Chapter 19

4.1K 664 147
                                    

Unicode

တိမ်မိုးဝေ တစ်ယောက် သမိုင်းကို ဖွင့်ပြောရန် ရက်ရာဇာ၊ ပြဿဒါး ရွေးနေတာနှင့် အခုထိ ဖွင့်မပြောရသေး။ ဒီကြားထဲမှာသမိုင်းတို့ဆိုင်ကို သွားသည့်အခါလည်း သူ့မှာရင်တုန်ရသည်။ သမိုင်းမျက်နှာလေးမြင်ရင် ရင်ခုန်ရသလို၊ သူ၏ သဘောထားကို ဖွင့်ပြောဖို့အရေး စဉ်းစားလိုက်တိုင်း ရင်တုန်ရသည်။ သမိုင်းနှင့် သူသိတာမကြာသေးပေမယ့် စတွေ့ကတည်းက သမိုင်းအပေါ်မှာ ဖြစ်တည်ခဲ့သည့် သူ့စိတ်က တခြားသူတွေအပေါ်မှာ ထားရှိမှုနှင့်မတူခဲ့။ သူ့စိတ်တွေ တဖြည်းဖြည်းယိမ်းယိုင် လာခဲ့ပြီး လုံးလုံးလျားလျား တိမ်းညွှတ်နေမှန်း သိလိုက်ပြီးချိန်မှာ ဖွင့်ပြောဖို့ သတ္တိ မွေးနေရတာနှင့်ကို ဖွင့်ပြောသည့် ကဏ္ဍကိုမရောက်သေးတာဖြစ်သည်။

ဒီကြားထဲ သမိုင်းကို တွေ့တာနှင့် ရောဂါက ပိုပိုရင့်လာ၏။ ကော်ဖီသွားဝယ်သည့်အခါ  ကော်ဖီစက်မှာကျလာသည့် ကော်ဖီတွေကို ခွက်နှင့် ခံယူနေသကဲ့သို့ သူ့နှလုံးသားထဲက ဖိတ်ကျလာသည့် အချစ်တွေကို သမိုင်းနှလုံးသားက ခံယူစေချင်သည်။ ကော်ဖီခွက်ကမ်းပေးစဉ် "ပူမယ်နော်" ဆိုပြီး ဂရုစိုက်သကဲ့သို့ သူ့နှလုံးသားလေးကိုလည်း ဂရုစိုက်စေချင်သည်။ ကော်ဖီဖျော်စက်တစ်ခုတည်းက ကော်ဖီပေမယ့် ဂျာကြီးဖျော်ပေးသည့် ကော်ဖီထက် သမိုင်းဖျော်ပေးသည့်ကော်ဖီက ပိုအရသာရှိသည်။

သမိုင်းကို အဆောင်ပြန်ပို့ရသည့် နေ့တွေမှာ ကားပေါ်တွင် နှစ်ယောက်တည်းဆိုသည့် အသိကြောင့် မရိုးမယွဖြစ်နေသည့် စိတ်တို့ကို ထိန်းချုပ်ရတာ ဘယ်လောက်ခက်သည်ဆိုတာ နောင်တစ်ချိန် ချစ်သူဖြစ်ပြီးလျှင် ပြောပြဖို့တေးထားသည်။ သမိုင်းဆိုင်မလာသည့်ရက်တွေမှာ ရန်ကုန်မြို့ကြီးက ပိုလို့ပူလောင်တာဘာ့ကြောင့်လဲ။ သမိုင်းကို မတွေ့ရသည့် ရက်တွေမှာ  သမိုင်းပုံလေးတွေလည်းကြည့်လည်း အလွမ်းမပြေရ။ မကျွမ်းခင်က လွမ်းနေရသည့် သူ့ကို သမိုင်းကယ်တင်မှသာရမည်။  ကြီးမှ ဝက်သက်ပေါက်တာ ခံရသိပ်ခက်တယ်သမိုင်းရယ် ဟုသာငြီးချင်မိတော့သည်။

တစ်နေ့ထက်တစ်နေ့ တိုးလာသည့် သူ့အချစ်တွေကို ထုတ်ဖော်မှရတော့မည်။ မဟုတ်ရင် စားလည်းသမိုင်း၊ သွားလည်းသမိုင်း၊ အိပ်လည်းသမိုင်းနှင့် မကြာခင် ဒုက္ခရောက်လိမ့်မည်။ ထို့ကြောင့် နေ့ကောင်းရက်မြက် အမြန်ရွေးပြီး အချစ်ကို ဖွင့်ဟဝန်ခံဖို့ပြင်ရသည်။ လာမယ့်ဘေးက ပြေးတွေ့တာက ပိုကောင်းသည်လေ။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now