Chapter 45

5.6K 604 48
                                    

Unicode

တကယ်တော့ သမိုင်းသစ်၏ အိမ်သို့ ဖွင့်ပြောရေး အစီအစဉ် က မဖြစ်မြောက်ခဲ့ပါ။ အကြောင်းကတော့ သမိုင်းတို့ ဖိုးဖိုး ဆုံးသွားသောကြောင့်ဖြစ်သည်။

သမိုင်းသည် စာမေးပွဲပြီးလို့ အိမ်ပြန်လျှင် ဖေဖေ့ကို ပြောမည်ဟု အစီအစဉ်ချထားခဲ့သည်။ ဖေဖေသည် အခုအသက်အရွယ်အထိ သူ့ကိုတစ်ခါမှပင် ရိုက်ဖူးခဲ့သူမဟုတ်။ သူ့အပေါ် စိတ်ဆိုးဒေါသထွက်တာမျိုးပင် ပြုလုပ်ခဲသူဖြစ်သည်။ ထို့အပြင် သားအဖချင်းဆိုတော့ ပိုပြီးနားလည်ပေးမည်ဟု ထင်မိသည်။ ထို့ကြောင့် ဖေဖေကနေတစ်ဆင့် မေမေ့ကိုပါ ပြောပေးဖို့ တောင်းဆိုမည်ဟု တွေးထားခဲ့သည်။

ဒါပေမယ့်လည်း သမိုင်း စာမေးပွဲဖြေနေစဉ်အတွင်းမှာ ဖိုးဖိုး ဖျားနေသည်ဟု အိမ်ကဖုန်းဆက်လာသည်။ မေမေတို့ကတော့ ရိုးရိုးအဖျားပါပဲဟု သူစိတ်မပူစေရန်လျော့ပြောခဲ့သည်လား မသိတော့။ သူစာမေးပွဲပထမရက်က စဖျားသည့် အဖျားသည် သူစာမေးပွဲပြီးခါနီးအထိ မသက်သာလာခဲ့။ စာမေးပွဲနောက်ဆုံးနေ့မှာပင် အိမ်ကချက်ချင်းပြန်လာဖို့ ပြောသဖြင့် အထုတ်အပိုးပင် မသိမ်းနိုင်တော့ပဲ တန်းပြန်ခဲ့ရသည်။

စိုစိုကတော့ ဒီရက်ပိုင်းမှာ စက်ရုံမှာလည်း စက်အသစ်တွေ တပ်ဆင်နေသည့်အချိန်နှင့် ကွက်တိသွားကျနေသဖြင့် တစ်ရက်နှစ်ရက်နေမှ လိုက်လာနိုင်မှာဖြစ်သည်။ ဖိုးဖိုး စပီးနေမကောင်းဖြစ်တုန်းက တစ်ခေါက်ပြန်ထားပြီး သူ့စားမေးပွဲအတွင်းကျမှ ရန်ကုန်ကို ပြန်လာတာဖြစ်သည်။ စိုစို တောင်ငူပြန်တုန်းက သူ့ဆီဖုန်းဆက်သည်။ ပြန်မလာလည်း ဖြစ်လားဟု လှမ်းမေးခြင်းပါ။ သူ့စာမေးပွဲအတွင်းမို့ စားရေသောက်ရေး အခက်အခဲဖြစ်နေမှာစိုးလို့ဖြစ်သည်။သူ့အတွက်နဲ့တော့ ပြန်မလာလည်းရတယ်ဟုပြောလိုက်သည်။  ဒါပေမယ့် အိမ်ကလည်း အတင်းပြန်ခိုင်းတာရော၊ အလုပ်ကိစ္စပါ ပေါ်လာသဖြင့် စိုစိုလည်း တောင်ငူမှာ ကြာကြာမနေလိုက်ရပဲ ပြန်လာခဲ့ရသည်။

သူအိမ်ရောက်တော့ ဖိုးဖိုးသည် အိမ်မှာပင် နပ်စ်တစ်ယောက် အမြဲစောင့်ကြည့်ဖို့ ထားရပြီး အောက်စီဂျင်လည်း ပေးနေရသည်။ ဖိုးဖိုးကိုယ်တိုင်က အိမ်မှာပဲ နေချင်သည်ဟု ပြောထားသဖြင့် ဆေးရုံမတင်ပဲ ဆရာဝန်ကိုသာ အိမ်ကိုလာကြည့်ခိုင်းရသည်။  ရောက်ရောက်ချင်း မေမေတို့နှင့် ခဏသာနှုတ်ဆက်ပြီး ဖိုးဖိုးအခန်းထဲသို့ ခြေထောက်အသာ ဖော့နင်းပြီး ဝင်သွားမိသည်။ အကယ်လို့ ဖိုးဖိုးအိပ်နေလျှင်လည်း မနိုးအောင်လို့ ဖြစ်သည်။ ဒါပေမယ့် သူက ကုတင်ဘေးမှာထိုင်ပြီး ဖိုးဖိုးလက်ကလေးတွေကို ဆုပ်ကိုင်လိုက်တော့ မျက်လုံးတို့ ဖြည်းငြင်းစွာ ပွင့်လာသည်။ ထို့နောက်သူ့ကို ပြုံးပြနေသည်။
"ဖိုးဖိုး နေသာရဲ့လား"
သူက မေးလိုက်တော့ ခေါင်းငြိမ့်ပြသည်။
"သား ဖိုးဖိုးကြိုက်တဲ့ မင်းကွတ်သီးတွေ အများကြီးဝယ်လာတယ်
ဖိုးဖိုးစားချင်တဲ့အချိန်ပြောနော်"
ဖိုးဖိုးသည်အောက်စီဂျင်ပိုက်တပ်ထားတာမို့ စကားတော့မပြောနိုင်။ ဒါပေမယ့် သူပြောသမျှကိုတော့ ကြားကြောင်းနှင့် နားလည်ကြောင်းကို ခေါင်းလေးငြိမ့်ငြိမ့်ပြရှာသည်။ ဘေးနားက သူနာပြုဆရာမက သူ့အနားကပ်လာပြီး
"အခုမှ dripကုန်ကာစမို့ ပြန်အိပ်ချင်နေတာနဲ့တူတယ်"
ဟု တိုးတိုးလေးပြောသည်။ ထို့ကြောင့် သူလည်း
"ဖိုးဖိုး
သားအခုမှရောက်တာမို့ ရေချိုးအဝတ်အစားလဲလိုက်ဦးမယ်နော်
ဖိုးဖိုးလည်း ခဏအိပ်လိုက်ဦး"
ဟု ခွင့်တောင်းလိုက်သည်။ ဖိုးဖိုးက သူ့ကို လက်ဖြင့် သွားသွားဟု အမူအရာလုပ်ပြသည်။ အဲ့တော့မှ သူလည်း ခြုံထားသည့်စောင်ကို ရင်ဖက်ထိ အသာ ပြန်တင်ပေးပြီး အခန်းထဲက ထွက်ခဲ့လိုက်သည်။
အပြင်ကဧည့်ခန်းမှာ ထိုင်နေသည့် မေမေကလည်း မျက်နှာမကောင်းပေမယ့် သူ့ကိုတော့ စိတ်သက်သာသွားအောင် ပခုံးနှစ်ဖက်ကို အသာပွတ်ပေးသည်။
"သားလည်း သွားနားဦးလေ"
"ဖွားဖွားရော"
"ဘုရားခန်းမှာ ပုတီးစိပ်နေတယ်"
"အဲ့ဒါဆို သားခဏ အိပ်လိုက်ဦးမယ်နော်"
"အေးအေး
ဒါဆိုလည်း
နိုးမှ ရေချိုးလိုက်"
"ဟုတ်"
သူ့အခန်းကတော့ မေမေက ရှင်းထားပေးတာမို့ သန့်ရှင်းရေးလုပ်စရာမလိုတော့။ အဲယားကွန်းကို အပူချိန်ညှိဖွင့်ရင်း ကိုတိမ်ဆီဖုန်းဆက်လိုက်သည်။ ဖုန်းဝင်သွားတာနှင့် သူ၏ Vitamin အားဆေးသံလေးကို ကြားလိုက်ရသည်။
"သမိုင်းရောက်ပြီလား"
"ဟုတ်"
"ဖိုးဖိုးနဲ့ရော တွေ့ပြီးပြီလား"
"အင်း ပြီးပြီ"
"စကားပြောနိုင်လား"
"စကားတော့မပြောနိုင်ဘူး
ကျွန်တော်ပြောတာကိုတော့ နားထောင်ပြီး အမူအယာနဲ့ ပြန်ပြောပါတယ်"
"အင်းအင်း
သက်သာသွားမှာပါ
သူ့မြေးကြီးလည်း ပြန်ရောက်လာပြီပဲကို"
"ဟုတ်"
သူ့ဖက်က ပြန်ပြောနိုင်သည့် အားမရှိသေးတာကို ရိပ်မိပုံရသည့် ကိုတိမ်က
"သမိုင်းလည်း ခရီးပန်းထားတာပဲ
နားလိုက်ဦးလေ
ပြီးရင်လည်း ဖိုးဖိုးဘေးမှာ အဖော်လုပ်ပေးလိုက်ဦး
အားမှကိုယ့်ဆီခေါ်လိုက်နော်
ကိုယ့်စောင့်နေမယ်"
"ဟုတ်
အဲ့ဒါဆို ဒါပဲနော်"
"အင်းအင်း
ချစ်တယ်နော်"
"ဟုတ်"
ကိုတိမ်နှင့် ဖုန်းပြောပြီးတော့ သူလည်း စိတ်ကို အနားပေးလိုက်ပြီမို့ ချက်ချင်းပဲ အိပ်ပျော်သွားတော့သည်။

သူအိမ်ပြန်ရောက်သည့်နေ့မှ စပြီး အားတိုင်း ဖိုးဖိုးဘေးမှာ တောက်လျောက်ရှိနေပေးခဲ့သည်။ တကယ်တော့ ဖိုးဖိုးသည် သူ့ကို မြေးဦးလေး၊ တစ်ဦးတည်းသော မြေးလေးမို့ အလွန်ချစ်သည်။ ဖိုးဖိုးဥပုသ်စောင့်သွားလျှင်လည်း သူ့ကိုခေါ်သွားတတ်သလို ဖိုးဖိုးသူငယ်ချင်းတွေ လာလည်လို့ သူတို့စကားဝိုင်းမှာလည်း သူ့ကို ဝင်ပြီးနားထောင်ခိုင်းတတ်သည်။ အခုခေတ်ကလေးတော်တော်များများက လူကြီးတွေစကားဝိုင်းဝင်ရမှာ ပျင်းကြပေမယ့် သူကတော့ စိတ်ပါဝင်စားစွာနားထောင်ပြီး ဝင်စကားပြောတတ်သည်။ ဖိုးဖိုးတို့ခေတ်ကဘယ်လို၊ ဖိုးဖိုးတို့ ဘယ်လိုတွေ ကြိုးစားပြီး စီးပွားရခဲ့ရတာ စသည်တို့ကို နားထောင်ပြီး ပိုက်ဆံပေး သင်ယူလို့မရသည့် လောက၏ ဗဟုသုတတွေကို မှတ်သားရသည်။
အခုလိုသူချစ်သည့် ဖိုးဖိုးက လောကဓံ၏ ရှောင်လွှဲမရသည့် တရားကို ရင်ဆိုင်နေရသည့်အခါ မည်မျှပင် စိတ်ခိုင်မာသည်ဖြစ်စေ ဝမ်းနည်းအားငယ်မိသည်။

ဖိုးဖိုးနိုးနေသည့်အခါများတွင် ဖွားဖွားနှင့် အတူ မြေးအဖွားနှစ်ယောက် ဖိုးဖိုးဘေးမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြသည်။ ဖိုးဖိုးကတော့ သူတို့ပြောသမျှကို ခေါင်းငြိမ့်၊ခေါင်းခါ  ဝင်နားထောင်ပေးသည်။ ဖိုးဖိုး အိပ်ချင်လာလျှင် သူက တရားစာအုပ်တွေ ဖတ်ပြသည်။ ပြီးလျှင် ဖိုးဖိုး အိပ်မောကျလောက်ခါနီးမှ ပဌာန်းတရားတော်ကို မတိုးမကျယ်လေး ဖွင့်ပေးထားခဲ့သည်။

ဒီလိုနဲ့ မီးစာကုန်ဆီခမ်းသွားသည့် ဖိုးဖိုးဟာ သူရောက်ပြီး တစ်ပတ်ပြည့်သည့်နေ့မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတော့သည်။ ပြင်းထန်သည့် ဝေဒနာကို ခံစားခဲ့ရသည်မဟုတ်သဖြင့် ဖိုးဖိုး၏ ထွက်သက်အချိန်ဟာလည်း ညင်သာခဲ့ပါသည်။ ထိုနေ့က မိသားစုအားလုံးသည်လည်း ဖိုးဖိုးဘေးမှာ ရှိနေခဲ့သည်။ အားလုံး၏ စိတ်ထဲမှာလည်း ဒါဖိုးဖိုးနောက်ဆုံးအချိန်ဆိုတာကို ခံစားမိနေကြသည်။ ဖွားဖွားကတော့
"ကိုအောင် အသိလေးကပ်ပြီး တရားမှတ်နေနော်"
ဟု တည်ငြိမ်သည့်လေသံဖြင့် ပြောသည်။ ဖွားဖွားကိုယ်တိုင်လည်း သရဏဂုံကို ရွတ်ဆိုပေးနေသည်။ သိပ်မကြာလိုက်ပါပါဘူး။ ဖိုးဖိုးဟာ နောက်ဆုံး ချောင်းတစ်ချက် ဆိုးပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ အနားယူသွားခဲ့သည်။ ဆရာဝန်က သေဆုံးချိန်ကိုမှတ်လိုက်ပြီး သူနာပြုဆရာမက အောက်စီဂျင်ပိုက်ကို ဖြုတ်လိုက်သည့်အခါ သူသည် လည်ချောင်းတစ်ခုလုံးစို့နင့်လာပြီး မျက်လုံးမှာ ဝိုင်းလာသည့် မျက်ရည်တို့ မကျမိအောင် ပုတ်ခတ်ပုတ်ခတ်လုပ်မိသည်။ ယောက်ျားကောင်းမို့ မျက်ရည်မကျရဘူးဆိုသည့် ခံယူချက်နှင့်မဟုတ်။ ခံစားချက်ကိုထိန်းသိမ်းနိုင်ရမယ် ငါ့မြေးရဲ့ ဆိုသည့် ဖိုးဖိုးစကားကို နားထဲကကြားးယောင်မိနေသောကြောင့်ဖြစ်သည်။

မိဘကို မည်မျှအထိ အလုပ်အကျွေးပြုစုခဲ့ရလည်း လုံလောက်သည်ဟူပြီး မရှိသည့်အလျောက် ဖေဖေသည်လည်း အင်မတန် စိတ်ထိခိုက်ခဲ့ရသည်။ ဖေဖေငိုလား မငိုလား သူမသိတော့။ သူ့ထက် ပိုစိတ်ဆင်းရဲနေမည့် ဖေဖေ့ကို အနားယူစေလိုသဖြင့် သူကိုယ်တိုက ဖိုးဖိုး၏ နာရေးအတွက် စီစဉ်စရာရှိတာ စီစဉ်ရသည်။ သူတို့၏ မိတ်ဆွေ နာရေးကူညီမှုအသင်းက ဥက္ကဌထံကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောရသည်။ထိုဦးလေးက နာရေးအိမ်မို့ tentထိုးဖို့ကို ပစ္စည်းတွေနှင့် သူ့လူတွေလွှတ်ပေးလိုက်မှာဖြစ်သည်။ ဒါပေမယ့် ထိုဦးလေး၏ ညွှန်ကြားချက်အတိုင်း နာရေးဖိတ်စာရိုက်ဖို့၊ သုသာန်သို့ ပို့သည့်အခါ လိုက်ပို့သူတွေကို ပြန်ကမ်းဖို့ ဝယ်စရာရှိတာဝယ်ရခြမ်းရသည်။ ဖေဖေ၏ စက်ရုံတွေကတော့ ပိတ်မရသဖြင့် ဒီအတိုင်းမန်နေဂျာတွေထံ အကျိုးအကြောင်းလှမ်းပြောရသည်။ အလုပ်ပေါ်လာလျှင် ဖေဖေ့ကိုတိုက်ရိုက်မဆက်ပဲ သူ့ထံကို ဆက်ပေးဖို့နှင့် ဖွားဖွား၏ ဆိုင်ကိုလည်း ရက်လည်နေ့အထိ ပိတ်သည့်အကြောင်း ကြေငြာချက်သွားကပ်ရသည်။ ဆိုင်ဝန်ထမ်းအချို့ကိုလည်း အိမ်ခေါ်ပြီး ကူစရာရှိတာ ကူခိုင်းရသည်။ 

အိမ်မှာယောက်ျားသားဆိုလို့ ဖေဖေနှင့်သူရှိတာဆိုတော့ လူရောစိတ်ရောပင်ပန်းနေသည့် ဖေဖေ့ကို အနားယူစေသည့်အခါ အစစအရာရာသူပဲ ဦးဆောင်ရတော့သည်။ ဖိုးဖိုးဆုံးသည့်အကြောင်း ကိုတိမ်ဆီစာပို့တော့ ကိုတိမ်က ချက်ချင်းသူလိုက်လာရမလားဟု ဖုန်းဆက်မေးသည်။ ဒါပေမယ့် ကိုတိမ်လိုက်လာလည်း ဘာမှပြောင်းလဲသွားတာမျိုးမရှိသဖြင့် မလာနဲ့ဟုသာ တားလိုက်ရသည်။

ထိုရက်ပိုင်းအတွင်း ဖွားဖွား၏ ကျန်းမာရေးကိုလည်း အရိပ်တကြည့်ကြည့်စောင့်ကြည့်ရသေးသည်။ စိုစိုရောက်လာသည့်အခါတွင်တော့ ဖွားဖွားနှင့်မေမေကို စိုစို့လက်အပ်ပြီး သူကတခြားအရာတွေကို ထောင့်စေ့အောင်လုပ်ရသည်။ ဖိုးဖိုးသည် မြို့မိမြို့ဖတစ်ဦးဖြစ်ခဲ့သည့်အပြင် ဂုဏ်သရေရှိသည့် အများအကျိုးပြုဆောင်ရွက်ခဲ့သည့်သူတစ်ယောက်ဖြစ်သည့်အလျောက် နာရေးသတင်းလာမေးသူတွေလည်း မဆဲရှိခဲ့သည်။ ဖိုးဖိုးတို့လုှုဒါန်းထားသည့် ရွာဖက်တွေကပါ တကူးတက လာကြသည့်အတွက် စာရေးသောက်ရေး၊ အကြို့အပို၊ အိပ်ယာထိုင်ခင်းကအစ မလစ်ဟင်းရအောင် ဂရုစိုက်ရသည်။

သဂြိုလ်ပြီးလျှင် အရိုးပြာထည့်ဖို့ အုတ်ဂူလုပ်ဖို့ကအစ တစ်နေရာမှ သူမလွတ်လိုက်ရ။ ရက်လည်မှာလည်း ဘုန်းကြီးတွေပင့်ဖိတ်ဖို့၊ ဆွမ်းကပ်ဖို့၊ လူ့ပရိတ်သတ်ကျွေးဖို့နှင့် သူသည် ပူဆွေးချိန်တောင်ရလိုက်ရဲ့လား သူ့ကိုသူမသိတော့။ သူဟာ မြေးအလိမ္မာ၊ သားအလိမ္မာတစ်ယောက်ဖြစ်ရေးထက် အားကိုးလို့ရသည့် မျိုးဆက်တစ်ယောက်သာဖြစ်ချင်ခဲ့တာပါ။ ထို့ကြောင့် သူတတ်နိုင်သမျှကို တောက်လျောက် လုပ်ကိုင်ပေးနေရင်းဖြင့် သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဖြေဖျောက်နေရသည်။

ကိစ္စအားလုံးပြီးတော့လည်း ဖွားဖွား၏ ဆိုင်ကိုကြီကြပ်ရသည်။ ဖိုးဖိုးဆုံးပြီးကတည်းက စိတ်တစ်ဝက်လျော့လိုက်ပုံရသည့် ဖွားဖွားသည် ဘုရားခန်းမှာသာ အချိန်ကုန်ဖို့ စိတ်အားထက်သန်တော့သည်။ ထို့ကြောင့် မေမေနှင့်သူက ဖွားဖွားဆိုင်ကို ဦးစီးပေးရတော့သည်။ စိုစိုကတော့ ဖိုးဖိုးရက်လည်ပြီးကတည်းက တီကြေးလာခေါ်တော့ ပြန်လိုက်သွားသည်။ စိုစို၏ ဘေးမှာ တီကြေးရှိနေလို့တော်သေးသည်။ တီကြေးသည် စကားအများကြီးမပြောပေမယ့် စိုစို့ကို အထူးဂရုစိုက်သည်။ သူမ၏ ပေါချာချာသူငယ်ချင်းမလေးသည် အင်မတန်စိတ်နုကြောင်းကို သူမအသိဆုံးကိုး။ ထို့ကြောင့်ပင် အိမ်မှာအကြာကြီးမနေစေပဲ ရန်ကုန်သို့ ချက်ချင်းပြန်ခေါ်သွားတော့တာဖြစ်သည်။ သူသာ ရန်ကုန်သို့ မပြန်နိုင်ပဲ ကျန်ခဲ့ရတော့သည်။

အရင်က သူဂျပန်မသွားခင်အချိန်လေးမှာ ရန်ကုန်မှာနေပြီး ကိုတိမ်နှင့် အချိန်ဖြုံးမည်ဆိုသည့် စိတ်ကူးကလေးသည်လည်း ရေထဲသို့ ကျောက်ခဲပစ်ချလိုက်သလို ပလုံဆိုပြီး မြုပ်သွားလေပြီ။ ဒီတစ်ခါ ချီးကျုးစရာကောင်းသည်က ကိုတိမ်ပဲဖြစ်သည်။ သူမနည်းနားချယူရမည်ဟု တွေးခဲ့သော ကိုတိမ်သည် သူရန်ကုန်ပြန်မလာနိုင်တာကို နားလည်ပေးခဲ့သည်။ ဖုန်းတွေပြောဖြစ်ကြတော့ ကိုတိမ်ဟာ သူစိတ်သက်သာရာရစေလောက်မည့် စကားများကိုသာ ရွေးပြောပေးခဲ့သည်။
"သမိုင်းလေး
ကိုယ့်ကို အချိန်မပေးနိုင်တာကို စိတ်မကောင်းမဖြစ်ပါနဲ့
နောက်ဆို ကိုယ်တို့က အမြဲအတူရှိနိုင်တာပဲလေ
အိမ်ကိုပဲ ဂရုစိုက်ပါ"
"ဟုတ်
သွားခါနီးကျရင်တော့ တစ်ပတ်လောက်ကြိုလာနိုင်အောင် ကြိုးစားပါ့မယ်"
"အင်းပါ
ကြည့်ပါဦး မျက်နှာလေးကို ချောင်ကျသွားတာပဲ
အာဘွား အာဘွား"
Video callပြောဖြစ်ကျတာမို့ သူ၏ အလုပ်ဒဏ်ပိနေသည့် မျက်နှာကို ကိုတိမ်ကမြင်နေရသည်လေ။ လေလှိုင်းထဲက အနမ်းတို့နှင့်ပဲ အားပြန်ဖြည့်ရင်း နေ့ရက်တိုင်းကို ကျော်ဖြတ်ခဲ့ရသည်။

ကျောင်းသွားတက်ဖို့ တစ်ပတ်အလိုမှာ ရန်ကုန်လာမည်ဟု တွေးထားသောလည်း တကယ်တမ်းတော့ 3ရက်အကြိုမှသာ လာနိုင်ခဲ့သည်။ မေမေရော၊ ဖေဖေပါ ရန်ကုန်သို့အတူလိုက်ဖို့ စီစဉ်ရတာကြောင့် စောပြီးမလာနိုင်ခဲ့တာပင်ဖြစ်သည်။ ရန်ကုန်စရောက်ကတည်းက ကိုတိမ်ဆီ ပြေးသွားချင်နေတာ တပိုင်းသေရုံမက တစ်ကိုယ်လုံးပါ သေနေပြီဖြစ်ပေမယ့် မေမေနှင့်အတူ လိုအပ်တာတွေ ဈေးလိုက်ဝယ်ပေးနေရတာနှင့်ပင် ညနေမှပဲ သွားရတော့သည်။

မေမေ့ကို အိမ်ပြန်ပို့ပေးပြီးတာနှင့် ကိုတိမ့်ဆိုင်သို့ အမြန်ဆုံးနည်းနဲ့ လစ်ထွက်လာခဲ့တော့သည်။ ကိုတိမ်၏ ဆိုင်လေးကတော့ သူ၏ ပိုင်ရှင်နည်းတူ သူ့ကို နွေးထွေးစွာကြိုဆိုနေမြဲ။ ဒီတစ်ခါတော့ ကိုတိမ်ကိုယ်တိုင် ဆိုင်အပြင်မှာ ထွက်ကြိုနေခဲ့သည်။ သူ့ကိုမြင်တော့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ရင်ခွင်ဖွင့်ကာကြိုဆိုလို့။ ဖိုးဖိုးဆုံးတုန်းကပင် မျက်ရည်မကျအောင်ထိန်းထားနိုင်သောသူသည် အခုတော့ ဘယ်ကနေဘယ်လို ပါးပေါ်ကျလာမှန်းမသိသည့် မျက်ရည်တစ်စက်ကို မတားဆီးနိုင်တော့။ ချစ်သူ၏ ရင်ခွင်သို့ အပြေးခိုဝင်မိသည်။ သူသုံးခဲ့သည့် ခွန်အားတွေက များနေခဲ့ပြီလေ။ အားပြန်ဖြည့်ဖို့ ဒီရင်ခွင်ဟာ အကောင်းဆုံး နေရာ။ သူ၏ပူလောင်ခြင်းတွေကို ငြိမ်းသတ်ပေးနိုင်သည့် တစ်ခုတည်းသော မိုးတိမ်တိုက်။ ချစ်တယ်ကိုတိမ်။

ကိုတိမ်က သူ့ဆံပင်တွေကို ဖွဖွလေးငုံ့နမ်းပြီး
"ပိန်သွားလိုက်တာ သမိုင်းရယ်"ဟု တိုးတိုးလေးဆိုသည်။ ထို့နောက်သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့်မော့ယူပြီး ကြည့်မဝသကဲ့သို့ တမေ့တမော ငေးနေခဲ့သည်။ ထို့နောက် မချင့်မရဲပြောသေးသည်။
"ခင်ဗျားလေး ဒီလိုသာ ပိန်နေရင်
ဘယ်လိုလုပ်စိတ်ချပြီး လွှတ်ရမှာလဲကွာ"
"လူရော စိတ်ရော ပင်ပန်းသွားလို့ပါ
ဟိုရောက်ရင်တော့ အေးအေးဆေးဆေးစာလုပ်ရုံပဲကို
ဝတောင်သွားဦးမယ်"
"အင်းပါ
ဟုတ်ပါပြီ
အဲ့ကျမှ ဖက်တီးလေးမဖြစ်လာလို့ကတော့
ကိုယ်တိုင်လိုက်လာပြီး ခွံကျွေးမှာဗျ"
"အင်း
လိုက်လာခဲ့
အခုမသွားရခင်ကတော့ လွမ်းနေလို့"
ကိုတိမ်၏ ခါးကိုဖက်ပြီး သူကချွဲတော့ ကိုတိမ်က သူ့နဖူးကို ဖွဖွလေးနမ်းသည်။
"လွှတ်တောင်မလွှတ်ချင်တော့ဘူးကွာ
ဘယ်လိုလုပ်ရမလဲ"
ကိုတိမ်၏ စကားကြောင့် သူက အသာရယ်လိုက်ပြီး ကိုတိမ်၏ နားနာကိုကပ်ပြီးပြောလိုက်သည်။
"ဒီည အိမ်ပြန်မအိပ်ဘူး
ကိုတိမ်နဲ့ လိုက်ခဲ့မယ်"
သူကတိုးတိုးလေးပြောလိုက်ပေမယ့် ကိုတိမ်ကတော့ နားထဲ ဗုံးကွဲသွားသည်ထင်။ မျက်လုံးတွေပြူးတက်လာပြီး ချက်ချင်းပဲ သူ့တကိုယ်လုံးကို ဆွဲမွေ့ယမ်းတော့သည်။
"တကယ်နော်
တကယ်လိုက်ခဲ့မှာလား"
"အင်းလို့ဆို"
"ဟား
ဒါဆို အခုပဲ အိမ်ပြန်မယ်"
"ဟမ်
အခုမှ 7နာရီရှိသေးတာလေ"
"ဟာ မသိဘူး
အိမ်ပြန်မယ်"
ချက်ချင်း ကားသော့ ကိုင်ပြီး အိမ်ပြန်မည်လုပ်နေသည့် ကိုတိမ်ကို မနည်းတားယူရသည်။
"ကဲပါ ခဏနေမှ ဆိုင်စောသိမ်းပြီး ပြန်တာပေါ့" ဟု ချော့ယူရသည်။ သူကတော့မေမေ့ဆီကို ဒီနေ့အိမ်ပြန်မအိပ်ပဲ သူငယ်ချင်းတွေနဲ့ အိပ်ဖြစ်မည်ဟု လိမ်လိုက်ရသည်။ အချစ်အတွက်ဆိုရင် ကံငါးပါးလည်း မလုံချင်နေတော့။

ဆိုင်သိမ်းပြီးလို့ အိမ်ပြန်လမ်းမှာတော့ ကိုတိမ်ဟာ သူ့လက်ကို အလွှတ်မပေးတော့ပေ။ အမှန်ကတော့ ဆိုင်မှာကတည်းက လွှတ်မပေးတာပါ။ သူကလည်း ဒီနေ့တော့ ကိုတိမ်ဘာလုပ်လုပ် တားဖို့အစီအစဉ်မရှိသည့်အတွက် စိတ်ကြိုက်ခွင့်ပြုထားလေသည်။ ကိုတိမ်အိမ်ရောက်တော့ ကိုတိမ်၏ မေမေ(သမိုင်းအခေါ် ကြီးမေ)နှင့် မမကြီးကလည်း သူပါလာသည့်အတွက် ဝမ်းသာနေကြသည်။ ဖိုးဖိုး ဆုံးတာလည်း ကိုတိမ်ကပြောပြထားသဖြင့် သိနေပြီးသားဖို့ အများကြီးမမေး။ ဖွားဖွားနေကောင်းလား၊ အဆင်ပြေရဲ့လားဟုသာ တစ်ခွန်းစ၊ နှစ်ခွန်းစမေးသည်။ ကျန်သည့်အကြောင်းတွေသာ စကားပြောနေခဲ့ကြသည်။

မမကြီးတို့က ညစာစားနှင့်ပြီးပေမယ့် သူတို့နှစ်ယောက်စားသည့်အချိန်မှာလည်း ဘေးကနေလိုလေသေးမရှိ ဂရုစိုက်ပေးသည်။
"သား သမိုင်းလေး ပိန်သွားတယ်"
ကြီးမေကပါ ပြောတော့ကိုတိမ်တို့ကတော့ သူ့ကို ထမင်းတွေ ဟင်းတွေ အများကြီးစားခိုင်းနေသဖြင့် မနည်း တားယူရသည်။ ထမင်းစားပြီးတော့ မမကြီးက ခွဲထားသည့် အသီးတစ်ပန်းကန်ကို ကိုတိမ်လက်ထဲထည့်ပေးရင်း
"အခန်းထဲယူသွားလိုက်
သမိုင်းလည်း ပင်ပန်းလာတာ နားချင်မှာပေါ့" ဆိုပြီး ပြောသည်။ တစ်ဆက်တည်း
"အခန်းလည်း ရှင်းပေးထားတယ်နော် ကိုယ်တော်လေး" ဟု သူ့မောင်ကို မျက်စောင်းထိုးပြီး ဆိုသေးသည်။ ကိုတိမ်ကတော့ ရယ်ကျဲကျဲဖြင့် အသီးပန်းကန်တစ်ဖက်က ကိုင်ပြီး သူ့လက်ကို ဆွဲကာ ပြေးတက်တော့သည်။ သူ့မှာ ကြီးမေနှင့် မမကြီးကိုပင် ကောင်းကောင်းမနှုတ်ဆက်လိုက်ရ။ တကယ်လောသည့် ကိုတိမ်ပဲ။

ကိုတိမ်၏ အခန်းကတော့ သူရောက်ဖူးပြီးသားမို့ အထူးအဆန်းဖြစ်မနေတော့။ ကိုတိမ်က သူ့ကို ကုတင်ပေါ် ထိုင်စေပြီး သူကိုယ်တိုင်က ထိုင်ခံကိုမျက်နှာချင်းဆိုင်ဆွဲယူက အသီးကို ခွံ့ကျွေးနေသည်။ သူစားနေသည်ကို ငေးကြည့်လိုက်၊ ပါးစပ်ထဲမှာ ကုန်သွားလျှင် ထပ်ခွံ့ကျွေးလိုက်နှင့် သူတစ်ယောက်ကို တစ်ကမ္ဘာထင်နေသည်လားမပြောတတ်တော့။ သူကမစားနိုင်တော့ကြောင်း လက်ကာပြတော့မှ ရေတစ်ခွက် ခပ်ပေးပြီး ရေသောက်ခိုင်းသည်။ ထို့နောက်တော့ ကိုတိမ်လည်း အိပ်ယာပေါ်တက်လာပြီး နံရံကိုမှီကာ သူ့ကိုတော့ ရင်ခွင်ထဲ ထည့်ဖက်ထားသည်။ သူကလည်း ကိုတိမ်၏ လက်မောင်းတို့ကို ပြန်လည် ဖက်တွယ်ထားမိသည်။  ထိုအခိုက်အတန့်မှာ နှစ်ယောက်သားဘာစကားမှ မပြောဖြစ်ကြ။

အတန်ကြာမှ ကိုတိမ်က သူ့မျက်နှာကို ဆွဲယူမော့စေပြီး နှုတ်ခမ်းထက် အနမ်းခြွေတော့သည်။ အလွမ်းတို့ကို အတိုးချထားသည့် အနမ်းတို့ဖြစ်သဖြင့် စနမ်းကတည်းက မရပ်စတမ်း ပြင်းပျသည်။ နှုတ်ခမ်းသားတို့ကို ဆွဲယူထားသည့် အနမ်းတို့သည် သူ၏ ခံနိုင်ရည်စွမ်းအားကိုပါ ဆွဲယူလိုက်သည့်အလား သူ့မှာ ပျော့ခွေနေပြီ။ ခေါင်းအုံးထက် သူ့ဦးခေါင်းကို အသာတင်ပေးပြီး အပေါ်ကနေစီးမိုးလာသည့် ကိုတိမ်၏ မျက်နှာချောချာကို မြတ်နိုးစွာကြည့်မိသည်။ မြတ်နိုးမိတော့ နမ်းမိပြန်သည်။

အပြန်အလှန် အနမ်းမိုးတို့ရွာချလို့ အားမရနိုင်အောင်ပါပဲ။ ဖက်တွယ်ထားမိသည့် လက်တို့ကလည်း ခန္ဓာကိုယ်အနှံ့ပြေးလွှားနေသည်။ တဖြည်းဖြည်း ပြင်းပြလာသည့် စိတ်ဆန္ဒတို့ကလည်း ငြိမ်းသတ်မရတော့မည့်အတိုင်း၊ လှိုက်ပြီးလောင်မြိုက်လို့။ သူ၏ ကိုက်ရာတွေ စွဲထင်ကုန်သည့် ကိုတိမ်ခန္ဓာကိုယ်က အမှတ်အသားတို့ကို သဘောကျစွာ အထပ်ထပ် ဖိနမ်းမိသည်။ တက်တူးထိုးထားသည့် နေရာကိုလည်း အနမ်းပေးဖို့သူမမေ့။သူနာမှာစိုးလို့ မကိုက်ရက်သည့် ကိုတိမ်ကတော့ ပခုံးသားတို့ကို ဖွဖွလေး စုပ်ယူပြီး အမှတ်အသားထင်အောင်လုပ်နေသည်။ သူ့တကိုယ်လုံးမှာ ကိုတိမ်၏ အနမ်းတို့မကျရောက်လိုက်သည့် နေရာ  မကျန်ခဲ့။ ထို့အတူပဲ သူ့ကိုက်ရာတွေလည်း ကိုတိမ်တစ်ကိုယ်လုံးမှာ ပြည့်လို့ပေါ့။ အနမ်းသည်းသည့်ကောင်လေးတစ်ယောက်နှင့် အကိုက်သန်သည့်ကောင်လေးတစ်ယောက် သူနိုင်ကိုယ်နိုင် သောင်းကျန်းနေခဲ့ကြသည်။

ထိုနေ့က အပြင်မှာ လသာနေပေမယ့် သူတို့အခန်းလေးထဲမှာတော့ တိမ်တွေထူထပ်လို့ပေါ့။ အဲယားကွန်းဖွင့်ပြီး ပူအိုက်နေသည့် ကောင်လေးနှစ်ယောက်ကတော့ အကျီၤတွေလည်း ချွတ်ထားကြသည်။ တစ်ယောက်က ချစ်လို့နမ်းသည်။ တစ်ယောက်က ချစ်လို့ ကိုက်သည်။ အတိုင်အဖောက်ညီလို့။ ချစ်သူတွေကြား စည်းပေါင်း မည်မျှရှိလို့ ထိုညက ဘယ်စည်းကို ကျော်မိသလဲ သူတို့နှစ်ယောက်ပဲ သိသည်။ မျက်နှာချင်းဆိုင် စောင်းအိပ်ပြီး ဖက်တွယ်ထားသည့်လက်တွေကတော့ ဒီတစ်သက်မခွဲတော့ဘူးလို့ ကြွေးကြော်နေသည့်အလား မြဲမြံလို့။။


Ownlish note ~ ဟုတ်ပါတယ် ။ အရင်တစ်ပတ်က emotional ဖြစ်နေလို့ စာမရေးနိုင်ခဲ့တာပါ။ ပျက်ကွက်မှုအတွက် အားနာတောင်းပန်ပါတယ်။ ခွင့်လွှတ်ကြပါနော်။ နောက်chapterက ending chapterပါ။ ဒန်တန်တန်။ စွဲဆောင်မှုမရှိတဲ့ ficလေးဖြစ်ပေမယ့်လို့ အမြဲတမ်း ဖတ်ရှုပေးပြီး၊ တိမ်မိုးဝေကြီးနဲ့ သမိုင်းသစ်လေးကို ချစ်ပေးကြတဲ့ ကိုယ့်အချစ်တွေကို အများကြီးအများကြီးကျေးဇူးတင်ပါတယ်။သြော် ဘယ်သူက ဘာဆိုတာ ownlishလည်း အခုထိ မသိသေးပါဘူး။ you know what I mean။ extraလောက်ကျရင်တော့ သိလောက်ပါပီ။ ဟီးဟီး

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now