို့ကိုတော့ ပြောနေစရာပင် မလိုတော့ချေ။
“ငါ နင့်ကို သင်ပေးမှာပေါ့” ဂျန်ဝုယောင်းက ပြုံးပြသည်။
ဂျန်ဝုရှီမျက်နှာမှာ စိုးရိမ်ပူပန်နေတာကို မြင်နေရ၍ သူက ပိုမို၍ သဘောကျသွားသည်။