Extra 4

8.5K 653 78
                                    

Unicode

"သား
ညနေကျရင်တော့ အိမ်သော့ အကုန်ခတ်ပြီး စိုစို့ဆီသွားနေနော်
သားတစ်ယောက်တည်းစိတ်မချဘူး"
"ဟုတ်ကဲ့ပါ မေမေရဲ့
သား စိုစို လာကြိုခိုင်းထားပါတယ်"
"အေးအေး
သား ကားကိုရော ပို့လိုက်ရမလား"
"မပို့နဲ့တော့ မေမေ
သား တစ်ပတ်လောက်နေပြီး ပြန်လာမှာပဲကို"
"အေးအေး"
"ဖေဖေလည်း ကားကိုဂရုစိုက်မောင်းဦး"
"အမလေးကွာ
မင်းမမွေးခင်ကတည်းက ကားမောင်းလာတာပါ"
"အဲ့လို မမွေးခင်ကတည်းက မောင်းလာလို့ စိတ်ပူပြီး ပြောနေရတာပေါ့
ဖေဖေ က မောင်းကောင်းရင် ကီလိုတင်တော့မှာကို"
"ဟုတ်တယ်နော်
ရှင် အလာတုန်းကလို အမြန်မောင်းလို့ကတော့ လမ်းမှာတင် လိုင်းကားပြောင်းစီးမှာ"
မေမေကပါ သူ့ဖက်က ဝိုင်းကူပြောသဖြင့် ဖေဖေက သူတို့သားအမိနှစ်ယောက်ကို မနိုင်ဘူးဆိုသည့်သဘောဖြင့် လက်တခါခါ  လုပ်ပြနေသည်။ အထုတ်အပိုးတွေ အကုန်ကားပေါ်တင်ပြီးချိန်မှာတော့ မေမေက သူ့အနားသို့တစ်ခါ ထပ်ကပ်လာပြီး သူ့လက်ထဲသို့ အလိပ်တစ်လိပ် ထည့်ပေးသဖြင့် ယူကြည့်လိုက်တော့ ပိုက်ဆံတွေဖြစ်နေသည်။ ဖေဖေမသိစေနဲ့ ဆိုသည့် သဘောဖြင့် နှုတ်ခမ်းကို လက်ညိုးနှင့် ထိကပ်ပြီး တိတ်တိတ်နေဟု လုပ်ပြသည်။ မေမေသည် သူ့လက်ထဲ ပိုက်ဆံမရှိမည်ကို အလွန်စိတ်ပူသူဖြစ်သဖြင့် အမြဲတမ်း အခုလိုမျိုး အမြဲပေးတတ်သည်။
"ကဲ သားလေး
မေမေတို့သွားပြီနော်
တစ်ပတ်ပဲနော်
အဲ့ထက်ပိုမနေရဘူး"
"ဟုတ်
တာတာ"
ထွက်သွားသည့် မေမေတို့ကားလေးကို တာတာပြရင်း မမြင်ရတော့မှပဲ အိမ်ထဲပြန်ဝင်ခဲ့လိုက်သည်။ သူတစ်ယောက်တည်း ကျန်ခဲ့တာမို့ တစ်အိမ်လုံးက ခြောက်ကပ်တိတ်ဆိတ်နေသည်။ ညနေကျရင် စိုစို့ တိုက်ခန်းကို ပြောင်းနေရန် အဝတ်အစားတို့ကို အိတ်ထဲထည့်ပြီး သိမ်းစရာရှိတာတို့ သိမ်းနေလိုက်သည်။ ထိုအချိန် ဖုန်းလာသဖြင့် ထုတ်ကြည့်လိုက်တော့ ကိုတိမ်ဖြစ်နေသည်။
"ဟယ်လို
ကိုတိမ် ပြော"
"အင်း
မေမေတို့ ပြန်သွားပြီလား သမိုင်းလေး"
"အင်း အခုပဲ ကားထွက်သွားတာ"
"ဟုတ်လား
သမိုင်းရော အခုဘာလုပ်နေလဲ"
"ညနေကျရင် စိုစို့အိမ် ပြောင်းနေလို့ရအောင် ပစ္စည်းတွေသိမ်းနေတာ"
"ဟုတ်လား
သမိုင်းတစ်ယောက်တည်းမလား"
"အင်းလေ
ဘာလို့လဲ"
"အဲ့ဒါဆို ကိုယ်လာခဲ့မယ်
ကိုယ်လာဝိုင်းကူသိမ်းပေးမယ်လေ"
"တော်ပြီလေ
အရမ်းများတာမှမဟုတ်တာ"
"မများလည်း
ကိုယ်လည်းအားနေတာလေ
အခုထွက်ခဲ့ပြီ
ဒါပဲ"
ပြောမနိုင်ဆိုမနိုင် ကိုတိမ်တစ်ယောက်ကတော့ ချက်ချင်းဖုန်းချသွားသည်။ ကားဂရုစိုက် မောင်းလာဖို့တောင် မမှာလိုက်ရ။ အဲ့ကိုတိမ်တစ်ယောက်ဟာ တကယ်ကို မနိုင်ပါဘူး။ အဲ့လိုဇွတ်တရွတ်ဆန်သည့် အကျင့်တွေကိုပဲ သူကိုယ်တိုင်က ပိုပြီး ချစ်မြတ်နိုးနေမိသည်လား မပြောတတ်တော့ပါ။

မေမေတို့ကို သူနှင့်ကိုတိမ် ချစ်သူဖြစ်နေတာကို ဝန်ခံပြီးနောက် သူဘာလုပ်လို့လုပ်ရမှန်းမသိ ကြောက်နေခဲ့သည်။ ဒီအသက်အရွယ်အထိ မိဘရဲ့ ဆူပူကြိမ်းမောင်းခြင်း မခံခဲ့ရသူမို့ ပိုပြီး ထိတ်လန့်မိသည်။ မေမေတို့ဖက်က ဘယ်လိုတုန့်ပြန်လာမလဲဆိုတာလည်း သူမခန့်မှန်းတတ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေချိန် ကိုတိမ်ဆီကိုပဲ အားကိုးတကြီး ဖုန်းခေါ်ဖြစ်ခဲ့သည်။
"ကိုတိမ်
မေမေတို့သိသွားပြီ"
ဖုန်းခေါ်ခေါ်ချင်း အရင်းမရှိအဖျားမရှိ ပြောလိုက်သည့် သူ့စကားကို ဒီတစ်ကြိမ်တော့ ဘာကိုဆိုမှန်း ကိုတိမ်ဟာ တန်းပြီးသဘောပေါက်သွားပုံရသည်။
"သမိုင်းကို ဆူသေးလား"
"ဟင့်အင်း
ဆူတော့မဆူဘူး
အခု စိုစိုက မေမေ့ကို ခေါ်သွားတယ်
ပြီးမှ ဆူမှာလားမသိဘူး"
"ဘာမှ မဖြစ်ဘူးနော်
ကိုယ်ရှိတယ်"
ချစ်သူဆီက ကိုယ်ရှိတယ် ဆိုသည့် စကားတစ်ခွန်းဟာ ထိုမျှအထိ တာသွားမည်ဟု သူမသိခဲ့ပါ။ ခုဏက စိတ်တစ်ခုလုံး ပူလောင်ပြီး နေမရထိုင်မရဖြစ်နေခဲ့သည့် စိုးရိမ်ထိတ်လန့်မှုတွေသည် ကိုတိမ်၏ စကားတစ်ခွန်းနဲ့ပင် အေးမြသည့် လေပြေညှင်းက သယ်ဆောင်သွားသည့်အလား လွင့်ပြယ်သွားတော့သည်။ ထိုအခါမှသာ ဘာလို့ ချစ်သူကို စုံလုံးပစ် အားကိုးချင်ကြတာလဲဆိုသည့် အဖြစ်ကို နားလည်သွားရတော့သည်။ ဘဝခရီးလမ်းကို လျှောက်လှမ်းရလို့ ပင်ပန်းရချင်းတူတူတောင် ကိုယ့်ဘေးနားမှာ အဖော်လေးရှိတော့ အနည်းငယ် အမောပြေသည်ပင် မဟုတ်ပါလား။
"အင်း
ဒါပေမယ့် ကျွန်တော်ကြောက်တယ်"
သမိုင်းထံမှာ ထိုတိုးတိတ်လှသော အားဖျော့သည့်အသံလေးကိုကြားလိုက်ရရုံနှင့် တိမ်မိုးဝေတစ်ယောက် ဘာလုပ်ရမလဲဆိုသည့် အတွေးတွေယောက်ယက်ခက်သွားသည်။ ဒီကလေးက အချိန်ပိုင်းအလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ခဲ့ရချိန် တုန်းကလည်း တစ်ချက်ညည်းညူခဲ့တာမရှိဘူး။ သူများနိုင်ငံမှာ တစ်ယောက်တည်း သွားနေခဲ့ရချိန်တွေမှာလည်း အနည်းငယ်လေးတောင် အင်အားမဲ့ကြောင်း အရိပ်အမွက်လေးတောင် အသိပေးခဲ့တာမဟုတ်။ အခုမှသာ။ အခုမှသာ ကြောက်တယ်တဲ့။ ထိုစကားလေးတစ်ခွန်းနဲ့တင် အမြန်ပြေးသွားပြီး ရင်ခွင်ထဲထွေးပွေ့ကာ တင်းကြပ်နေအောင် ဖက်ထားလိုက်ချင်သည်။ သမိုင်း၏ ကိုယ်စိတ်နှစ်ပါးစလုံး ငြိမ်းချမ်းသွားအောင် အေးမြမှုတွေပေးချင်သည်။ အခုတော့ သူဘာလုပ်ရမလဲ။
"မကြောက်နဲ့နော်
ဘာမှမဖြစ်ဘူး
ကိုယ်အကောင်းဆုံးဖြေရှင်းပေးမယ်"
ထိုစကားတွေကို အထပ်ထပ်အခါခါ ပြောနေမိတော့သည်။ ထိုညက သမိုင်းလေး အနည်းငယ်စိတ်ကြည် သွားအောင် ရယ်စရာဟာသလေးတွေပြောခဲ့ပေမယ့် သမိုင်းဖက်က မသက်မသာ သက်ပြင်းခိုးချသံလေးတွေကိုသာ ကြားနေရသဖြင့် ဖုန်းအကြာကြီးမပြောဖြစ်တော့။ ဖုန်းချပြီး သူ့ဘာသာ အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကိုသာ စဉ်းစားနေခဲ့မိသည်။

နောက်နေ့မနက်ရောက်သည် အထိ မေမေ့ထံက ဘာစကားမှ ထပ်ထွက်မလာသဖြင့် သမိုင်းတစ်ယောက် ပိုပြီး နေမထိထိုင်မသာဖြစ်နေရသည်။ ဘယ်အချိန်ပေါက်ကွဲမည်မှန်းမသိသည့် ဗုံးတစ်လုံးကို ဖင်ခုထိုင်ထားရသကဲ့ စိတ်ထဲမှာ လေးလံတင်းကျပ်နေသည်။ ထို့ကြောင့် နည်းနည်းလေးမှ မျက်နှာချင်းမဆိုင်ရလည်း မျက်နှာပူနည်းနည်းသက်သာရသည် သဘောဖြင့် မနက်ခင်း နိုးလာတော့လည်း အပြင်မထွက်မိ။ အခန်းအောင်းနေလိုက်သည်။ ဒါပေမယ့်
"သမိုင်းသစ်ရေ
ရှင်တော့ ထီပေါက်ပြီ"
အင်မတန်မှ ရွှင်မြူးနေသည့် လေသံဖြင့် အော်ခေါ်နေသည့် စိုစိုသည် သူ့အခန်းထဲသို့ အပြေးအလွှားဝင်လာခဲ့သည်။
"ဘာလဲ စိုစိုရာ
သား လန့်နေပါတယ်ဆိုမှ"
"အေး
ပိုလန့်စရာကောင်းတာတွေ ရောက်လာပြီ"
"ဟမ် ဘာလဲ"
"အောက်ထပ်မှာ တိမ်မိုးဝေတို့ ရောက်နေတယ်"
ဗုဒ္ဓေါ..... လူကိုယ်တိုင်လည်း မျက်လုံးပျုးသွားသလို စိတ်ထဲကနေလည်း အလိုလို ဘုရားတမိသွားရသည်။ သူနားကြားလွဲသွားတာလား
"စိုစို လာနောက်မနေနဲ့"
"ငါက ဘာလို့နောက်ရမှာလဲ
မယုံရင်အောက်ဆင်းကြည့်
မမက ရှင့်ကို သွားခေါ်ပါဆိုလို့ လာခေါ်တာ"
တကယ်ကြီး စိုစို နောက်နေတာမဟုတ်ဘူးပေါ့။ တကယ်ကြီး ကိုတိမ်ရောက်နေတာပေါ့။ ငါးပါးတွေတော့ မှောက်ပြီပဲ။ သူအခန်းထဲက အလျင်အမြန်ထွက်ပြီး အောက်ထပ် ဧည့်ခန်းဆီသို့ ဦးတည်လိုက်သည်။ သူ့နောက်ကလိုက်လာသည့် စိုစို့ဆီက
"တူ လင်နေ
အဒေါ်ဖင်ကြိမ်း" ဆိုသည့် ရယ်သံကြီးကိုလည်း မကြားချင်ပဲ ကြားနေရသည်။

ဧည့်ခန်း၀ ကိုရောက်သည့် အခါမှာတော့ စိုစိုနောက်မနေတာ သေချာသွားခဲ့သည်။ တကယ် ကိုတိမ်ရောက်ချလာတာပဲ။ ကိုတိမ်တစ်ယောက်တည်းပင်မဟုတ်။ ကိုတိမ်မေမေ အန်တီပါ ပါသည်။ သူရောက်လာတာကို တွေ့တော့ ကိုတိမ်က ဝမ်းသာအားရ လက်လှမ်းပြသည်။ အန်တီကတော့ သူ့ကို အားနာသလို ပြုံးပြနေသည်ဟု စိတ်ထဲမှာ ထင်လိုက်သည်။ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် မေမေ့ဖက်ကို လှမ်းကြည့်လိုက်တော့ မေမေ့ အကြည့်တွေကို သူဘာသာမပြန်တတ်တော့။ မေမေ့ဘေးက ဖေဖေ့မျက်နှာကိုတော့ ကြည့်ရဲလောက်သည်အထိ သူ့မျက်နှာ ပြောင်မနေနိုင်ခဲ့ပါ။
"သမိုင်း လာလေ"
ဧည့်သည်တော်ကြီး တိမ်မိုးဝေက အကျအန လှမ်းခေါ်လိုက်တော့ အိမ်ရှင်လေး သမိုင်းသစ်ခမျာ
"ဟုတ်ကဲ့"လို့ပဲ ပြန်ဖြေပြီး မေမေ့ဘေးက ခုံမှာ အသာဝင်ထိုင်လိုက်သည်။ စိုစိုကတော့ နံရံကိုမှီ မတ်တပ်ရပ်နေပြီး အားလုံးကို အကဲခတ်နေသည်။

အားလုံးဟာ ဘယ်သူက ဘာစကားကို စလာမှာလဲဆိုသည့် သဘောဖြင့် အတန်ငယ် တိတ်ဆိတ်နေကြသည်။ ဘယ်သူစပြောလာနိုးနိုးနှင့် စောင့်နေပေမယ့်လည်း စက္ကန့်အနည်းငယ်ကြာသည် အထိ ဘယ်သူ့ဆီကမှ စကားထွက်မလာတော့။ ထိုအခါ အခြေအနေကို ထိန်းပေးလိုသည့် သဘောနှင့် ဖေဖေကပင်စမေးလိုက်သည်။
"မောင်တိမ်မိုးေ၀ အိမ်အလည်လာတာ တခြားဘာကိစ္စရှိသေးလဲ ကွဲ့"
အားလုံးအကြည့်တွေက ကိုတိမ်ဆီ ရောက်သွားသည်။ ကိုတိမ်ဘာဖြေလိုက်လေမလဲ....
"ကျွန်တော် ဒီနေ့ ဦးတို့၊ အန်တီတို့ဆီ လာတာက ခွင့်တောင်းစရာရှိလို့ပါ"
ကိုတိမ့်လေသံက ပုံမှန်ထက်တောင် တည်ငြိမ်လွန်းနေပါသေးသည်။
"ဘာ ခွင့်တောင်းစရာလဲ ကွဲ့"
"ကျွန်တော် နဲ့ သမိုင်းကို တရားဝင်ချစ်သူတွေ အဖြစ်အသိအမှတ်ပြုပေးဖို့ တောင်းဆိုချင်လို့ပါ"
"ဟေ"
ဖေဖေ၏ အာမေဒိတ်သံ အဆုံးမှာ အားလုံးဟာ နဂိုကထက်ပိုပြီး တိတ်ဆိတ်သွားတော့သည်။ ဖေဖေက သူ့ကို ကြည့်လိုက်၊ မေမေ့ကိုကြည့်လိုက်၊ နောက်ဆုံး သူ့ညီမ စိုစို့ဆီမှာ အကြည့်ကရပ်သွားသည်။ စိုစိုက ပခုံးတွန့်ပြီး မသိဘူးလေဆိုသည့် ပုံစံဖမ်းပြနေသည်။
"ဒါဆို သားတို့နှစ်ယောက်က ဟိုသင်း
ချစ်သူတွေလား"
ကျားကိုက်ပါတယ်ဆို၊ အပေါက်ကလေးနဲ့လားမေးသည့် ဖေဖေ့အသံမှာ အပူငွေ့တွေကိုပင် ခံစားနေရသည်။
"ဟုတ်ပါတယ်ခင်ဗျ
ကျွန်တော်နဲ့ သမိုင်းချစ်သူဖြစ်တာ 3 နှစ်ပြည့်ခဲ့ပါပြီ"
"ဟေ"
ဖေဖေသည် နောက်တစ်ခွန်းထပ် အာမေဒိတ်ပြုပြန်သည်။
"ဟုတ်ကဲ့
အဲ့ဒါကြောင့် ဦးတို့အနေနဲ့ စိတ်ထဲသဘောမတွေ့လို့ ဒေါသထွက်ချင်ရင် ကျွန်တော့်ကိုဒေါသထွက်ပါ၊ ဆူချင်ရင်လည်း ကျွန်တော့်ကိုဆူလို့ရပါတယ်
သမိုင်းကိုတော့ မဆူပါနဲ့နော်"
အံသြဘနန်းပါလား။ ဒီကောင်လေးက တစ်မျိုးတော့ တစ်မျိုးပဲ ဟု တွေးလိုက်သည်။
" သား သမိုင်းက အသက်ပြည့်ပြီးပြီလေ
သူရည်းစားထားတဲ့ကိစ္စကို ဦးတို့အနေနဲ့ ဆူစရာမရှိပါဘူး"
မေမေက ဖေဖေ့ထံ အကြည့်တစ်ချက်ပို့လွှတ်လိုက်သည်။ ထို့ကြောင့် ဖေဖေသည် ပါးစပ်ပိတ်ပြီး အသာလေး ပြန်ငြိမ်သွားသည်။ မယားရိုသေ အသက်ရှည်တယ်မလား။
"မောင်တိမ်မိုးဝေက ဘာလို့ အန်တီတို့ဆီက တရားဝင်ခွင့်ပြုတာကို လိုချင်တာလဲ"
ချိုသာခြင်းလည်းမမည်၊ အလိုမကျခြင်းလည်းမမည်သည့် မေမေ့အသံက အနည်းငယ် လန့်စရာကောင်းနေသည်။
"သမိုင်း အနေခက်မှာစိုးလို့ပါ
သမိုင်းစိတ်ထဲမှာ တစ်ထင့်ထင့်ဖြစ်ပြီး စိတ်ပူနေမှာ မလိုလားလို့ပါ
နောက်ပြီး လူကြီးတွေဆီက ကောင်းချီးပေးတဲ့ ဆက်ဆံရေးကိုပဲ လိုချင်လို့ပါ"
ကိုတိမ်၏ အဖြေတို့က တကယ်ကိုပဲ မထင်မှတ်ထားလောက်အောင် ရဲဝင့်ပြတ်သားနေခဲ့သည်။ တည
"အခုလို ရုတ်တရက် အကြောင်းမကြားပဲ လာလိုက်ရတာ ဒီကညီမကြီးတို့ကိုလည်း အားနာပါတယ်ကွယ်
သား ကိုတိမ်က အတင်းကာရောကို သွားချင်နေလို့ အမကြီးပါ လိုက်ခဲ့ရတာပါ
အမကြီးတို့ဖက်ကတော့ သားလေးတို့နှစ်ယောက်အကြောင်းကို သိခဲ့တာကြာပါပြီ
သား သမိုင်း ဟိုကိုကျောင်းသွားမတက်ခင်ကတည်းကပါပဲ
အမှန်အတိုင်းပြောရရင် ကိုယ့်သားထက် သားလေးသမိုင်းအတွက်ပဲ စိတ်ပူခဲ့တာပါ
ငယ်သေးတာကိုး
ဒါပေမယ့်တစ်ဖက်ကလည်း  လိမ္မာယဉ်ကျေးပြီး စဉ်းစားတတ်မယ့်ပုံပေါ်တဲ့ ကလေးတစ်ယောက်ဖြစ်တာအပြင်၊ ကိုယ့်သားကိုယ်တိုင်ကလည်း အလေးအနက်ထားနေတာမို့ ဒီကလေးနှစ်ယောက်  အရေးကို ပိတ်ပင်တာ၊ တားဆီးတာ မလုပ်ခဲ့ပါဘူး
ကိုတိမ်အမတွေကိုယ်တိုင်ကလည်း သူတို့စိတ်နဲ့ သူတို့ကိုယ်သူတို့ထိန်းနိုင်ရင် ကြည်ဖြူပါတယ်လို့ သဘောထားပါတယ်"
ကိုတိမ်၏ မေမေသည် စကားအရာမှာ အေးအေးလေးလေးနှင့် လိုရင်းကို ဆွဲပြောနိုင်ခဲ့သည်။ နားထောင်နေသူတို့စိတ်နှလုံးမှာ ဖုံးကွယ်နေတဲ့ မြူတစ်ချို့ကို ဖယ်ရှားပေးနိုင်သော ဆိုလိုခြင်းတွေ ပါဝင်နေသည်။ အတန်ကြာမှ မေမေက စကားပြန်သည်။
"အမှန်အတိုင်းပြောရရင် မနေ့ကမှ သူတို့နှစ်ယောက်အကြောင်းကို ကျွန်မ သိခဲ့တာပါ
ကျွန်မအမျိုးသားဆို သိတောင်မသိသေးပါဘူး
စစသိလိုက်ချင်းကတော့ ကျွန်မ ဝမ်းလည်းနည်းခဲ့သလို၊ ဘာကိုယူကြုံးမရဖြစ်ခဲ့မှန်းလည်းမသိခဲ့ဘူး
ကျွန်မတို့ ကလေးကို အရမ်းပဲ လွတ်လပ်ခွင့်တွေ ပေးခဲ့မိလို့လားဆိုပြီး တွေးခဲ့မိတယ်။
မနေ့ညက ကျွန်မယောင်းမ သမိုင်းရဲ့ အဒေါ်ကိုယ်တိုင်ကလည်း ဖြောင်းဖျပြောပေးတာရော၊
ခုဏက အမကြီးပြောသလိုပဲ ကိုယ့်သားက အသိဉာဏ်မဲ့တဲ့လုပ်ရပ်ကို လုပ်မှာမဟုတ်ပါဘူးလေလို့ ယုံကြည်တာကြောင့် စိတ်ထဲမှာ နည်းနည်းတော့နေလို့ရပါပီ"
မေမေကပဲ ဆက်ပြောသွားသည်။
"ဒါ့ကြောင့် အမကြီးတို့မလာတောင်
မောင်တိမ်မိုးဝေကို ခေါ်ပြီးတွေ့မလို့ပါပဲ
အခုလို လာတွေ့တော့ ပိုအဆင်ပြေသွားတာပေါ့"
"ဟုတ်ကဲ့ အန်တီပြောပါ"
"အန်တီတို့သားကို တကယ်ချစ်မြတ်နိုးတာ သေချာလား"
"ဟုတ်ကဲ့
သမိုင်းအပြင် ကျွန်တော် ချစ်နိုင်သူ မရှိနိုင်တော့ပါဘူး"
မေမေသည် သူ့ဖက်ကိုလှည့်ပြီး
"သား သသ
သားသဘောကရော" ဟု သူ့မျက်နှာကို စူးစိုက်ကြည့်ပြီးမေးလာသည်။ မေမေ့မေးခွန်းကိုဖြေဖို့ သူအရင်ဆုံး ဖေဖေ့မျက်နှာကို ကြည့်မိသည်။ ဖေဖေကတော့ ခါတိုင်းလို အေးဆေးသည့် မျက်နှာနှင့် ဖြေလိုက်လေဟု ပြောနေသလိုပါပဲ။ ပြီးတော့ ကိုတိမ်ကို ကြည့်မိသည်။ ကိုတိမ်ကတော့ မျက်လုံးတွေ ဝိုင်းနေတဲ့အထိ မျှော်လင့်ချက်ကြီးစွာကြည့်နေသည်။ ပြီးတော့ကိုတိမ်မေမေ၊ စိုစို အားလုံးကိုကြည့်ပြီး ဆုံးဖြတ်ချက်ချထားသည့် လေသံဖြင့် အဖြေပေးမိသည်။
"ကျွန်တော် ကိုတိမ့်ကို သဘောကျတယ် မေမေ
ကျွန်တော်တို့ကို သဘောတူပေးပါ"
ထိုသို့ ဖွင့်ပြောလိုက်ရတော့ တစ်ချိန်လုံး ရင်ထဲမှာ လေးလံနေသည့် အကြောင်းအရာတို့က ပေါ့ပါးသွားသည်။ မေမေတို့ ဆုံးဖြတ်ပါစေလေ။
"ရှင့်သဘောက ဘယ်လိုလဲ" မေမေက ဖေဖေ့ကို ပြန်မေးသည်။
"ကိုယ့်သဘောက မင်းသဘောလေ
ဒါပေမယ့် သားစိတ်ချမ်းသာရင် ပြီးတာပါပဲလို့ ထင်တာပဲလေ"
မေမေက ဖေဖေ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ကိုတိမ်တို့ဖက်ကို ပြန်လှည့်လိုက်သည်။
"အခုတော့ အန်တီတို့အနေနဲ့ ကန့်ကွက်ဖို့မရှိပါဘူး
အဲ့ဒီအစား မောင်တိမ်မိုးဝေ"
"ခင်ဗျာ"
"သားခေါ်သလိုပဲ ကိုတိမ်လို့ ခေါ်ပြီးပြောမယ်
ကိုတိမ်က သသ ထက်အသက်လည်းကြီးတယ်
ပတ်ဝန်းကျင်အတွေ့အကြုံလည်း ပိုများတယ်
ကိုတိမ်က ပိုရင့်ကျက်ပေးပါလို့ပဲ တောင်းဆိုချင်တယ်
နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ကြဖို့ပဲ မျှော်လင့်တယ်"
"ဟုတ်ကဲ့ အန်တီ
စိတ်ချပါ
ကျွန်တော် သမိုင်းရှေ့က အမြဲရှိနေမှာပါ"
"အေးပါကွယ်"
အရေးကြီးအကြောင်းအရာတွေ ဆွေးနွေးပြီးတော့ ဆက်ပြီး ပေ့ါပေါ့ပါးပါး စကားတွေသာ ဆိုဖြစ်ကြတော့သည်။ ထိုအခါမှာ ပွဲထိန်းက စိုစိုပေါ့။ စိုစို၏ အပြောတွေအောက်မှာ ရယ်ရယ်မောမောနှင့်ပဲ မိတ်ဆွေတွေဖြစ်သွားကြသည်။ နှစ်ဦးနှစ်ဖက်တွေ့ဆုံပွဲလေးက ထိုကဲ့သို့ပင် ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးဆုံးသွားခဲ့သည်။ ထိုနေ့က မေမေက အတင်းပဲ ထမင်းခေါ်ကျွေးနေသဖြင့် ကိုတိမ်တို့သားအမိမှာ အားနာနာနှင့်ပင် ဝင်စားသွားရသည်။ ကိုတိမ်တို့ ပြန်သွားပြီးတော့လည်း သူတို့ထို အကြောင်းကို ဆက်မပြောဖြစ်ကြတော့။ မေမေတို့က သူ့ကို ရန်ကုန်မှာ တစ်ပတ်ဆက်နေခွင့်ပြုပေးခဲ့သည်။ သူတို့လင်မယားနှစ်ယောက်ကတော့မနက်ဖြန် ပြန်မည်မို့ ညနေခင်းမှာ သားအဖသုံးယောက် ဈေးဝယ်ထွက်ကြသည်။ ညရောက်တော့လည်း ကိုတိမ်က ဖေဖေတို့အတွက် အိမ်အပြန်လက်ဆောင် သပ်သပ်လာပေးသွားသေးသည်။ တကယ်ကို သိတတ်သည့် သားမတ်အလိမ္မာလေးအဖြစ် အမှတ်ရသလောက်ယူနေတော့သည်။

သမိုင်းတစ်ယောက် ဖေဖေတို့ကို ကတိပေးထားသည့်အတိုင်း စိုစို့တိုက်ခန်းမှာပြောင်းနေလိုက်သည်။ ဒါပေမယ့် နေ့ခင်းတွေဆို စိုစိုကလည်း အလုပ်သွား၊ သူကလည်း ကိုတိမ်ဆိုင်ရောက်နေတာမို့ တူဝရီးနှစ်ယောက်ဟာ ညပိုင်းမှသာတွေ့ရတာဖြစ်သည်။ ဒါတောင်တစ်ခါတစ်လေ စိုစိုက တီကြေးအိမ်လိုက်အိပ်လျှင် သူတစ်ယောက်တည်း ကျန်ခဲ့ရသေးသည်။ ဘာပဲဖြစ်ဖြစ် အခုဆို သူတို့နှစ်ယောက်က တရားဝင် အော်ဖစ်ရှယ် လက်တွဲခွင့်ရနေတာမို့ ပိုပြီး စိတ်အေးလက်အေး ကြည်နူးရတာတော့အမှန်ပဲဖြစ်သည်။

ကိုတိမ်၏ ဆိုင်မှာ လူအနည်းငယ်ရှင်းသည့် နေ့လည်ခင်းတစ်ခုမှာ သူဟာ ကိုတိမ်ကိုခေါ်ပြီး မှောဘီခြံကို ထွက်ခဲ့ကြသည်။ ကိုတူး၏ အမြဲရှင်းလင်းထိန်းသိမ်းထားနိုင်မှုကြောင့် မှောဘီခြံဟာ အရင်လို စိမ်းစိုပြီး နေချင်စရာကောင်းနေစမြဲပါပဲ။ ခြံထဲရောက်ပြီး ခဏနားကာ ကိုတိမ့်လက်ဆွဲပြီး ကြာကန်ကြီးဘေးသို့ လျှောက်လာခဲ့ကြသည်။ကန်ထဲမှာ ကြာပန်းတွေဟာ လှပစွာ ဖူးပွင့်နေကြသည်။
"ဟာ ကြာတွေ ပိုများလာသလိုပဲနော် သမိုင်း"
ကိုတိမ်ကတော့ ကြာကန်ဖက်ကို မျက်နှာလှည့်ပြီး သဘောကျစွာပြောနေသည်။
"ကိုတိမ်"
"ဟင်"
"အရင်တုန်းက ကျွန်တော်ပြောဖူးတယ်
ဒီခြံကို ဝယ်ဖြစ်တာ ဒီကြာကန်ကြီးပါလို့ဆိုတာလေ
မှတ်မိလား"
"အင်း မှတ်မိတယ်လေ
အဲ့တုန်းကတောင် ကိုယ်မေးသေးတယ်
ကြာကန်နဲ့ ဘာစပ်ဆက်နေတာလဲ ဆိုပြီး
သမိုင်းမဖြေခဲ့ဘူးလေ"
"အင်း
အခုဖြေမယ်
ကျွန်တော် ဒီကြာကန်ကြီးကို မြင်တော့ တွေးမိခဲ့တယ်
တစ်ချိန်မှာ ကျွန်တော်ချစ်သူရှိလာခဲ့ရင် အခုလို ကြာပန်းတွေပွင့်နေတဲ့ ကန်ကြီးဘေးမှာ
လက်ထပ်ခွင့်တောင်းချင်လို့ပဲ"
"ဟင်"
ကိုတိမ်သည် အံအားသင့်သွားဟန်ရှိသည်။ သမိုင်းတစ်ယောက် သူ့ဘောင်းဘီဘေးအိတ်ထဲမှာ ထည့်ထားသည့် ဘူးလေးကိုထုတ်ထားသည်။ သူဂျပန်က မပြန်ခင်မှာ ဝယ်ခဲ့တဲ့လက်ဆောင်လေး။ ကိုတိမ်အတွက်ရည်ရွယ်ပြီး ဝယ်ခဲ့တဲ့ လက်စွပ်လေး။ တစ်ချိန်လုံးသူ့ကိုယ်ပေါ်မှာ ဆောင်ခဲ့တဲ့ မြတ်နိုးမှူလေး။
ကိုတိမ်လက်ကို ဆွဲယူပြီး ညာဖက်လက်ချောင်းသွယ်သွယ်လေးမှာ စွပ်ပေးလိုက်သည်။ ထိုလက်ကလေးကို ဆုပ်ကိုင်ရင်း
"အခုချိန်မှာ ကျွန်တော့်ကို လက်ထပ်ပါလို့ ခွင့်မတောင်းနိုင်သေးပေမယ့်
စေ့စပ်ခွင့်တော့ ပြုမယ်မလားဟင်
သဘောတူပေးမယ်မလားဟင်"
ဟု ကိုတိမ်မျက်နှာကို မျက်နိုးစွာ မော့ကြည့်ရင်း ဆိုမိသည်။ ကိုတိမ်တစ်ယောက်ကတော့ ချက်ချင်းပင် မျက်ရည်တို့ဝိုင်းတက်လာပြီး မငိုမိအောင် မျက်ခွံတို့ကို ဆက်တိုက်ပုတ်ခတ်နေတော့သည်။ ထို့နောက်တော့ ခေါင်းကို အခါတစ်ရာလောက်ငြိမ့်ပြပြီး
"ကိုယ် သဘောတူတယ်" ဟု ငိုသံကြီးနှင့် ပြောလာသည်။ ထို့နောက်တော့ သူကိုယ်တိုင်လည်း အပျော်လွန်ပြီး ဘယ်လိုပင် အနမ်းတွေပေးမိမှန်းမသိတော့ပါ။ အဆုံးမရှိအနမ်းတွေနဲ့ သက်သေပြမရသည့် အချစ်တွေကို သက်သေပြနေမိတော့သည်။ လေပြေညှင်းလေးတွေတိုက်ခိုက်နေတဲ့ တစ်ခုသော နေ့ခင်းမှာ သစ်ရိပ်ဝါးရိပ်တွေအောက်က ကြည်စိမ်းလဲနေ့တဲ့ ကြာကန်ကြီးတစ်ခုရဲ့ဘေးမှာ ကောင်လေးနှစ်ယောက်ဟာ အချစ်တွေကို လက်စွပ်လေးတစ်ကွင်းနဲ့ ချည်နှောင်ခဲ့ကြတယ်။ အနမ်းတွေနဲ့ရောပေါ့။

ရန်ကုန်မှာ တစ်ပတ်နေပြီး သူတောင်ငူကို ပြန်သွားခဲ့သည်။ မိဘတွေရဲ့ မျက်စိအောက်မှာ သူဟာ ယုံကြည်ရတဲ့ သားတစ်ယောက်အဖြစ်နဲ့ တည်ရှိနေတုန်းပါပဲ။ အိမ်အလုပ်တွေကို အရင်လိုပဲ ကူလုပ်ပေးသည်။ အလုပ်တွေကြိုးစားသလို ချစ်သူကောင်းတစ်ယောက်အနေနဲ့ ကိုတိမ်စိတ်ချအောင် လည်း အမြဲ ဂရုစိုက်ခဲ့သည်။ အားလုံး၏ အချစ်တွေအလယ်မှာ သူ့ဘဝလေးဟာ ပျော်ရွှင်နေခဲ့သည်။

ကျောင်းပြန်ဖွင့်တဲ့အခါ သူအရင်လိုပဲ ကျောင်းပြန်တက်ခဲ့သည်။ စီနီယာ နောက်ဆုံးနှစ်ကျောင်းသားကြီးပေါ့။ ကောင်းကောင်းကတော့ ကျောင်းပြီးသွားခဲ့ပြီဆိုပေမယ့် ရန်ကုန်မှာပဲ သင်တန်းတွေတက်နေတာမို့ အရင်ကလိုနေ့တိုင်းမတွေ့ဖြစ်တောင် မကြာခဏတော့ ပုံမှန်တွေ့ဖြစ်ကြသေးသည်။ အခုဆို အရင်နဲ့ မတူစွာ ကွဲပြားသွားတာဆိုလို့ သူဟာ ကိုတိမ့်အိမ်မှာ တံခါးမရှိ၊ ဓါးမရှိ ဝင်ထွက်သွားလို့ရနေသလို၊ သူ့အိမ်ကလည်း ကိုတိမ့်ဆီကို မကြာခဏ ဖုန်းဆက်ပြီး သူ့ကိုဂရုစိုက်ဖို့ မှာနေတတ်သည်။ အရင်ကတည်းက အဖြစ်သည်း ကိုတိမ်ကတော့ အခုဆို သူတစ်ခုခုဖြစ်လျှင် မေမေအဆူခံရမှာစိုးသဖြင့် အရင်ကလောက်ပင် အလိုမလိုက်တော့ပဲ သူ့ကို ပိုပြီး မျက်စိဒေါက်ထောက် ကြည့်သဖြင့် သူ့မှာ ငိုရအခက်၊ ရယ်ရအခက်ဖြစ်နေတော့သည်။ ဒီလိုနဲ့ သူတို့ အချစ်ရေးလမ်းခရီးဟာ သူကျောင်းပြီးသည်အထိ အပြောင်းအလဲမရှိခဲ့သလို၊ ပြဿနာကြီးကြီးမားမားလည်း မရှိခဲ့ပါ။ အချစ်နှင့် ငြိမ်းချမ်းခြင်းက ယှဉ်တွဲနေတာဖြစ်သဖြင့် သူတို့ကမ္ဘာလေးဟာ သာယာမြဲ သာယာဆဲပါပဲ။ ရန်ဖြစ်တဲ့အခါတွေလည်း သူ့ခွေးသွားလေးတွေဟာ ကိုက်မြဲကိုက်ဆဲပေါ့။

သူကျောင်းပြီးသွားတော့ နှစ်ဖက်မိဘတွေဆီက ခွင့်ပြုချက်ယူပြီး နှစ်ဦးသဘောတူ လက်ထပ်ဖြစ်ခဲ့သည်။ ဥပဒေအရ စာရွက်ပေါ်မှာ လက်ထပ်ခြင်းမျိုးမဟုတ်ပါပဲ အသိမိတ်ဆွေတွေရဲ့ ကောင်းချီးပေးမှုကို ခံယူကာ နှစ်ဦး လက်တွဲခဲ့ခြင်းပဲဖြစ်သည်။ မင်္ဂလာပွဲဆိုတာမျိုးလည်း ကျင်းပခဲ့တာမဟုတ်ပဲ နှစ်ဖက်လူကြီးတွေကို ကန်တော့ခြင်းဖြင့် အသိအမှတ်ခံယူလိုက်တာမျိုးဖြစ်သည်။ဒါပေမယ့် စိုစို၏ တိုက်တွန်းချက်အရ ပွဲလေးတစ်ပွဲတော့လုပ်ဖြစ်ခဲ့သည်။ ကိုတိမ်၏ သူငယ်ချင်းများနှင့် သူ့သူငယ်ချင်းတွေရယ်၊ စိုစို့ အလုပ်တိုက်က ဝန်ထမ်းအချို့ရယ်နှင့် မှော်ဘီခြံမှာတော့ ပျော်ပွဲစားလေးထွက်ပြီး ဧည့်ခံပွဲသေးသေးလေး လုပ်ခဲ့ခြင်းဖြစ်သည်။

သြော် အခုဆို ကိုတိမ့် ခန္ဓာကိုယ်မှာ သူနှင့်ပတ်သတ်သည့် တက်တူး သုံးခုရှိနေခဲ့ပါပြီ။ တစ်ခုက သူ့လက်က စာအမှတ်အသားလေးအတိုင်း ပုံစံတူ လိုက်ထိုးထားခဲ့သည့် အသည်းတစ်ခြမ်းပုံ တက်တူးလေး။ နောက်တစ်ခုက သူ့မွေးနေ့အမှတ်တရအဖြစ် ထိုးခဲ့တဲ့ သူ့မှတ်ပုံတင်နံပါတ်။ နောက်ဆုံးတစ်ခုကတော့ သူတို့နှစ်ယောက် လူကြီးတွေကို ကန်တော့ပြီး လက်ထပ်ခဲ့သည့် လက်ထပ်သည့်နေ့စွဲလေးပါပဲ။ ထိုနေ့စွဲလေးကို ရောမ အက္ခရာ ဂဏန်းတို့ဖြင့် လက်စွပ်ပုံစံလေး ညာဖက်လက်သူကြွယ်မှာ ရေးထိုးခဲ့ခြင်းဖြစ်သည်။ ရေးထိုးထားသည့် တက်တူးအပေါ်ကိုမှ လက်စွပ်လေးကို ဖုံးအုပ်စွပ်လိုက်သည်။ သူ့လက်သူကြွယ်ထက်မှာလည်း ကိုတိမ်နှင့် ဆင်တူ လက်ထပ်လက်စွပ်လေးလည်း ဝတ်ဆင်ထားပြီးဖြစ်သည်။
မှော်ဘီခြံထံထဲမှာ အားလုံးက ပျော်ပျော်ပါးပါးနှင့် လွတ်လပ်စွာ အနားယူနေကြသည်။ ကိုနေမင်းတို့အဖွဲ့ကတော့ ကိုကြီးဖြိုးမိုးနှင့် အကိုပြည့်သူတို့အတွဲကို အင်တာဗျုးနေကြသည်။ သူတို့ထက်ပင် လက်တွဲလာသည့်သက်တမ်းကြာရှည်နေသည့် ကိုကြီးဖြိုးမိုးတို့အတွဲကို အထူးအဆန်းတွေ ဖြစ်နေကြတာဖြစ်သည်။ သူကတော့ နောက်ကျမှ ရောက်လာသည့် သူ့သူငယ်ချင်းတစ်ယောက်ကို ကိုတိမ်နှင့် မိတ်ဆက်ပေးဖို့ ကိုတိမ်ကို လိုက်ရှာနေခဲ့သည်။ တစ်နေရာမှာ စိုစိုနှင့်အတူ စကားပြောနေသည့် ကိုတိမ်ကို တွေ့သဖြင့် လှမ်းပြီးလက်ယက်ခေါ်လိုက်သည်။
ကိုတိမ်က သူ့အနားကို အပြေးလေးရောက်လာရင်း
"သမိုင်းလေး ဘာလို့လဲ"
"ကိုတိမ်ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့
လိုက်ခဲ့"

သောက်စရာ ပုလင်းတွေချထားသည့် စားပွဲခုံရှည်ကြီးဘေးမှာ ဖြူဖြူသေးသေး ကောင်လေးတစ်ယောက်ဟာ  ဝိုင်ခွက်လေးကိုင်ပြီး ရပ်နေသည်။
"မုတ်သုံ"
သမိုင်း၏ ခေါ်သံကြောင့် ထိုကောင်လေးဟာ သူတို့ဖက်ကို လှည့်လာသည်။ ဝိုင်းစက်သည့် မျက်လုံးနက်လေးတွေဟာ ရယ်ပြုံးလိုက်တော့ အရောင်လေးတွေပင် လက်သွားသလိုပါပဲ။
"ကိုတိမ်
ဒါ ကျွန်တော့် သူငယ်ချင်း
မုတ်သုံတဲ့
မုတ်သုံ
ဒါ ငါ့ကိုတိမ်လေ"
သမိုင်း၏ သူငယ်ချင်း အကောင်သေးလေးဟာ သူ့ကို ကလေးတစ်ယောက်လိုပဲ နှစ်ခြိုက်စွာပြန်ပြုံးပြနေသဖြင့် သူလည်း လိုလိုလားလားနှင့် ပြန်ပြုံးပြလိုက်သည်။ သမိုင်းဆီက တစ်ခါမှ မကြားဖူးသည့် ထိုအကောင်သေးလေးအကြောင်းကို နောက်မှပဲ သမိုင်းလေးကို မေးတော့မည်ဟု တွေးလိုက်သည်။

လူတွေစုံသလောက်ရှိသည့်အခါမှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး အားလုံးရှေ့ကို ထွက်ရပ်လိုက်သည်။ တစ်ယောက်နဖူးကို တစ်ယောက် အပြန်အလှန် အနမ်းခြွေတော့ အားလုံးက လက်ခုပ်သြဘာပေးကြသည်။ ပြီးနောက်တော့ ကိုင်ထားသည့် ဝိုင်ခွက်တွေကို ကိုင်မြှောက်ပြီး သူတို့နှစ်ယောက်ကို စိုစို တိုင်ပေးလိုက်သည့်အတိုင်း ဆုတောင်းပေးကြတော့သည်။ ဘာတဲ့
"သမိုင်းသစ် နှင့် တိမ်မိုးဝေ
အချစ်ဖြင့် သက်တော် ရာကျော် ရှည်စေသော်" ဟူ၍ပင် ဖြစ်သည်။


ပြီးပါပြီ.........................................


Ownlish note *** No more extra ပါ။ အခုအချိန်ထိ ပျောက်တစ်လှည့် မပေါ်တစ်လှည် ficလေးကို စိတ်ရှည်စွာ ဖတ်ပေးခဲ့လို့ကျေးဇူး အများကြီးအများကြီးတင်ပါတယ်။ သမိုင်းနဲ့ ကိုတိမ်ဆိုတာကလည်း Ownlishအတွက်တော့ မောင်လေး ပိစိလေးနှစ်ယောက်လိုပါပဲ။ ချစ်မြတ်နိုးရတာပါပဲ။ ဖြိုးမိုးတို့နဲ့ ဇာတ်လမ်းချင်းမတူတာမို့ ဘယ်သူ့ ဇာတ်လမ်းကမှ ပိုကောင်းတယ်လို့ မရှိပါဘူး။ ကိုတိမ်တို့နှင့် ပတ်သတ်ပြီး လိုအပ်ချက်တစ်စုံတစ်ရာ ခံစားခဲ့ရရင် ownlishကိုပဲ အပြစ်တင်ပေးပါ။ ကလေးတွေကိုတော့ အချစ်မပျက်ပဲ တိုက်ဆိုင်မှုတွေရှိရင် သတိရပေးပါနော်။ နောက်ထပ် ကလေးတစ်ယောက်ရဲ့ နာမည်လေးကိုလည်း ပြောပြလိုက်ပါပြီနော်။ မကြာခင်မှာပဲ fic အသစ်လေးနဲ့ ပြန်လာခဲ့ပါမည်။ အားလုံးကို ချစ်တဲ့ ..................................

🎉 You've finished reading အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)Completed 🎉
အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now