Extra 3

3.9K 540 54
                                    

Unicode

တကယ်တော့ သမိုင်းပြန်လာတဲ့နေ့က မေမေတို့လည်း လေဆိပ်ကို လာကြိုနေခဲ့သည်။မေမေတို့နှင့် ကိုတိမ်တို့ အဖွဲ့ လေဆိပ်ထဲ မှာတွေ့နေခဲ့ပေမယ့် တစ်ယောက်နှင့်တစ်ယောက်မသိကြသဖြင့် ထူးပြီး သတိမထားမိခဲ့ကြပေ။ ပူဖောင်းတွေနှင့် ကိုတိမ်တို့အုပ်စုကိုတော့ မေမေတို့က သတိထားမိချင် သတိထားမိနေခဲ့မှာပဲ။ အဲ့ဒီမှာ စလွဲရာကနေ ကိုတိမ်နှင့် သူ၏ အလွမ်းသည်မှုကို မေမေတို့လည်း မျက်ဝါးထင်ထင်မြင်လိုက်ရသည်။ ဘယ်လိုပတ်သတ်မှု၊ ဘယ်လိုအခြေအနေဆိုတာ ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်နိုင်သည့် အနေအထားမျိုးနှင့် တွေ့လိုက်ရခြင်းဖြစ်သည်။ ဒါပေမယ့် မေမေတို့ဘယ်လိုနားလည်သွားသလဲဆိုတာတော့ သူမခန့်မှန်းတတ်။

ကိုတိမ်နှင့် တစ်ယောက်ကို တစ်ယောက်ကို တစ်ယောက်ဖက်ထားရာမှ ဖယ်ခွာလိုက်ချိန်မှာ နောက်ကနေ သူတို့ကို အံ့အားသင့်သလို စိုက်ကြည့်နေသည့် မေမေနှင့် ဖေဖေကို တွေ့လိုက်ရသည်။ အဲ့အချိန်ကျမှ သူလည်း ပူထူပြီး ဘာလုပ်လို့လုပ်ရမှန်းမသိတော့။ ဘေးကနေ တစ်ချိန်လုံးစိုက်ကြည့်နေခဲ့သည့် ကိုတိမ်က သူ့မျက်နှာ မသက်မသာဖြစ်နေသည်ကို ရိပ်မိသွားသဖြင့်
"သမိုင်း ဘာဖြစ်လို့လဲ" ဟု မေးသည်။
"ဟိုမှာ မေမေတို့" ဟု သူကပြောလိုက်ရာ ကိုတိမ်လည်း သူကြည့်နေသည့်ဖက်ကို လိုက်ကြည့်လာသည်။
ပြေးလို့လည်း မလွတ်နိုင်သည့် အခြေအနေကို အကောင်းဆုံး ထိန်းသိမ်းနိုင်ရန် ကိုတိမ်သူငယ်ချင်းတွေကို နှုတ်ဆက်ခွင့်တောင်းပြီး ကိုတိမ်ကိုပါ မေမေတို့ရှိရာဆီ ဆွဲခေါ်လာခဲ့လိုက်သည်။ လမ်းလျှောက်နေရင်း အသက်ကို ၀၀ ရှုသွင်းထားရသည်။ အခြေအနေမကောင်းရင် မကြာခင်မှာ အသက်ရှုခွင့်လေးတောင် ပျောက်ရင်ပျောက် သွားနိုင်သည်လေ။

"မေမေ"
မေမေ့ ကိုပြေးဖက်တော့ မေမေကလည်းသူ့ကို အသာပြန်ပွေ့ဖက်သည်။
"သား မျက်နှာလေး ဖောင်းလာတယ်
အသားတွေလည်း ပိုဖြူလာတယ်"
သူ့မျက်နှာကို လက်ဖဝါးနှစ်ခုထဲ အသာထည့်ရင်း မေမေက မျက်ရည်ဝဲနေသည့် အကြည့်တွေနှင့် ကြည့်နေသည်။ သူ့ကိုတွေ့လို့ ဝမ်းသာမျက်ရည်လား၊ တခြားခံစားချက်ပါတဲ့ မျက်ရည်လားဆိုတာကတော့ မေမေမှသာ သိနိုင်မည်။ ဖေဖေကတော့ ဘေးကနေဘာမှဝင်မပြော။ ခါတိုင်းလို အေးဆေးတည်ငြိမ်သည့် မျက်နှာထားမျိုးနှင့်သာ သူတို့ကို ကြည့်နေခဲ့သည်။
"မေမေ
စိုစိုရော မပါဘူးလား"
"သား စိုစိုက အလုပ်ကိစ္စပေါ်လာလို့
ပြီးမှ အိမ်ကိုပဲ လာခဲ့မှာတဲ့"
"ဟင့်
သားပြန်လာတာကိုတောင် လာကြိုဖော်မရဘူး"
"အလုပ်က အရေးကြီးလို့ဖြစ်မှာပါ သားရဲ့"
"မေမေတို့ရော ဘယ်နေ့က ရန်ကုန်ကိုရောက်တာလဲ"
"မနေ့ကမှ သားရဲ့
အိမ်အလုပ်တွေကလည်း သားသိတဲ့အတိုင်းပဲ ပစ်ထားလို့မှမရတာ"
"သားက မေမေတို့လာကြိုမယ်တောင် မထင်ထားဘူး"
"သားဖေဖေပေါ့
သွားကြိုရအောင်ပါဆိုပြီး မရမကပြောနေလို့လေ"
မေမေနဲ့ သူက ပုံမှန်အတိုင်း သဘာဝကျတဲ့ စကားပြောခန်းကို သရုပ်ဆောင်နေရသလိုပဲ။ မေမေ့ရင်ထဲက တကယ်တမ်းမေးချင်ပြောချင်နေတဲ့ စကားတွေဟာ ဒါတွေမဟုတ်မှန်း သူလည်းသိပါသည်။ ထို့ကြောင့်ပင်
ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
"မေမေ
ဒါ ကိုတိမ်တဲ့"
ဘယ်သူပါ ဘယ်ဝါပါဆိုပြီး ဆက်မိတ်ဆက်ပေးလိုက်ချင်ပေမယ့် စကားလုံးတို့က လည်ချောင်းဝမှာတင် တစ်ဆို့နေပြီး ဘယ်လိုမှ နှုတ်ဖျားကနေထွက်မလာခဲ့။ တစ်ဝက်တစ်ပျက်နဲ့ စကားလုံးတို့ ပျောက်ဆုံးကုန်သည့် သူ့ကို မေမေတို့ကလည်း ဘာဆက်ပြောမှာလဲ ဆိုသည့် သဘောဖြင့် စူးစိုက်ကြည့်နေသည်။ ထိုအကြည့်ကြောင့်ပင် ပိုပြီး နှုတ်ဆိတ်သွားရသည်။
"ကျွန်တော့်နာမည် တိမ်မိုးဝေပါခင်ဗျ
သမိုင်းရဲ့ မိတ်ဆွေပါ"
ကိုတိမ်ကပဲ သူ့နာမည်ပြောပြီး အဆင်ပြေအောင်မိတ်ဆက်သွားသည်။ ကိုတိမ်၏ မိတ်ဆက်စကားကြောင့် ရင်ထဲမှာ အမည်မသိတဲ့ ခံစားမှုတစ်မျိုးဖြတ်ပြေးသွားသည်။ ကိုတိမ်မျက်နှာကို လှည့်ကြည့်မိပေမယ့် ကိုတိမ်က သူ့ကိုကြည့်မနေ။ မေမေ့ကိုသာ ပြုံးပြီး စကားဆက်ပြောနေခဲ့သည်။
"သြော် အေးအေး
သားက ရန်ကုန်ကလား"
"ဟုတ်တယ်ခင်ဗျ
အန်တီတို့လာကြိုမယ်မှန်းမသိလိုက်လို့
သမိုင်းတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ လာကြိုလိုက်တာ"
"ကျေးဇူးပါပဲ သားရယ်"
လူကြီးလူကောင်းမေမေနှင့် ကိုတိမ်တို့ကတော့ သံခင်းတမန်ခင်းစကားများပြောနေကြသည်။ ဒါကြီးက တစ်ဖက်နှင့်တစ်ဖက် မိုင်းတွေကို ရှောင်ကွင်းပြီး ပြေးလွှားနေသလိုမျိုးဟု ခံစားလိုက်ရသည်။
"သား ပင်ပန်းလာမှာပေါ့
အိမ်ပြန်ပြီးနားမယ်လေ"
"ဟုတ် မေမေ"
"ဒီက သားမိတ်ဆွေကိုရော ဘယ်လိုလုပ်မလဲ
အန်တီတို့နဲ့ အိမ်လိုက်ခဲ့မလား"
တစ်ချို့မေးခွန်းတွေမှာက အဖြေတစ်ခါတည်း တွဲပါနေသလိုပါပဲ။ အမှန်တကယ် ကိုတိမ့်ကိုပါ လိုက်စေချင်လျှင် "လိုက်ခဲ့လေ"ဆိုသော စကားကိုသာ ဆိုမှာဖြစ်သည်။ အခုတော့ "လိုက်ခဲ့မလား"ဆိုသည့် အသုံးအနှုန်းက မလိုက်ပါနဲ့ဟု ကြိုတင်တာဆီးပြီးနေပြီ။
"မလိုက်တော့ဘူး ခင်ဗျ
သမိုင်း အားမှပဲ တွေ့ရအောင် ချိန်းလိုက်တော့မယ်"
"သြော် အေးအေး
ဒီနေ့လာကြိုပေးတာ ကျေးဇူးပါပဲ သားရယ်"
"ရပါတယ်ခင်ဗျ
ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်ခင်ဗျ"
ကိုတိမ်က မေမေတို့ကိုနှုတ်ဆက်ပြီး သူ့ကိုပါ လက်ပြပြီး လှည့်ထွက်ရန်ပြင်လိုက်သည်။ ဒီလိုမျိုးကြီး လက်လွတ်စပယ်နိုင်လွန်းတာကိုတော့ အဖြစ်မနိုင်သည့်အတွက် ဆုံးဖြတ်ချက်တစ်ခုချလိုက်ရင်း မေမေ့ဖက် လှည့်ပြောလိုက်သည်။
"ကိုတိမ်နဲ့ အတူပါလာတဲ့ သူငယ်ချင်းတွေကိုလည်း သွားနှုတ်ဆက်လိုက်ဦးမယ်နော်
သားကို ခဏစောင့်ပေး"
မေမေ့ဆီက အသံတို့တိတ်နေပေမယ့် ဖေဖေက ဘေးကနေပြီး ခေါင်းငြိမ့်ပြုံးပြ ခွင့်ပြုပေးခဲ့သည်။
"သွားလေ သား"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now