Chapter 43

3.5K 572 28
                                    

Unicode

"Mirror ရေ
အရေးတော်ပုံကတော့စပြီ"
အခန်းထဲသို့ အလောတကြီးဝင်လာသော စိမ်းရောင်စိုကြောင့် ခင်ကြေးမှုံ တစ်ချက်မျက်မှောင်ကြုံ့လိုက်သည်။ ဒီတစ်ယောက်လာရင် ပြဿနာတစ်ခုပါတတ်တာကို သိနေလို့လေ။
သူမ စားပွဲနားရောက်တော့ စကားကိုအရင်မပြောပဲ စားပွဲပေါ်တင်ထားသည့် သူမ ကော်ဖီခွက်ကို ကောက်ယူသောက်နေသေးသည်။ မပြောတော့ဘူး။ ပြောလည်းရမှမရတာကိုး။
"ကုန်ပြီလား"
"အင်း ကုန်ပြီ
သောက်ချင်လို့လား"
စောစောစီးစီးရန်မဖြစ်ချင်လို့သာ မျက်စောင်းတစ်ချက်နဲ့တင် ပြီးသွားသည်။ မဟုတ်ရင်လည်း ကော်ဖီလေးတစ်ခွက်တောင် မသထာဘူးလားဆိုပြီး စကားနာထိုးဦးမှာလေ။
"ဘာပြောမလို့လဲ
ပြော"
"သြော် အေး
ကိုတိမ် ငါ့ကို မနေ့က ဖုန်းဆက်တယ်"
"အင်း"
"သူ့ မကြီးက ငါနဲ့တွေ့ချင်လို့တဲ့"
"ဘာကိစ္စတွေ့ချင်ရတာလဲ"
"သသ နဲ့ သူ့အကြောင်းကို သိသွားလို့
သသ အုပ်ထိန်းသူဖြစ်တဲ့ ငါနဲ့တွေ့ချင်တာတဲ့
အဲ့ဒါအဆင်ပြေလား မေးတာ"
"အဲ့ဒါဆိုလည်း သွားတွေ့လိုက်ပေါ့"
ခင်ကြေးမှုံက ထိုသို့ ခပ်အေးအေး တစ်ချက်သာပြောပြီး ကွန်ပျုတာဖက် မျက်နှာပြန်လှည့်သွားသည်။ သူမရိုက်လက်စ စာကိုသာ ဆက်ရိုက်နေလိုက်သည်။ စိမ်းရောင်စိုက ခင်ကြေးမှုံ၏ မျက်နှာကို သူမဖက် ဆွဲယူလိုက်သည်။ ထိုလက်ကို ပုတ်ထုတ်ကာ ခင်ကြေးမှုံက ဘာလဲ ဆိုသည့်အမေးကို အကြည့်တစ်ချက်နှင့် မေးလိုက်သည်။
"ငါတစ်ယောက်တည်းမသွားချင်ဘူး
နင်ပါလိုက်ခဲ့"
"မလိုက်ပါဘူး"
တစ်ခါတည်းယတိပြတ် ငြင်းလိုက်သည်။ ဒါလည်းမရ။
"နင် ငါလေးတစ်ယောက်တည်းကို အဲ့လိုတစိမ်းတရံတွေကြားထဲလွှတ်ရက်သလား"
"အင်း လွှတ်ရက်တယ်"
"နင်တော်တော် ရက်စက်တဲ့မိန်းမပဲ"
"အေး သိရင်ပြီးတာပဲ"
အားအားယားယား လာရစ်နေသည့် စိမ်းရောင်စိုက အဖက်မလုပ်ပဲ ပြန်ဖြေလိုက်သည်။ ဒါပေမယ့် စိမ်းရောင်စိုဆိုတာကလည်း အလွယ်တကူ အလွတ်ပေးမယ့်သူမှမဟုတ်တာ။
"ကိုတိမ် မကြီးက ကျောင်းဆရာမတဲ့
ဒေါသလည်းကြီးတယ်ဆိုလား
ကျောင်းမှာဆို စာမရတဲ့ကလေးတွေဆို ဝါးခြမ်းပြားနဲ့အသေဆော်တာတဲ့
သူ့ဒေါသက နာမည်ကြီးဆိုပဲ"
"အဲ့တော့"
"ငါနဲ့ တွေ့တာက
ကောင်းသောတွေ့ခြင်းလား
ဆိုးသောတွေ့ခြင်းလား
ဘာမှသိသေးတာမဟုတ်ဘူး
တော်ကြာ အကြောင်းမတိုက်ဆိုင်ဖြစ်ပြီး စကားများကြရင်
ငါ့ကိုပါ ထရိုက်နေရင်ဘယ်လိုလုပ်မလဲ"
စိမ်းရောင်စိုက ကူလီကူမာလုပ်ပြီး ပြောနေလည်း ခင်ကြေးမှုံတို့ကတော့ မတုန်မလှုပ်ပဲ။ ပြန်ပြီးတော့တောင် ပြောလိုက်သေးသည်။
"တော်စမ်းပါ အစိုမရယ်
ငါကတော့ ဟိုတိမ်မိုးဝေအမအတွက်ပဲစိတ်ပူတယ်"
"အေး ဘယ်သူ့အတွက်ပဲစိတ်ပူပူ လိုက်ခဲ့ပေး
ဒါပဲ"
"မလိုက်ဘူးလို့
ဘယ်နှခါပြောရမှာလဲ"
"မလိုက်လို့မရဘူး
ဒါက ကလေးတွေအရေး
သသက ငါ့တူဆိုမှတော့ နင့်တူပဲ
အဲ့တော့ ငါ့ရဲ့ တစ်ချက်လွတ်အမိန့်
လိုက်ခဲ့ရမယ်"
"ဟား
နားငြီးတယ်"
"အေး မငြီးချင်ရင်လိုက်ခဲ့"
"သသကရော ဒီအကြောင်းကိုသိလား"
"မပြောရသေးဘူး
တစ်ဖက်က ဘာပြောမယ်မှန်းမှမသိတာ
တွေ့ပြီးမှ
အကျိုးအကြောင်းသိမှပဲ ကလေးကို ပြောပြလိုက်တော့မယ်"
"အင်း"
"ဒါဆိုလိုက်မယ်မလား"
မလိုက်မချင်း ဂျီတိုက်နေမည့် စိမ်းရောင်စိုအကြောင်း သိသဖြင့် ခေါင်းသာငြိမ့်ပြလိုက်ရတော့သည်။ သူမလည်း ခေါင်းငြိမ့်ပြလိုက်တာနှင့် စိမ်းရောင်စိုသည် လက်သွက်စွာနှင့် သူမ၏ mac bookကို ပိတ်လိုက်ပြီးသားဖြစ်နေသည်။
"နင် ဘာလုပ်တာလဲ
ငါ့ laptopကိုဘာလို့ပိတ်တာလဲဟဲ့"
"ရှော့ပင်းထွက်မယ်လေ"
"ဘာအတွက် ရှော့ပင်ထွက်ရမှာလဲ"
"တိမ်မိုးေ၀ အမနဲ့တွေ့ရမှာ
အဲ့တော့ သားရှင်တွေအနေနဲ့ အလန်းလွန် အလွန်လန်းနေမှဖြစ်မယ်
ဒါ့ကြောင့် ရှော့ပင်းထွက်မယ်"
"စိမ်းရောင်စို
နင်သိပ်အားနေသလား"
"မအားဘူး
ဒါပေမယ့် အားတယ်
လာပါဆိုဟာ နင် ပေရှည်ကိုရှည်တယ်"
ပြောလည်းပြော၊ လက်ကိုလည်း ဆွဲကာထွက်သွားသဖြင့် ခင်ကြေးမှုံတစ်ယောက် ယက်ကန်ယက်ကန်နှင့် ပါသွားရလေတော့သည်။ ခင်ကြေးမှုံကတော့ ဒီလိုတွေးနေမိသည်။ ဒါဟာအချစ်လားကွယ်၊ ဒါမှမဟုတ် ဒါဟာ ဝဍ်လားကွယ်။
........................................................................
ဆိုင်ထဲမှာ သံပုရာရည် အအေးတစ်ခွက်မှာသောက်ရင်း ညိုမီမိုေ၀ တစ်ယောက် နာရီတကြည့်ကြည့်ဖြစ်နေသည်။ ဒီနေ့ ကျောင်းကဆင်းတော့ အိမ်ပြန် အဝတ်အစားအမြန်ပြေးလဲရသည်။ ချိန်းထားသည့်ဆိုင်ကို ငတိမ်ကိုပဲလိုက်ပို့ခိုင်းကာ သင်းကစောင့်နေမယ်လုပ်ပေမယ့် ပြန်လွှတ်လိုက်သည်။ သင်းကြောင့် သူမမှာ အခုလို ခေါင်းကိုက်နေရတာမဟုတ်လား။

တစ်ယောက်တည်းရှိတဲ့မောင်လေး၊ အငယ်ဆုံးလေးမို့ အလိုလိုက်ထားသည်။ အခုတော့ အမိုက်စော်ကားတာမဟုတ်ပေမယ့် အချိုးမပြေတာတွေလုပ်နေပြီလေ။ သူမအနေနှင့် ရှေးရိုးစွဲသူ တစ်ယောက်လည်းမဖြစ်ချင်။ ကိုတိမ်စိတ်ရူးပေါက်လို့ပဲ ဒီလို လုပ်သည်ဖြစ်စေ၊ အတည်ပဲဖြစ်စေ ဒီကိစ္စကို လွယ်လွယ်ကူကူ သတ်မှတ်မရ။ တစ်ဖက်သည် မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါလျှင် သူမအနေနဲ့ သာမာန်သမီးရည်းစား အရေးဆိုပြီး ဝင်ရောက်စွက်ဖက်မိမှာမဟုတ်။ အခုတော့ ဖြစ်စဉ်က ထိုမျှရိုးရှင်းမနေပါ။ ဒါ့ကြောင့်ပဲ အခုလို တစ်ဖက်က ကလေးရဲ့ အုပ်ထိန်းသူတွေနှင့် စကားပြောဖို့ တောင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။

ချလာပေးသည့် အအေးကို ငုံ့သောက်နေတုန်း တဒေါက်ဒေါက်နှင့် ဝင်လာသည့် ဒေါက်ဖိနပ်သံကြားလိုက်ရသဖြင့် အသံလာရာဆီသို့ ကြည့်လိုက်မိသည်။ အနက်ရောင် skinnyဂျင်းဘောင်းဘီနှင့် Vshapeအဖြူရောင် အကျီၤကိုတွဲဝတ်ဆင်ကာ အပေါ်မှာ oversizeကုတ်အကျီကို ထပ်ဝတ်ထားသည်။ ဈေးကြီးမှန်းသိသာသည့် brandလက်ကိုင်အိတ်အနက်တစ်လုံးကိုလည်း လက်မှာချိတ်ထားသည်။ ကိုယ်နေဟန်အထား ကျော့ကျော့နှင့် ထိုအမျိုးသမီးသည် ကိုတိမ်ဖုန်းထဲမှာ တွေ့ခဲ့ရသည့် သမိုင်းသစ်၏ အဒေါ် စိမ်းရောင်စိုဆိုတာဖြစ်မှန်း သိလိုက်သည်။ အသက်အရွယ်ခန့်မှန်းရခက်သည့် ထိုအမျိုးသမီးသည် မျက်နှာထားတည်တည်တင်းတင်းဖြင့်သာ သူမထံလျှောက်လာနေသည်။ ထိုအမျိုးသမီးတစ်ယောက်တည်းဟု ထင်လိုက်မိပေမယ့် ကပ်လျက် လိုက်ပါလာသည့် နောက်တစ်ယောက်ကိုပါ မြင်လိုက်ရသည်။ ဆံပင်ကို နောက်မှာ ခပ်လျော့လျော့စည်းထားပြီး အသားပျော့ ပိုးသား ရှပ်လက်ရှည် အပြာဖျော့ဖျော့ကို ဒူးအောက်tieစကပ် နက်ပြာရောင်နှင့်တွဲဝတ်ထားသည်။ ထိုတစ်ယောက်ကတော့ ဒီဇိုင်းလှလှ လေးထောင့်အိတ်ကို ပခုံးမှာလွယ်ထားသည်။ ထိုဂိုက်ဆိုက်အပြည့်နှင့် မမနှစ်ယောက်သည် သူမဆီတန်းတန်းမတ်မတ် လျှောက်လာပြီး သူ့စားပွဲနားမှာရပ်လာသည်။
"မညိုမီမိုးဝေမလား
ထိုင်မယ်နော်"
ခွင့်တောင်းတာလား၊ အသိပေးတာလား မသဲကွဲသည့် စကားနှင့်အတူ သူမနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တော့သည်။ ထို့နောက်တော့
"ကျွန်မကတော့ သမိုင်းသစ်ရဲ့ အဒေါ် စိမ်းရောင်စိုပါ
ဒါကတော့ ကျွန်မသူငယ်ချင်း ခင်ကြေးမှုံပါ"
"ဟုတ်ကဲ့
တိမ်မိုးေ၀ အမအကြီး ညိုမီမိုးေ၀ ပါ"
အပြန်အလှန်ဝတ်ကျေတန်းကျေမိတ်ဆက်ပြီးသည့်နောက်မှာတော့ ဘယ်ကနေစ စကားစပြောရမှန်းမသိဖြစ်နေခဲ့သည်။
"တစ်ခုခုသုံးဆောင်ကြပါလား
ဘာမှာမလဲ"
ဆိုင်က menuစာအုပ်ကို ရှေ့ချပေးရင် မေးလိုက်သည်။ သူမကမ်းပေးသည့် menuကို တစ်ချက်လေးမှပင် မကြည့်ပဲ
"ရပါပြီ
မစားတော့ဘူး"ဆိုသည့် စကားကို လေသံမှန်မှန်နှင့်ပြန်ဖြေသည်။ သူမလည်း အတင်းအကျပ်မတိုက်တွန်းတော့။ ထို့ကြောင့် တွေ့ဆုံရသည့်အကြောင်းကိုသာ မြန်မြန်စကားစလိုက်သည်။
"ကိုတိမ်တို့နှစ်ယောက် အကြောင်းကို သိထားတယ်မလား"
"ဟုတ်ကဲ့"
"ဘယ်လိုသဘောရလဲ"
"ကျွန်မတို့ဖက်ကတော့ ကိုယ့်ကလေးကို လွတ်လပ်မှုအပြည့်အ၀ ပေးထားတယ်
စိတ်ချမ်းသာဖို့က နံပါတ်တစ်မို့
သသ ရွေးချယ်မှုကိုလည်း လက်ခံတယ်
ဒါ့ကြောင့် ဘာမှထူးပြီးပြောစရာမရှိပါဘူး
မညိုမီမိုးဝေအနေနဲ့ရော ဘာပြောချင်ပါသလဲ"
"ကျွန်မအနေနဲ့ကတော့ လက်ခံဖို့ အင်မတန်ခက်ခဲပါတယ်"
"ခက်ခဲတယ်ဆို လက်မခံနဲ့လေ"
ထိုစကားကို ဝင်ပြောလိုက်သူက သမိုင်းသစ်အဒေါ်ဆီကမဟုတ်။ တချိန်လုံးဘေးနားကထိုင်နေသည့် မျက်နှာထားပိုတင်းသည့် တစ်ယောက်ထံမှဖြစ်သည်။ ညိုမီသည် မမျှော်လင့်သောစကားကြောင့် ကြောင်နေစဉ် ထိုတစ်ယောက်ကပဲဆက်ပြောသည်။
"လက်မခံနိုင်ရင် သားအဖြစ်ကနေအမွေဖြတ်စွန့်လိုက်ပေါ့"
"ဟုတ်တယ်
ကျွန်မတို့က ကိုတိမ်ကို သသချစ်သူအနေနဲ့ အသိအမှတ်ပြုထားပြီးသား
တိမ်မိုးဝေက ဘယ်သူ့သားသမီး၊မောင်နှမ ဖြစ်နေလို့မှ လက်ခံခဲ့တာမဟုတ်လို့
အဲ့ဒါကြောင့်မို့လည်း အဲ့ဖက်က လက်မခံနိုင်ရင် ကျွန်မတို့ဖက်က သဘောတူစွာလက်ခံပေးမယ်"
"အမွေဖြတ်ကြော်ငြာထည့်ချင်ရင်လည်းပြောပါ
ကျွန်မတို့ မဂ္ဂဇင်းကနေ ထည့်ပေးပါ့မယ်
တစ်ခါတည်းသိထားမှာက နောင်ကိုတော့ ဘာမှထပ်ပတ်သတ်လို့ရမယ်မထင်နဲ့"
"လွတ်လပ်သူအချင်းချင်း ချစ်ခင်ကြတာဟာ ဘာအပြစ်မှမဟုတ်ဘူး
ဒါ့ကြောင့်ပြောချင်တယ်
ချစ်ခြင်းကို မခွဲချင်ပါနဲ့"
"ခဏ၊ ခဏလေး
ကျွန်မကိုလည်း စကားပြောခွင့်ပေးပါဦး"
နှစ်ယောက်သား တစ်ယောက်တစ်ခွန်း အဆက်မပြတ်ပြောနေသည့် အမျိုးသမီးနှစ်ဦးကြောင့် လက်ကာပြီး မနည်း တားယူလိုက်ရသည်။ သူမက တစ်ခွန်းတည်းပဲပြောရသေး ထိုနှစ်ယောက်ထံမှာ ထွက်လာသည့် စကားတို့က မနည်းမနောပါလား။

ညိုမီမိုးဝေ၏ ဟန့်တားသံကြောင့် စိမ်းရောင်စိုတို့နှစ်ယောက်သည် ခဏအသံတိတ်ပေးလိုက်သည်။ ထိုအခါမှ ညိုမီက သက်ပြင်းချမိသည်။
"ကျွန်မပြောတာ လက်ခံဖို့ခက်ခဲတယ်ပဲပြောတာပါ
လက်မခံဘူးဆိုတဲ့စကားလည်းမပြောရသေးပါဘူး
နောက်ပြီး ကျွန်မက ကျောင်းဆရာမတစ်ယောက်ပါ။
ကျောင်းသားတွေထဲတောင်မှ တော်သည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ ဘယ်လိုကျောင်းသားကိုမဆို တပြေးညီတည်း စေတနာထားခဲ့သူပါ"
"အဲ့ဒါနဲ့ ဘာဆိုင်လဲ"
ခင်ကြေးမှုံက အလိုမကျသလို ပြန်ပြောသည်။ ညိုမီကတော့ ထိုစကားကိုလျစ်လျူရှုပြီး ပြောလက်စကို ဆက်ပြောသည်။
"တခြားသူတွေအပေါ်ကိုတောင် သမာသမတ်ကျအောင်၊ နားလည်ပေးရတဲ့ ဆရာမ တစ်ယောက်အနေနဲ့ ကျွန်မမောင်ရဲ့ ရွေးချယ်မှုကို အပြစ်တင်စရာမရှိဘူးလို့ပြောချင်တာပါ"
"ဒါဆို ဘာလို့ လက်ခံဖို့ခက်ခဲတယ် လို့ပြောခဲ့တာလဲ"
စိမ်းရောင်စိုကလည်း စကားကို ဝင်ထောက်သည်။
"အပြစ်မတင်ဘူးဆိုတာ အပြစ်မတင်ရက်ခဲ့တာပါ
နောက်တစ်ခု နားလည်တယ်ဆိုတာကလည်း နားလည်ပေးနိုင်အောင် ကြိုးစားရတာ
အလိုအလျောက်နားလည်နိုင်ခဲ့တာမဟုတ်ဘူး"
ညိုမီ၏ ကျောင်းဆရာမလေသံကို နားထောင်ပြီး စိမ်းရောင်စိုတို့နှစ်ယောက်၏ မျက်နှာအရောင်တို့ တည်ငြိမ်လာရသည်။
"ကိုတိမ်ဆိုတာ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်နဲ့ တစ်ချက်လေးတောင် မတွေးတဲ့သူပါ
ပျော်ပျော်နေတတ်တယ်၊ သနားကြင်နာတတ်တယ်
နောက်ပြီး တစ်ယောက်တည်းရှိတဲ့ မောင်လေးပါ
ကိုယ့်မောင်ကို အညွှန်းတင်ပြီးလည်း မဆိုချင်သလို၊ နိမ့်ချပြီးလည်းဆိုစရာမရှိဘူး
ဘယ်သူမဆိုကိုယ့်သွေးသားကိုတော့ တန်ဖိုးထားကြတာကြီးပဲလေ
ဒါပေမယ့်လည်း
ဒီလမ်းလျှောက်လို့ သူ့ကို ဆူလေလေ
တစ်ဖက်သားကို စော်ကားရာကျလေလေဖြစ်နေမှာ
ဒီလိုခံစားမိလို့ ကိုတိမ်ကို တစ်ချက်တောင် မဆူခဲ့ပါဘူး"
"ဟုတ်ကဲ့
ဒါဆို ကျွန်မတို့နဲ့ဘာလို့တွေ့ချင်ရတာလဲ"
အခုမှပဲ လိုရင်းကိုရောက်တော့တယ်ဟု ညိုမီတွေးလိုက်သည်။
"ကိုတိမ်ကိုမေးတော့ တဖက်က ကလေးက အခုမှ ကျောင်းတက်နေတုန်းလို့သိရတယ်
ကျွန်မအနေနဲ့ ဆရာမဗီဇလို့ပဲပြောပြော
ကျောင်းတက်နေတုန်းဆိုတာနဲ့ အရွယ်မရောက်သေးတဲ့ကလေးလို့ပဲမြင်မိတယ်
အဲ့အတွက်စိတ်ပူပါတယ်
အုပ်ထိန်းသူကလည်း သူတို့နှစ်ယောက်ရဲ့ အကြောင်းကို သိထားတယ်ဆိုလို့
လူကြီးချင်း စကားပြောပြီး ကလေးတွေအတွက် ကောင်းမယ်ထင်တာကို အပြန်အလှန်တိုင်ပင် ဆွေးနွေးချင်ရုံပါပဲ
နောက်ပြီး သမိုင်းသစ်ကိုလည်း တွေ့ချင်လို့ အရင်ဆုံး အုပ်ထိန်းသူထံ ခွင့်တောင်းချင်လို့ပါ"
"ဒါကို စောစောကပြောလေ"
"ကျွန်မကို ပြောချိန်တောင်ပေးခဲ့လို့လား"
ညိုမီလည်း စိတ်ပေါက်ပေါက်နှင့် ပြန်ပြောလိုက်သည်။ ဟုတ်သည်လေ။ လာကတည်းက တောက်လျောက် ရန်တွေ့နေကြတာက သူတို့။ ညိုမီ၏ စကားကြားမှ စိမ်းရောင်စိုလည်း သူမ၏ မနည်းတည်တင်းထားရသည့် မျက်နှာကို ပုံမှန်အနေအထားပြင်လိုက်တော့သည်။ ထိုအခါ ပြုံးဖြဲဖြဲမျက်နှာက ချက်ချင်းပေါ်လာတော့သည်။
"မညိုမီရဲ့ သဘောကိုမသိခဲ့လို ရိုင်းပြမိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်
ဒါမျိုးက လူတော်တော်များများ လက်ခံဖို့ ခက်ခဲကြတာမို့
လက်ခံမှာမဟုတ်ဘူးလို့ ထင်ခဲ့မိလို့ပါ"
"ဟုတ်ကဲ့
ကျွန်မ နားလည်ပါတယ်
ကျွန်မလည်း သိသိချင်းကတော့ ရှော့ရပြီး ဒေါသတော့ထွက်ခဲ့မိပါသေးတယ်"
"အခုလို လက်ခံလိုက်တာက မညိုမီတစ်ယောက်တည်းရဲ့သဘောထားလား
ဒါမှမဟုတ် တစ်အိမ်သားလုံးရဲ့သဘောထားလား"
"လက်တလောကတော့ ကျွန်မတစ်ယောက်တည်းရဲ့သဘောထားလို့ပြောရမှာပဲ
မေမေကတော့ လူကြီးဆိုတော့ သဘောတော့သိပ်မကျဘူးပေါ့
သြော် သဘောမကျဘူးဆိုတာက သူ့သားကိုသူပြောတာပါ
သူ့သားက စပ်စလူးမှန်းသိနေတော့ တစ်ဖက်ကိုပဲအားနာနေတာ
ညီမလေးကလည်း ရန်ကုန်မရောက်သေးတော့ သေချာတော့ စကားမပြောရသေးဘူး
အိမ်ကကိုယ့်လူအကြောင်းကိုယ်သိနေတော့ ဘယ်သူကမှ သမိုင်းသစ်ကို ဘယ်လိုမှမမြင်ပါဘူး"
ညိုမီက စိမ်းရောင်စိုတို့ တစ်မျိုးမြင်သွားမည်စိုးသဖြင့် အတင်းပဲရှင်းပြရသည်။တစ်ဖက်သားကြောင့်မဟုတ် ဘူးဆိုတာကို သိစေချင်တာဖြစ်သည်။
"ဟုတ်ကဲ့
တကယ်တော့ ကျွန်မတို့ဖက်မှာလည်း ကလေးတွေအကြောင်းကို ကျွန်မတစ်ယောက်တည်းပဲသိသေးတာပါ
သသရဲ့ မိဘတွေလည်း မသိသေးပါဘူး"
"အသိပေးတာ မပေးတာက မစိမ်းရောင်စိုတို့ဆုံးဖြတ်ချက်ပါ
ဒါပေမယ့် အခုလိုကိစ္စက လူကြီးတွေက သိထားသင့်တယ်လို့ ကျွန်မကတော့မြင်တယ်
နောက်ကျပြီးမှသိနဲ့ စောသိတာက
စောသိတာက ပိုကောင်းမယ်ထင်ပါတယ်"
"ဟုတ်ကဲ့ ကျွန်မ ပြန်ရောက်ရင် သသနဲ့ စကားပြောကြည့်ပါဦးမယ်
နောက်ပြီး ကျွန်မကိုလည်း ရင်းရင်းနှီးနှီး စိုစိုလို့ပဲ ခေါ်နိုင်ပါတယ်
သူ့ကိုလည်း ကြေးမှုံလို့ခေါ်ရပါတယ်"
"ဟုတ်ကဲ့"
အခုမှပဲ စိမ်းရောင်စိုတို့နှစ်ယောက် တင်းလာသည့် မာန်တို့ကို လျော့ရသည်။ သူမတို့ထင်ခဲ့သည်က တိမ်မိုးဝေအိမ်က သဘောမတူလို့သာ၊ လူကြီးချင်းခေါ်ပြီး သတိပေးတာဖြစ်မည်ဟု ထင်ခဲ့သည်။ ဒါ့ကြောင့်လည်း ဝင်လာကတည်းက ဘယ်သူ့မှဂရုမစိုက်ဘူးဆိုသည့် အချိုးနှင့်် လာကြတာဖြစ်သည်။ အခုလို တစ်ဖက်က နားလည်ပေးနေတော့ သူတို့မှာ လူမိုက်မကြီးတွေကိုဖြစ်လို့။ ပြန်ရောက်မှပဲ ဒီအကြောင်းပြောပြီးခွီရတော့မည်။ အခုတော့ နှစ်ယောက်သား မျက်နှာတွေ ပူလို့ပေါ့။

ထိုနေ့က အချိန်တော်တော်ကြာ သူတို့တွေ စကားပြောဖြစ်ကြသည်။ သုံးယောက်စလုံးက အပျိုကြီးတွေဖြစ်နေတော့ သိပ်ပြီး ကြာကြာမညှိလိုက်ရဘူး။ ခင်ခင်မင်မင်ဖြစ်သွားသည်။ ညိုမီမိုးဝေက သသကိုလည်း တွေ့ချင်ကြောင်း ခွင့်တောင်းသည်ကိုလည်း သသကိုလာတွေ့ခိုင်းလိုက်ပါမည်ဟု ပြောလိုက်သည်။ စိမ်းရောင်စိုတို့အိမ်အပြန်လမ်းမှာတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ရယ်မဆုံးတော့။
"ငါတို့နှစ်ကောင် ငပေါကြီးတွေကိုဖြစ်လို့" ခင်ကြေးမှုံကပြောသည်။
"အေးလေ ဘယ်အဲ့လိုအဆင်ပြေမယ် ထင်မှမထားတာကို
သူများက ငြိမ်းချမ်းရေးဂျိုးငှက်ယူလာတာကို
ငါတို့က လက်နက်အပြည့်အစုံနဲ့ စစ်သွားတိုက်သလိုဖြစ်နေပြီ"
"အေးလေ
မညိုမီကိုအားနာလိုက်တာ"
"အို နောက်ဆို ဆွေမျိုးတော်ရမှာပဲ
ထားလိုက်"
"အေး
သသကို နင်ပြောမှာလား
ငါလိုက်ခဲ့ပေးရဦးမလား"
"ရတယ်
နင်ပြန်နားတော့"
"အင်း"
အိမ်ပြန်ရောက်လျှင်တော့ သသနှင့် စကားအေးဆေးပြောရပေဦးတော့မည်ဟု တွေးရင် အိမ်ပြန်လာခဲ့သည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now