Ending

8.3K 678 64
                                    

Unicode

မနက်ဆိုလျှင် စောစောနိုးတတ်သည့် အကျင့်ကြောင့် သမိုင်းသစ်က တိမ်မိုးဝေထက်အရင် နိုးလာခဲ့သည်။ နိုးလာခဲ့ပေမယ့် သူ့ကိုဖက်ပြီး အိပ်ပျော်နေသည့် ကိုတိမ် နိုးသွားမည်စိုးသဖြင့် ငြိမ်ငြိမ်လေး မလှုပ်ရှားပဲနေလိုက်သည်။ အမြဲတက်ကြွ ဆက်စလူးခါနေသည့် သူ၏ ကိုတိမ်သည် အခုလို အိပ်ပျော်နေသည့်အခါမှာလည်း အလွန်ချစ်စရာကောင်းပေသည်။ မပွင့်တပွင့် ဟ နေသည့် ပါးစပ်ကို ပိတ်ပေးရင်း နှုတ်ခါးသားတို့ကို လက်ညှိးလေးနှင့် အသာအယာ ပွတ်သပ်မိသည်။ မနေ့ညက နှစ်ယောက်သား ပေါက်ထွက်မတတ်နမ်းထားသည့် ဒဏ်တွေကြောင့် နှုတ်ခမ်းတို့ဟာ မသိမသာယောင်နေသည်။ ညက အဖြစ်အပျက် အချို့ကိုတွေးမိတော့ တကိုယ်လုံး ရှိန်းဖိန်းသွားသလို ခံစားလိုက်ရသည်။ မသိမသာလည်း ပြုံးမိသည်ပေါ့။

တကယ်တော့ မနေ့ညက သူတို့နှစ်ယောက်အကြားမှ လွန်လွန်ကျုးကျုးဘာမှမဖြစ်ခဲ့ပါ။ သူကလည်း နောက်တစ်ရက်ဆိုလျှင်ပဲ သွားရတော့မည်သူဖြစ်သဖြင့် တစ်ဦးကိုတစ်ဦး ခက်ခက်ခဲခဲ မခွဲခွာချင်ပါ။ ဒါပေမယ့် သူတို့၏ စိတ်နှလုံးမှ ယိုဖိတ်လာတဲ့ အချစ်တို့ကိုလည်း မတားဆီးနိုင်ခဲ့။ တစ်ယောက်ကိုတစ်ယောက် ပြင်းပြစွာလိုချင်မိသည်။ ထိုခရီးကို ဖြတ်သန်းချင်သည်။ ကိုတိမ်သည် သူ၏ ဖြစ်ပျက်နေတဲ့ အတွင်းစိတ်ကို မပြောပြရပဲ နားလည်ခဲ့သည်။
"သမိုင်း"
"ဟင်"
"ချစ်တယ်"
သူ့အပေါ်ကနေ ဖိနမ်းနေသော ကိုတိမ်သည် အနမ်းတို့ကို ခဏ ရပ်တန့်ပြီး ရွှန်းရွှန်းစားစားကြည့်လျက် ချစ်စကားဆိုနေခဲ့သည်။ ထို့နောက်တော့ သူ့ကို ပွေ့ယူဆွဲထူလိုက်သည်။ အလိုက်သင့်ပါသွားသည့် သူ့ခန္ဓာကိုဟာ ဘာအားအင်မှရှိမနေခဲ့တော့။ ကိုတိမ်သည် သူ့ကို နောက်ကျောကနေ ပွေ့ဖက်ပြီး ရင်ခွင်ထဲ ထည့်ထားပြီး ဂုတ်သားတို့ကို အကြားအလပ်မရှိနမ်းနေသည်။ နောက်ကနေဖက်ထားသည့် လက်တို့သည် သူ့ဝမ်းဗိုက်ကြွက်သားတို့ကို ထိတွေ့နေရာမှ တဆင့် တဖြည်းဖြည်း အောက်သို့ဆင်းလာသည်။ ဘယ်နေရာထိ ဆင်းသက်ရမည်လည်း ဆိုတာကို ကောင်းစွာ သဘောပေါက်သော ကိုတိမ်က တစ်နေရာ အရောက်မှာ ရပ်တန့်သွားသည်။ ထို့နောက်တော့ ငြင်သာစွာ မဟုတ်ဘူး၊ ကြင်နာစွာနှင့်ပဲ သူ့အတွက် ကူညီပေးခဲ့သည်။ ထိုအခိုက်အတန့်တွေဟာ မည်မျှ ကြာလို့၊ ဘယ်လောက်မြန်သည် သူမသိတော့။ သူ့နားရွက်တစ်ဖက်ကို ကိုတိမ်က ငုံခဲပြီး ဖွဖွလေး ကိုက်လိုက်သည့်အခါမှာတော့ သူသည်လည်း လေဟာနယ်ထဲ လွင့်မျောသွားတော့သည်။ အရာအားလုံးကို လွတ်ထွက်သွားလေသည်။ သူကိုယ်တိုင်လည်း ပျော့ခွေသွားသည်။ အားအင်ဆိုလို့ တစ်စက်လေးမှ မကျန်တော့သည့်အတိုင်း။

ကိုတိမ်က သူနှင့် မျက်နှာချင်းဆိုင် ပြန်ဆွဲယူသွားသည်။ကိုတိမ်၏ နှုတ်ခမ်းထက်မှ အနမ်းစက်ကလည်း   သူ၏ ပါးတစ်ဖက်ပေါ်သို့ အနမ်းတစ်ပွင့်ချင်းစီ ပစ်ခတ်လို့။ ထို့နောက်တော့ မချင့်မရဲဟန်ဖြင့် သူ၏ ပါးနှစ်ဖက်ကို မနာအောင်ဆွဲဖဲ့နေသေးသည်။ သူက ကိုတိမ်၏ မျက်နှာကို စေ့စေ့ကြည့်ပြီး ကိုတိမ်ပေါ်သို့ တက်ခွထိုင်လိုက်သည်။ ထိုင်လိုက်မိသည်နှင့် တပြိုင်နက် ခံစားမိလိုက်သည်က ကိုတိမ်မှာလည်း ပြဿနာ ရှိနေခဲ့တာကိုပဲ။ ထိုဖောင်းဖုမာတင်းနေသည့်အရာက ပြဿနာရှိကြောင်း ပြောနေသယောင်။ သူသည် ဘာကိုသဘောကျလို့သဘောကျမိသွားမှန်းမသိပေမယ့် အသံထွက်ရယ်မိသည်။
"ဘာရယ်တာလဲ"
ကိုတိမ်က သူ့ခါးကိုထိန်းကိုင်ထားရင်း မေးသည်။
"ကိုတိမ်လည်း ဒုက္ခရောက်နေတာပါလားလို့ တွေးမိသွားလို့"
နဖူးပေါ်ဝဲကျနေသည့် ဆံပင်တို့ကို လက်နှစ်ဖက်နှင့် သပ်တင်ပေးရင်း ပြောလိုက်သည်။ ကိုတိမ်က သူ့ခါးကို ပိုဆွဲယူလိုက်ပြီး
"ဟုတ်တယ်
အရမ်းဒုက္ခရောက်နေတယ်
အဲ့ကောင် ပေါက်ကွဲမထွက်ခင် တစ်ခုခုလုပ်ပေး" ဟု ကလေးတွေပူဆာသလို နှုတ်ခူးတွေစူပြီးပြောသည်။
"ဘယ်လိုကူညီရမှာလဲ"
သူကမသိချင်ယောင်ဆောင်ပြန်မေးလိုက်တော့
"ကိုယ် သမိုင်းကို ခုဏက နမူနာ ကူညီပြထားတယ်လေ
အဲ့လိုပြန်ကူညီ" တဲ့။ သူသည် စကားတတ်သည့် ကိုတိမ်၏ နဖူးကို မနာအောင် တောက်လိုက်ပြီး
"အဟား
ဟုတ်ပါပြီ" ဟု ပြောကာ လူမှုကူညီရေးလုပ်ငန်းစတင်ဖို့ ပြင်လိုက်သည်။
အရင်ဆုံး နှုတ်ခမ်းတို့ကို အထပ်ထပ်အခါခါ မွတ်သိပ်စွာနမ်းလိုက်သည်။ ထို့နောက်နှုတ်ခမ်းမှတစ်ဆင့် လည်ပင်း၊ ပခုံးသား၊ ရင်ဖက်မှသည် ဝမ်းဗိုက်ဆီသို့ အနမ်းတို့ဖြင့် ဆင်းသက်လာသည်။ SOSဟု အော်ဟစ်နေသော တစ်နေရာ အရောက်မှာတော့ အနမ်းတို့ကို ရပ်တန့်ပြီး ဖွဖွလေးဆုပ်ကိုင်လိုက်သည်။ ဒါသူ့ဘဝမှာ ပထမဆုံးအကြိမ် သူတစ်ပါးနယ်မြေကို ကျုးကျော်မိတာ။ သူလည်းယောက်ျားလေးတစ်ယောက်ပဲမို့ လက်သမားအတတ်ကတော့ တတ်သည်ပဲလေ။ တဖြည်းဖြည်း အရှိန်မြင့်လာသည့် သူ့လက်၏ လှုပ်ရှားမှုနှင့်အတူ ကိုတိမ်ထံမှ ညည်းသံသဲ့သဲ့လည်း ထွက်လာသည်။ အမြန်နှုန်းကို မလျော့ချပစ်ပဲ ရင်ဖက်ကိုလည်း အသက်ရှုနှုန်းကြောင့် နိမ့်ချည် မြင့်ချည်ဖြစ်နေသည့် ရင်ဖက်ကို အသည်းယားစွာကိုက်လိုက်မိတော့ သူ့နာမည်ကို ထုတ်ဖော်ရေရွတ်လာတော့သည်။
"အာ့ သမိုင်း" တဲ့။
သူ၏ လက်သမားအတတ်ကို မခုခံနိုင်ခဲ့သည့် ကိုတိမ်သည် နောက်ဆုံးမှာတော့ အရှုံးပေးလိုက်ရတော့သည်။ ထိုနေ့ညက သူလည်း လက်တော်တော်ညောင်းသွားခဲ့သည်လေ။ ထိုအကြောင်းကို ပြန်စဉ်းစားမိတော့ ရင်ခုန်သံက မူမှန်ချင်။ နားရွက်တွေလည်း ပူလာသလိုလို ခံစားရသည်။

ကိုတိမ်၏ လက်ဖဝါးနှင့် သူ့လက်ဖဝါးကို ယှဉ်ပြီး ဆုပ်ကိုင်ကြည့်မိသည်။ ရှည်ရှည်သွယ်သွယ် ကိုတိမ်၏ လက်ချောင်းလေးတွေက သူ့ကို ကိုက်ပါ၊ ကိုက်ပါဟု အော်နေသယောင်။ မနေနိုင်စွာ လက်ချောင်းထိပ် လေးတွေကို ကိုက်မိတော့ ကိုတိမ်လည်း နိုးသွားတော့သည်။
"ပါပီလေး
လူကိုကိုက်ပဲနေတယ်"
သူ့ခေါင်းကို ဖွဖွလေးပုတ်ပြီး အိပ်ချင်မူးတူးသံနှင့်ပြောနေသည့် ကိုတိမ်ဟာ သူ့အတွက်တော့ နှိုင်းစရာမရှိ အောင်မြတ်နိုးမိသည့် လူသား။ ကိုတိမ်က သူ့ကို ဆွဲဖက်ပြီး ရင်ခွင်ထဲမှာ မြုပ်နေအောင် ဖက်ထားကာ တစ်ချက်တစ်ချက်မှာတော့ အားမရနိုင်သလို ဖြစ်ညစ်နေသည်။
"ဒီနေ့ တစ်နေ့လုံး ဒီလို အိပ်နေရအောင်"
မဖြစ်နိုင်မှန်းသိသိနဲ့ ပြောနေပေမယ့် သူကလည်း
"အင်း
နေမယ်လေ" ဟု ပြောမိသည်။ ကိုတိမ်၏ ခါးကို အနက်ရှိုင်းဆုံးပြန်လည်ဖက်တွယ်ရင်း အချစ်ဆိုသော ထိုအရာက ပေးတဲ့ ကြည်နုူးမှုကို ခံစားနေခဲ့သည်။

ထို့နောက်တော့ နှစ်ယောက်သား အိပ်ယာမှ မထချင်ထချင်နှင့် ကုန်းရုံးထရသည်။ ကိုတိမ်၏ အိမ်ကို ညအိပ်ဖို့အတွက် အလာကတည်းက လိုအပ်တာတွေ ဝယ်ထည့်လာသဖြင့် သွားတိုက်တံ အသစ်ကလည်း ပါပြီးသားမို့ တူတူမျက်နှာသစ်ကြသည်။ ရေချိုးခန်းဝင်တော့လည်း အတူတူ။ မခွဲခွာခင်မှာ အတူရှိနေနိုင်သည့် အချိန်တိုင်းမှာ အတူရှိချင်ကြသည်လေ။ ရေချိုးပြီးတော့ သူ့မှာ အဝတ်အစားပါမလာသဖြင့် ကိုတိမ်၏ အဝတ်တို့ကို ယူဝတ်ရသည်။ ကိုတိမ်ကတော့ သူ့အဝတ်အစားတွေ ယူဝတ်ထားတာကိုပဲ သဘောကျမဆုံး ကြည့်မဝ၊ ရှုမဝဖြစ်နေသည်။ သူကိုယ်တိုင်ကလည်း ကိုတိမ်၏ ကိုယ်သင်းနံ့လေး ရနေသလိုခံစားရသည်မို့ သဘောကျမိသည်။

အခန်းထဲက ထွက်မယ်အလုပ်မှာ မေမေ့ထံကဖုန်းဝင်လာသည်။ ကိုတိမ်ကို တိုးတိုးနေရန် အချက်ပြပြီး ဖုန်းကိုက်လိုက်သည်။
"ဟလို မေမေ"
"သသ ရေ
ဘယ်အချိန်ပြန်လာမှာလဲ "
"မနက်စာ စားပြီး ပြန်လာခဲ့မယ်လေ"
"အေးအေး
ဒါဆို မေမေတို့ အိမ်မှာပဲ စောင့်နေလိုက်မယ်"
"ဟုတ်
သားလာခါနီးကျရင် ဖုန်းထပ်ဆက်မယ်"
"အင်းပါ
အကြာကြီးနေမနေနဲ့တော့"
"ဟုတ်ကဲ့"
မေမေ့ဖုန်းကို ချပြီးတော့ ကိုတိမ်က
"ဘာတဲ့လဲ
ပြန်လာခိုင်းနေပြီလား" ဆိုပြီး မေးသည်။
"အင်း ရပါတယ်သေးတယ်
ကိုတိမ်နဲ့ ဆိုင်လိုက်ပြီးမှ ပြန်မယ်လေ"
ကိုတိမ်သည် ကုတင်စောင်းမှာ ထိုင်နေရင်း မတ်တပ်ရပ်နေသည့် သူ့ကို ဆွဲဖက်သည်။ ထို့နောက်တော့ နှစ်ဦးတည်း အခုလို လွတ်လွတ်လပ်လပ်တွေ့နိုင်သည့် အချိန်တွေ မရနိုင်တော့တာကို သဘောပေါက်သလို သူ့ကို မော့ပြီး အကြာကြီး နမ်းတော့သည်။ အနမ်းတို့ကတော့ အဆုံးသတ်မရှိနိုင်ပေမယ့် အခိုက်အတန့်မှာတော့ ရပ်တန့်ခဲ့ရသည်။ ရှုံ့မဲ့မဲ့ဖြစ်နေသည့် ကလေးဆိုးကြီးကို လက်ကနေ မနည်းဆွဲပြီး ထွက်တော်မူ အခန်းကခွာဖို့ လုပ်ရသည်။
အောက်ထပ်ကို ဆင်းခဲ့တော့ ကြီးမေက သူတို့အတွက် မနက်စာပြင်ထားနှင့်ပြီဖြစ်သည်။ သူတို့ကိုမြင်တော့ လှမ်းနှုတ်ဆက်သည်။
"သား သမိုင်း ညကကောင်းကောင်းအိပ်ရရဲ့လား
မင်းကိုတိမ်က အအိပ်ကြမ်းတယ်"
"မေမေကလည်း သားညက ငြိမ်ငြိမ်လေးပဲ အိပ်တာပါနော်"
ကြီးမေ၏ အမေးကို ကိုတိမ်က ဖြေလိုက်ပြီမို့ သူက ဘာမှဝင်မပြောတော့ပဲ ပြုံးနေလိုက်သည်။ ထို့နောက်တော့ ကြီးမေပြင်ပေးသည့် မနက်စာဝိုင်းမှာ ဝင်ထိုင်လိုက်ကြသည်။
"နန်းကြီးသုပ်ပြင်ထားတယ်
သားသမိုင်း ကြိုက်ရဲ့လား"
"ဟုတ် သားကြိုက်ပါတယ်"
"ဟင်းအနှစ်ရွှဲရွဲလေးနဲ့ သုပ်ပေးမယ်နော်"
"ဟုတ် ကြီးမေ"
သူတို့နှစ်ယောက်အတွက် ပြင်ဆင်ပေးနေသဖြင့် သူကပြန်မေးလိုက်သည်။
"ကြီးမေရော မစားဘူးလား"
"ကြီးမေက စာပြီးပြီ သားရဲ့
ခုဏက မမကြီးနဲ့ စားထားတာ"
"ဟုတ်ကဲ့"
မနက်စာဝိုင်းမှာတော့ ကိုတိမ်က သူစားနေတာကိုပဲ ပြုံးပြီးကြည့်နေလို့ မျက်မှောင်ကြုတ်ပြရသေးသည်။  နန်းကြီးသုပ်ကို တစ်ယောက်တစ်ပွဲစားပြီးတော့ ကိုတိမ်ဆိုင်သို့ သွားဖို့ပြင် ကြသည်။
"ကဲ သွားကြမယ်"
ကိုတိမ်က လောဆောလိုက်တော့
"ခဏလေး"
ဟု ပြောပြီး သူတို့ကို အိမ်ပေါက်ဝထိ လိုက်ပို့ပေးဖို့ပြင်နေသည့် ကြီးမေနှင့် မမကြီးကို ဧည့်ခန်းမှာ ခဏဝင်ထိုင်စေလိုက်သည်။ ထို့နောက်တော့ သူက ကြမ်းပြင်မှာ ထိုင်ပြီး လက်အုပ်ချီ ကန်တော့ဖို့ပြင်လိုက်သည်။ ကိုတိမ်က သူဘာလုပ်မည်ကို အဲ့တော့မှ သဘောပေါက်သွားသလို သူကိုယ်တိုင်ဘေးကနေ ဝင်ထိုင်ပြီး လိုက်ကန်တော့ဖို့ပြင်သည်။ သူတို့နှစ်ယောက် တိုင်မင် မကိုက်ထားပေမယ့် စုံတွဲပြီး ကြီးမေတို့ကို ကန်တော့လိုက်သည်။ သူတို့ကန်တော့တဲ့အခါ မမကြီးကတော့ အသံတိတ်ဆုတွေပေးနေပေမယ့် ကြီးမေဆီကတော့
"သားသမိုင်း သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ်
ကျန်းမာချမ်းသာပါစေ" ဆိုတဲ့ ဆုပေးသံ တိုးတိုးလေးကို ကြားလိုက်ရသည်။
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ" ဟု သူကလည်း ပြုံးပြီးပြောလိုက်သည်။ ထို့နောက်တော့ ကိုတိမ်က သူ့ကိုထည့်ပေးလိုက်မည့် အထုတ်တွေဆွဲကာ ကားဆီ လျှောက်ခဲ့ကြသည်။ မမကြီးတို့ကတော့
"သမိုင်းရေ
ဟိုရောက်မှ စားချင်တာရှိရင်လည်း
ကိုတိမ်ကိုလှမ်းပြောလိုက်နော်
ဒီကနေ ပို့ပေးလိုက်မယ်"
ဟု လှမ်းပြောနေသေးသည်။
"ဟုတ် မမကြီး"
လူကြီးဆန်ပြီး အလိုက်သိ လိမ္မာတဲ့ ကလေးတစ်ယောက်ကို ဘယ်သူက မချစ်ပဲနေနိုင်မှာလဲ။ သမိုင်းနှင့် တိမ်မိုးဝေတို့မိသားစု တွေ့ဆုံချိန် နည်းခဲ့သည်ဆိုပေမယ့် တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို အပြန်အလှန် ခဏလေးနှင့် သံယောဇဉ်တွယ်မိကြသည်။ သူတို့အိမ်က ကိုတိမ်ထံကနေ အခါများစွာ သမိုင်း၏ အကြောင်းတွေကို ကြားနေရလို့လည်းပါပေမည်။

အထုတ်တွေကို ကားနောက်ခန်းထဲထည့်ပြီး ရှေ့ခန်းမှာဝင်ထိုင်လိုက်ကြသည်။ ကားစထွက်တော့ ကြီးမေနှင့် မမကြီးကို လက်ဝှေ့ယမ်းနှုတ်ဆက်ပြလိုက်သည်။ မမကြီးတို့ကလည်း သူ့ကို ပြန်နှုတ်ဆက်လို့ပေါ့။

ကိုတိမ်ဆိုင်ကိုရောက်တော့ ဝေယံတို့နှစ်ယောက်နှင့်လည်း သေချာပွေ့ဖက်နှုတ်ဆက်ခဲ့သည်။
"အကိုသမိုင်း စိတ်ချနော်
ကိုတိမ်ကို ကျွန်တော်တို့ သေချာစောင့်ရှောက်ထားလိုက်မယ်" ဆိုသည့် စကားလေးတွေကြောင့်လည်း သူ့မှာ ပြုံးရသေးသည်။ ဒီနေ့က ညစာကို စိုစိုနှင့် အတူစားဖို့ ချိန်းထားပြီးသားမို့ ကိုတိမ်ဆီကို လာတွေ့မရတော့။ မနက်ဖြန်မှပဲ လေဆိပ်သို့ လာမှပဲတွေ့လို့ရတော့မည်။ ကိုတိမ်သည် သူမမြင်ကွယ်ရာမှာ တော့ ဘယ်လိုနေမည် မသိပေမယ့် အခု သူ့ရှေ့မှာတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ သူ့ကို တက်စီကားနားထိ တံခါးဖွင့် လိုက်ပို့ပေးသည်။
"ဖုန်းခေါ်လိုက်မယ်နော်"
"အင်းပါ သမိုင်းအားမှခေါ်လိုက်
မေမေတို့နဲ့သာ သေချာ အချိန်ကုန်ခဲ့ပါ"
"ဟုတ်
တာ့တာ"
"အင်း အင်း
တာတာ"
သူ့ကားလေးကို ငေးကြည့်ကျန်ခဲ့သော ကိုတိမ်ကို သေးသေးလေးမြင်ရတဲ့အထိ နောက်လှည့်ကြည့်မိသည်။ ကားတွေကွယ်သွားပြီး မမြင်ရတော့ ဒီတစ်ခါငိုချင်သွားရသည်က သူကိုယ်တိုင်။ ဒါပေမယ့် ဒါဟာ ခွဲခွာမှုမဟုတ်လို့ သူမငိုပါဘူး။ သူတို့နှစ်ယောက်အတွက် ဒါက ခရီးလမ်းမှာ ကြုံတွေ့လိုက်ရသည့် တောင်ကုန်းတစ်ခုသာ။ ဒီတောင်ကုန်းကို သူတို့အောင်မြင်စွာ ဖြတ်ကျော်နိုင်ရမည်။

ထိုနေ့က အိမ်မှာ အထုတ်အပိုးတွေ သေချာပြန်ထည့်၊ လိုအပ်တာတွေလည်း သွားဝယ်ရသည်။ သံရုံးမှာလည်း အဝင်ပြပြီး ဗီဇာသွားထုတ်ရသည်။ထို့ကြောင့် တနေ့လုံးဟာ မအားမလပ်ပါပဲ။ ညရောက်ပြီဆိုမှ စိုစိုတို့နှင့်ချိန်းထားသည့် ဟိုတယ်သို့ ညစာစားဖို့ သားအဖသုံးယောက် ထွက်ခဲ့ကြသည်။ စိုစိုတို့က သူတို့အရင်ရောက်နှင့်နေပြီဖြစ်သည်။ စိုစိုနှင့် တီကြေး။

ညစာဝိုင်းမှာတော့ သူတို့ပျော်ပျော်ရွှင်ရွှင်ပဲ ရယ်မော စကားပြောရင်း စားသောက်ခဲ့ကြသည်။ စိုစိုကတော့
"သသ လည်းမရှိတော့ဘူးဆိုတော့ တိုက်ခန်းမှာ တစ်ယောက်တည်းပျင်းတယ်
Mirrorနင် ငါ့အခန်းလာနေပါလား" ဆိုပြီး တီကြေးကို ခေါ်နေသည်။ တီကြေးကတော့
"ဘာလဲ သန့်ရှင်းရေးလုပ်ခိုင်းရအောင်လား" ဆိုပြီး ရွဲ့မေးနေသည်။ ဒါပေမယ့် သူမရှိတဲ့အချိန်တွေမှာ သူ့သူငယ်ချင်း တစ်ယောက်တည်း ဖြစ်ချင်တိုင်းဖြစ်နေမည်စိုးပြီး တီကြေးတစ်ယောက် မကြာခဏ သွားနေရမှာကိုလည်း သူအလိုလိုသိနေခဲ့သည်။

ထိုနေ့က စိုစိုက သူ့အတွက် လက်ပတ်လေးတစ်ခု လက်ဆောင်ပေးခဲ့သည်။ လေးထောင့်ပုံစံ ပလက်တီနမ်လုံးလေးကိုမှ စိန်လေးတွေမြုတ်ထားသည့် charmလေးနှစ်လုံးကို အနက်ရောင် ကြိုးလေးမှာ တပ်ပေးထားတာဖြစ်သည်။
"အဲ့ဒါ စိုစိုနဲ့ တီကြေးရဲ့လက်ဆောင်
စိုစိုကတစ်လုံး၊ တီကြေးက တစ်လုံး"
Charmလေးနှစ်လုံးက ပိစိသေးသေးလေးတွေကိုမှ စိန်လေးတွေကလည်း မှုန်မှုန်လေးတွေမို့ သူသဘောကျသွားသည်။ မေမေက
"သား ဝတ်ကြည့်လိုက်လေ"
ဟု တိုက်တွန်းသဖြင့် ဘူးထဲကနေ ထုတ်ပြီး လက်မှာ ထုတ်ဝတ်လိုက်သည်။
"သသလက်လေးက ဖြူသွယ်နေတော့
လိုက်တယ်"
တီကြေး က သူ့လက်ကိုကြည့်ပြီးပြောသည်။
"ဖေဖေတို့ကတော့ မေတ္တာတွေအကုန်ပေးပြီးပြီမို့ ဘာမှ ဝယ်မပေးတော့ဘူးဟေ့"
ဖေဖေက ရယ်မောပြီးနောက်ပြောင်သည်။

ထိုနေ့ညကတော့ စိုစိုလည်း တိုက်ခန်းမပြန်ပဲ သူတို့အိမ်ကိုပဲ လိုက်အိပ်သည်။ တီကြေးကတော့ သူ့အိမ်သူပြန်သွားခဲ့သည်။ ညဉ့်နက်သည်အထိ ဧည့်ခန်းမှာ သူတို့တွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေခဲ့ကြသည်။ တကယ်တော့ ဖေဖေတို့ သုံးယောက်ကသာ ပြောနေကြတာဖြစ်ပြီး သူကတော့ နားထောင်သူသတ်သတ်ပေါ့။ ဖေဖေတို့အလစ်မှာ စကားဝိုင်းကနေ အသာထွက်ခဲ့ပြီး ဝရံတာဖက်ထွက်ကာ ကိုတိမ်ဆီဖုန်းခေါ်လိုက်သည်။
"ဟလို"
ဖုန်းထဲက ကိုတိမ်အသံကိုကြားလိုက်တော့ စကားလုံးတို့ကလည်ချောင်းဝမှာတင် ပျောက်ဆုံးနေခဲ့သည်။
ဘာပြောလို့ပြောရမှန်းမသိတော့။
"ကိုတိမ် စားပြီးပြီလား"
အချိန်က 10နာရီကျော်နေပြီကို သူကဘယ်လို ရူးကြောင်ကြောင်မေးခွန်းတွေ မေးမိပါလိမ့်။ ကိုတိမ်ကတော့ သတိမထားမိပဲ
"စားပြီးပြီ
သမိုင်းရော စိုစိုတို့နဲ့ ပျော်ခဲ့ရဲ့လား" ဟု ပြန်မေးနေခဲ့သည်။
"ဟုတ်"
သူတို့နှစ်ယောက်ကြားမှာ ဒီနေ့ကျမှ စကားလုံးတွေက ဘယ်ချောင်ကပ်နေခဲ့လဲမသိ။ လပြည့်ညမဟုတ်ပေမယ့် ဒီနေ့မှ လကလည်း တော်တော်သာနိုင်သည်။ ပြာလဲ့လဲ့လရောင်အောက်မှာ လေနုအေးလေးကလည်း တဖြည်းဖြည်းတိုက်ခတ်လို့။ အိမ်ဘေး ပိတောက်ပင်ကြီးဆီမှ လေတိုးမှုကြောင့် ပိတောက်ရွက်လေးတွေ ပွတ်တိုက်သံကလည်း အလွမ်းအဆွေးဇာတ်ကားတွေထဲက နောက်ခံဇတ်ဝင်တေး တွေလိုပဲ။ လွမ်းသူကို ပိုဆွေးစေသည်။ရာသီဥတုကြီးကလည်း သူ့ဖက်မပါပါလား
"ကိုတိမ်"
"ဟင်"
"အခုဘယ်မှာလဲ"
"အိမ်မှာလေ"
"မဟုတ်ဘူး
အခန်းထဲမှာလား မေးတာ"
"ဟုတ်တယ်
ဘာလို့လဲ"
"ဒါဆို ဝရံတာ အပြင်ဖက်ခဏ ထွက်လိုက်ပါလား"
ကိုတိမ်သည် သူ၏ စကားကို ဘာလို့လဲဟု ပြန်မမေးပဲ အခန်းထဲကနေ ထွက်လာဟန်တူသည့် လှုပ်ရှားသံသဲ့သဲ့ကို ကြားရသည်။
"ကဲ ထွက်ခဲ့ပြီ"
"လ သာ နေတာတွေ့လား"
"အင်း တွေ့တယ်လေ
ဒီနေ့လပြည့်ညလားမသိဘူး
တော်တော်ဝိုင်းနေတာပဲ လက"
"ကျွန်တော်တို့နှစ်ယောက် ဘယ်လောက်ဝေးနေနေ
အနည်းဆုံး လမင်း တစ်စင်းရဲ့ အရိပ်အောက်မှာ အတူရှိရတယ်။
ကောင်းကင်ရဲ့ တစ်မိုးအောက်တည်းမှာပဲနေခွင့်ရတာပဲလေနော့်"
သူ၏ ကလေးဆန်ဆန်အတွေးကို ကိုတိမ်ကတော့ အားတက်သရော ထောက်ခံ လို့။
"ဟုတ်တယ်
ဟုတ်တယ်
ဒါ့ကြောင့် ကိုယ်တို့တွေဟာ အရမ်းကြီးဝေးမသွားပါဘူး"
ဒီစကားတွေက တစ်ယောက်ကိုတစ်ယောက် အားပေးတဲ့စကားလား။ ကိုယ့်ကိုယ်ကိုအတွက် အားတင်းတဲ့စကားတွေလား။ သူတို့နှစ်ယောက်စလုံး နားလည်နေခဲ့သည်။
"သမိုင်း အိပ်ယာဝင်တော့လေ
ခရီးသွားခါနီးအိပ်ရေးပျက်နေမယ်"
ဟုတ်ပါတယ်။ ကိုတိမ်ပြောသလို သူကခရီးသွားတာ။ တစ်နှစ်ပဲကြာတဲ့ ခရီးတစ်ခုကို သွားတာပါ။
"အင်း ဒါဆို ဖုန်းချတော့မယ်နော်"
"အင်း
ချစ်တယ်နော်"
"ဟုတ်
ကျွန်တော်လည်း ကိုတိမ်ကိုချစ်တယ်"
ထိုညက သူအိပ်မက်တွေ မက်နေခဲ့သည်။ သူတို့နှစ်ယောက် လမင်းကြီး၏ လခြမ်းကွေးလေးမှာ အတူယှဉ်ထိုင်နေခဲ့ကြသည်။ ကိုတိမ်က သူ့ပခုံးကို ဖက်ထားပြီး သူတို့အောက်ကို ငုံ့ကြည့်တော့ တောင်တန်းတွေဆီကို အိပ်တန်းပြန်နေသည့် ငှက်ကလေးတွေကို တွေ့ရသည်။တကယ်တမ်းက  သူတို့နှစ်ယောက်သည်လည်း အချစ်ငှက်လေးနှစ်ယောက်ဖြစ်နေခဲ့သည်တဲ့။

နောက်ရက်မှာတော့ ဘယ်မှမသွားကြတော့။ သူတို့တွေ အိမ်မှာပဲ အေးအေးလူလူ ထမင်းဟင်းချက်စားသည်။  စိုစိုလည်း အလုပ်ကို ခဏပဲသွားပြီး ချက်ချင်းပြန်လာခဲ့သည်။ သူ့အနေနဲ့ ကိုတိမ်ကို သွားတွေ့ချင်ပေမယ့် မေမေက အပြင်မထွက်စေချင်သည့် ပုံစံပြောနေသဖြင့် မသွားဖြစ်တော့။ ကိုတိမ်ကိုသာ လေဆိပ်ကို လာခဲ့ဖို့ စာလှမ်းပို့ထားရသည်။ လေဆိပ်သို့မဆင်းခင် အိမ်မှာပဲ ဖေဖေ၊ မေမေနှင့် စိုစို့ကိုပါ ကန်တော့ခဲ့သည်။ ဖေဖေကတော့တိုတိုတုတ်တုတ် ဆုပေးပေမယ့် မေမေကတော့ အသံကိုမနည်းထိန်းပြီး  ဆုပေးနေရသည်။

သူ့flightက ည 9နာရီဆိုတော့ ကားပိတ်မှာလည်း စိုးသဖြင့် သူတို့တွေ စောစောပဲထွက်ခဲ့ကြသည်။ လေဆိပ်ရောက်တော့ check-in ကောင်တာပါဖွင့်နေပြီမို့ တစ်ခါတည်း check –in ဝင်ပြီး လက်ဂေ့တွေကို အပ်လိုက်သည်။ သူတို့ အချိန်ရသေးသဖြင့် လေဆိပ်က KFCမှာပဲ ခဏထိုင်ပြီး ကြက်ကြော်နှင့် အအေးမှာလိုက်သည်။ ဒါပေမယ့် ဘယ်သူမှတော့ သိပ်မစားဖြစ်။ ဒီအတိုင်းရောက်တတ်ရာရာ စကားတို့ကို သာ ပြောနေခဲ့ကြသည်။

သူသည်ဖုန်းကို တကြည့်ကြည့်ဖြစ်နေခဲ့သည်။ ကိုတိမ်ဆိုင်က ထွက်လာပြီဟု ပြောခဲ့တာ ကြာနေပြီ။ ဒါပေမယ့်အခုထိ ရောက်မလာသေးဘူး။ သူ၏ အခြေအနေကို ရိပ်မိဟန်တူသော စိုစို မျက်လုံးဖြင့် ဘယ်လိုလဲ ဟူပြီး မေးသည်။ သူကခေါင်းခါရမ်းပြလိုက်သည်။ ခဏနေတော့ စိုစိုက ဦးဆောင်ပြီး
"ကဲ သသလည်း အထဲ ဝင်တော့လေ
Boardingခေါ်တော့မယ်
တို့တွေလည်း ပြန်ကြစို့လေ"ဆိုပြီးလောဆောလိုက်သည်။ ဘာမှမသိသည့် ဖေဖေနှင့် မေမေကတော့ စိုစိုနှင့်အတူ ထရပ်ကြသည်။
"သား ဝင်တော့လေ
တက်ခါနီးကျမှ စာပို့လိုက်နော်"
"ဟုတ် မေမေ"
သူ့မေမေ့ကို တစ်ချက်ဖက်လိုက်သည်။ ထို့နောက်တော့ ဖေဖေတို့ကလည်း သူ့ကို လက်ပြန်ပြီး အပြင်ထွက်ကြသွားသည်။ သူကအဲ့တော့မှ ကိုတိမ်ဆီ ချက်ချင်းဖုန်းခေါ်ရသည်။ ဖုန်းက ဝင်နေပေမယ့် မကိုင်သဖြင့် စိတ်တွေက ပိုပူရသည်။ အခါခါထပ်ခေါ်နေပေမယ့်လည်း ဖုန်းက မကိုင်။ ကိုတိမ်ဘာဖြစ်နေတာလဲ။

ထိုအချိန်မှာပဲ boarding စကြေငြာသံကြားလိုက်ရသည်။ ဂိတ်ဖွင့်ပြီမို့ ဂိတ်ကိုလာကြဖို့ ကြေငြာနေပြီ။ အခုထိ ကိုတိမ်ကမရောက်သေးဘူး။ ဖုန်းခေါ်တော့လည်း မကိုင်။ သူ့မှာဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေပြီ။
စပီကာမှလည်း ဆက်တိုက် final boardingခေါ်နေပြီ။ အဲ့တော့ သူ့မှာ မနေသာတော့ immigrationဖြတ်ဖို့ immigrationကောင်တာသို့ သွားရတော့သည်။ ဖုန်းကိုလည်းတောက်လျောက်ခေါ်နေခဲ့သည်။ မကိုင်။ နောက်ဆုံးစိတ်လျော့ပြီး ကောင်တာမှာ သူ့ပတ်စပို့အပ်လိုက်ပြီး အထဲကိုဝင်လိုက်ချိန်မှာ တော့ ဖုန်းထဲက
အမောတကောနှင့် ထူးလိုက်သည့်
"ဟလို"ဆိုသည့် အသံကို ကြားလိုက်ရတော့သည်။ အဲ့တော့မှာ ကမ္ဘာကြီးတစ်ခုလုံး ပြန်လည်အသက်ဝင် လှုပ်ရှားလာသလို သူလည်း
"ကိုတိမ်ဘယ်မှာလဲ"ဟုမေး၊ တစ်ဖက်ကလည်း
"သမိုင်း ဘယ်မှာလဲ"ဟု အပြန်အလှန်မေးနေသည်။ သူကပဲ
"ကျွန်တော် လဝက ဖြတ်ပြီးပြီ အဲ့ကောင်တာမှာပဲရှိသေးတယ်" ဟုဖြေတော့
"အင်းအင်း
ကိုယ်တက်ခဲ့ပြီ
ဖုန်းမချလိုက်နဲ့" တဲ့။
ကိုတိမ်၏ အမောတကောပြေးလာနေသံကို ဖုန်းထဲကပင် အတိုင်းသားကြားနေရသည်။ ချက်ချင်းပဲ စက်လှေကားမှ တက်လာသည့် ကိုတိမ်ကိုမြင်လိုက်ရသည်။ဝမ်းသာအားရ သူလက်လှမ်းပြလိုက်ပေမယ့် သူကတော့ အပြင်ပြန်ထွက်မရတော့ဘူးလေ။  မှန်နံရံကာထားသည့် တစ်ဖက်တစ်ချက်မှာ ကောင်လေးနှစ်ယောက် ဖုန်းကိုယ်ဆီ ကိုင်ပြိး လက်မောင်းပြုတ်မတတ်လက်တွေ ဝေ့ရမ်းနေကြသည်။

ကိုတိမ်ဘာလို့နောက်ကြတာလဲ၊ ဘာလဲ၊ အခုချိန်မှ မမေးချင်။ မှန်ကာထားပေမယ့် ကိုတိမ်၏ မျက်နှာကို ကောင်းစွာမြင်နေရပြီလေ။ မြင်ပေမယ့် တွေ့မရ။ တကယ်ကို သူတို့နှစ်ယောက်အဖြစ်က ရဲလေး၏ နှုတ်မဆက်ချင်ဘူး သီချင်းထဲကအတိုင်းပဲ။
"သမိုင်း ချစ်တယ်"
"ဟုတ် ချစ်တယ်"
တကယ်တော့ ဖုန်းကိုင်ပြီး ထိုစကားအပြင် ဘာမှမပြောနိုင်။ စပီကာမှ အော်နေသံကိုလည်း ကြားနေရပြီ။
"This is the last call
NH 892
ရန်ကုန်မှ ဂျပန်သို့ လိုက်ပါမည့် ခရီးသည်များ ဂိတ်နံပါတ် 14သို့ အမြန်လာခဲ့ပါ"ဆိုသည့် အသံတို့ကလည်း ဆက်တိုက်ပေါ့။ ဒီဖက်က ခွဲခွာရမည့်ချစ်သူနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်တွေတွေ စိုက်ကြည့်နေလို့။ မင်းရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စများနဲ့ .........................


ပြီးပါပြီ....


Ownlish note -- ရဲလေး၏ နှုတ်မဆက်ချင်ဘူး သီချင်းနဲ့ ငိုကြရအောင်။ မကြာခင်မှာ extraနဲ့ ပြန်လာခဲ့ပါမည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now