Extra 1

6.3K 677 78
                                    

Unicode

ချယ်ရီပွင့်ချပ်လေးတွေ တဖွဲဖွဲကြွေကျနေတဲ့ ကျောင်းအဝင်လမ်းလေးဟာ သူကြည့်ဖူးနေကျ animeတွေ ထဲကအတိုင်း အလွန်လှပသည့် ရှုခင်းလေးတစ်ခုပါပဲ။ သူတို့နိုင်ငံက နွေဦးဆိုပေမယ့် သမိုင်းသစ်အတွက်ကတော့ အနည်းငယ် အေးနေသေးသည်။ ဒီနေ့က ကျောင်းစတက်ရမည့်နေ့။ တစ်နည်းအားဖြင့် သူဂျပန်ကိုရောက်ပြီး ၁၀ရက်မြောက်နေ့ပေါ့။

ကျောင်းက လေဆိပ်ထိ လာကြိုပေးသောကြောင့် စရောက်တော့လည်း သမိုင်းအနေနဲ့ အခက်မတွေ့ခဲ့။ သမိုင်းနေရမည့်အဆောင်ကလည်း ကျောင်းမှ အဆောင်ဖြစ်သဖြင့် အစစအရာရာအဆင်ပြေသည်။ အဆောင်မှာတော့ နိုင်ငံတကာက ပညာတော်သင်ကျောင်းသားတွေပဲ ထားတာဖြစ်သည်။ သူနှင့် အခန်းချင်းကပ်လျက်က တစ်ယောက်က နီပေါကဖြစ်သည်။ သူနှင့်က အထူးပြုဘာသာရပ်ချင်း မတူလို့ အတန်းမတူပေမယ့်လည်း ကျောင်းcampusကတော့ အတူတူပဲဖြစ်သည်။ အချင်းချင်းမိတ်ဆက်ပြီး စကားပြောကြည့်တော့ ဖော်ရွေပြီး ခင်မင်စရာကောင်းသဖြင့် ကောင်းကောင်းကိုတောင် သတိရမိသွားသည်။ ကောင်းကောင်းနှင့်သာ အတူတက်ရရင် ပိုကောင်းမှာပဲဟု တွေးမိခဲ့သေးသည်။

ဘဏ်စရင်းစာအုပ်သွားလုပ်ရခြင်း၊ ဖုန်းလိုင်းလျှောက်ခြင်းတွေ၊ ကျောင်းအပ်နှံရေးတွေကြောင့် ရောက်စကတော့ အနည်းငယ် အလုပ်ရှုပ်ခဲ့သည်။ ဒါပေမယ့် အရာရာတိုင်းက အသစ်အဆန်းလိုဖြစ်နေသောကြောင့် သူကတော့ စိတ်ဓါတ်တွေ တက်ကြွနေခဲ့သည်။ ရန်ကုန်မှာ အဆောင်နေတုန်းကလည်း တစ်ယောက်တည်း အရာရာ စီမံရတာဖြစ်ပေမယ့် ဒီရောက်တော့ ပိုဆိုးသည်။ နေရာစိမ်းတစ်ခုမှာ ကိုယ်ကလွဲပြီး ဘယ်သူ့မှ သွားအားကိုးလို့မရ။ ကိုယ်ကလွဲရင်ဘယ်သူမှ မရှိဘူးဆိုသော အသိတစ်ခုသာ ထည့်သွင်းထားလိုက်သည်။

ပထမဆုံး ကျောင်းတက်သည့်ရက်ကတော့ အဆင်ပြေပြေပါပဲ။ လည်ပင်းဖက်ပေါင်းရမည့် သူငယ်ချင်းမျိုးတော့ မရသေး။ ကျောင်းသားအားလုံး မိမိကိုယ်ကို မိတ်ဆက်ရသည့် အတွက်ကြောင့် ကိုယ့်အတန်းဖော်က ဘယ်သူဆိုတာလောက်ကတော့ သိရပြီ။ သူတို့အတန်းမှာက ကျောင်းသားသိပ်မများ။ 25ယောက်လောက်သာရှိမည်။ လက်ချာတွေကိုတော့ အင်္ဂလိပ်လိုပဲ သင်ပေးတာ ဖြစ်လို့ အဆင်ပြေသည်။ သမိုင်းက ဂျပန်စာလည်းရပေမယ့် တခြား ကျောင်းသားတွေထဲမှာ ဂျပန်စာကို တစ်လုံးမှ မသင်ဖူးသူတွေလည်းပါသည်။ ထိုသူတွေက ကျောင်း၏ clubတွေထဲမှာ ဂျပန်စာ clubကို ရွေးတက်ကြသည်။ သမိုင်းကတော့ ဘယ်အဖွဲ့ထဲပါရင်ကောင်းမလဲဆိုတာ စဉ်းစားတုန်းပဲ။ ညကျမှ ကိုတိမ်နှင့် တိုင်ပင်ကြည့်ဦးမယ်ဟု တွေးလိုက်သည်။

သမိုင်း ကျောင်းဆင်းတော့ ဘာမှမလုပ်သေးပဲ ကိုတိမ်ဆီကို ဖုန်းအရင်ခေါ်လိုက်သည်။ သူကျောင်းစတက် မည့်နေ့ကို သူ့ထက်ပိုပြီး ကိုတိမ်က စိတ်လှုပ်ရှားနေမယ်ဆိုတာက ပြောစရာမလိုပေ။ သူ လေယာဉ်တက်  တက်သည့် နေ့က ကိုတိမ်နှင့် မတွေ့လိုက်ရတာကလွဲရင် အခုအချိန်ထို သူတို့နှစ်ယောက် ဖုန်းမပြောခဲ့သည့် ရက်တွေမရှိခဲ့။ အဲ့နေ့ကလည်း ဖြစ်ချင်တော့ ကိုတိမ်က လေဆိပ်အလာ လမ်းမှာ အက်စီးဒင့် ဖြစ်တာဖြစ်သည်။ မီးပွိုင့်မှာ အရှိန်မသတ်နိုင်သည့် တဖက်က ကားနှင့် ချိတ်မိတာ။ ကိုတိမ်က သူနဲ့ လွဲသွားမည်စိုးလို့ ကိုဗလတို့ကိုလှမ်းခေါ်ပြီး ကားဘာဖြစ်ဖြစ် ထားခဲ့ဖို့ လုပ်နေတုန်း ယဉ်ထိန်းရဲတွေ ရောက်လာပြီး ကာယကံရှင်တွေကို ခေါ်ပြီး စည်းကမ်းထိန်းသိမ်းရေး ဘာညာဟောပြောနေတာနှင့် ဘယ်လိုမှ မမီတော့တာဖြစ်သည်။ ဒါတောင် ကိုဗလအပြောအရဆို ကိုတိမ်က ထိုင်ကန်တော့မတတ် သူ့ကို သွားခွင့်ပေးဖို့ပြောခဲ့သည်တဲ့။ ပြီးမှတစ်ခေါက်ပြန်လာဆိုလည်း လာခဲ့ပါမည်၊ အခုသာ သေရေးရှင်ရေးမို့ပါ ဆိုပြီး မနည်းခွင့်တောင်းကာ ထွက်လာခဲ့ပေမယ့် ကပ်သီလေး လွဲသွားခဲ့ရသည်။

လေယာဉ်ပေါ်တက်ချိန် နီးနေပြီမို့ ဖုန်းထဲမှာလည်း ထိုအကြောင်းကို လုံးစေ့ပတ်စေ့ နားမထောင်လိုက်ရ။ ကိုတိမ်ကတော့ စိတ်ပူတတ်သူပီပီ သူသွားတဲ့နေ့ကဆို တစ်ညလုံးမအိပ်ခဲ့ဘူးတဲ့။ သူလိုင်းတက်သည်အထိ ထိုင်စောင့်နေခဲ့သည်ဆိုပဲ။ သူကလည်း လေဆိပ်ကနေ ကျောင်းအဆောင်ရောက်မှ wifiချိတ်ပြီး ချက်ချင်း ဆက်သွယ်ခဲ့တာပါ။ အိမ်ကို ရောက်ကြောင်းစာပဲပို့ပြီး ကိုတိမ်ဆီကိုတော့ video callခေါ်ခဲ့သည်။ အဲ့တုန်းကဆို နဖူးပေါက်သွားလို့ ပတ်တီးလေးစည်းထားသည့် ကိုတိမ်ပုံကိုမြင်ပြီး သူ့မှာလန့်လည်းလန့်၊ ရယ်လည်းရယ်ခဲ့ရသည်။ သူ့မျက်နှာကိုမြင်လိုက်ရမှ စိတ်ချသွားသည့် ကိုတိမ်မျက်နှာလေးကိုလည်း မျက်လုံးထဲကမထွက်။ ကိုတိမ် သူ့ကိုဘယ်လောက်ထိချစ်တာ သူသာအသိဆုံးပါ။

ကျောင်းကအပြန် အဆောင်ရောက်တော့ ကိုတိမ်ဆီကို ဖုန်းခေါ်လိုက်သည်။ သူဒီရောက်တဲ့နေ့ကစပြီး ကိုတိမ်ဟာ ဘယ်တော့မှ အင်တာနက်လိုင်းကို မပိတ်တော့ဘူး။ သူခေါ်ချင်တဲ့အချိန်ခေါ်လို့ရအောင်တဲ့လေ
သူ့ဆီက အဝင်ကောကိုလည်း ချက်ချင်းပဲ ကိုင်ခဲ့သည်။
" ဟယ်လို အကိုလေး
ကျောင်းမှာ အဆင်ပြေခဲ့တယ်မလား"
ဖုန်းစခရင်မှာပေါ်လာသည့် ကိုတိမ်၏ မျက်နှာနှင့် အသံကြည်လေးကြားလိုက်ရတော့ သူလည်း အလိုလို အားပြန်သွင်းပြီးသားဖြစ်သွားသည်။
"အင်း
ပြေပါတယ်"
"အစားအသောက်ကရော"
"ကျောင်း ကင်တင်းမှာ စားလို့ရတယ်"
"စားနိုင်ရဲ့လား"
"စားနိုင်ပါတယ်"
"အင်းအင်း
ညနေ ဘာချက်စားမှာလဲ
ထည့်ပေးလိုက်တာတွေရော ကုန်ပြီလား"
"အာ
အခုမှ ရောက်တာ 10ရက်ပဲ ရှိသေးတာကို ဘယ်လိုလုပ်ကုန်မှာလဲ"
တကယ် ကိုတိမ်ပါပဲ။ သူထည့်ပေးလိုက်သည့် မနည်းမနောတွေကို ကုန်အောင် မနည်းစားယူရမှာ။
"အင်းပါ
ရှိသေးရင်လည်း ပြီးတာပါပဲ
ညစာ ဘာစားမှာလဲလို့"
"ခေါက်ဆွဲပဲပြုတ်စားတော့မယ်"
သူက လျှာတစ်လစ်ထုတ်ပြီး ပြောတော့ ကိုတိမ်ဟာ သဘောကျသလိုရယ်သည်။
"ခေါက်ဆွဲပြုတ်တင်ပဲ စားမှာလား
တခြားမစားတော့ဘူးလား"
"အင်း မစားချင်လို့"
"အင်းပါ
ဆာမှထစားပေါ့
ဒါပေမယ့် ဒီတစ်ပတ်ထဲ ခေါက်ဆွဲပြုတ်စားတာ 2ခါရှိပြီနော် အကိုလေး
နောက်ရက်တွေမစားရဘူး"
"ဟုတ်ကဲ့
ဟုတ်ကဲ့"
ကိုတိမ်ကတော့ နီးနီးဝေးဝေး သူ့ပုံစံအတိုင်း ဂရုစိုက်မပျက်ခဲ့။ သူတို့နှစ်ယောက်အကြားမှာ အနေဝေးလို့ သွေးအေးစရာလည်းမရှိခဲ့။ ကိုတိမ်ကို မည်မျှထိ ချစ်နေမိပြီဆိုတာ သူ့ကိုယ်သူ ပိုတောင်သိလာရသလိုပါပဲ။
"ကျွန်တော် ရေချိုးတော့မယ်"
"အကြာကြီးမချိုးနဲ့နော်"
"ဟုတ်ကဲ့ပါ"
"ရေချိုးပြီးရင်လည်း စာပို့နော်"
"ဟုတ်ကဲ့ပါ"
"လက်ရှည်လည်းဝတ်ထား
ခေါင်းကိုခြောက်အောင်သုတ်"
"ဟုတ်ကဲ့ပါ
ကဲ ရေသွားချိုးလို့ရပြီလား"
နောက်ဆုံး မျက်မှောင်ကျုံ့ပြီးမေးလိုက်တော့မှ ခေါင်းငြိမ့်ပြတော့သည်။
"ရပြီ ရပြီ"တဲ့။
မမေးလို့လည်းမရ။ မဟုတ်ရင် ကိုတိမ်အမှာတော်ခြွေတာ နားထောင်နေရတာနဲ့တင် ရေချိုးလိုက်ရတော့မှာ မဟုတ်ဘူးလေ။ ရည်းစားထားမိတာလား။ အုပ်ထိန်းသူတစ်ယောက် ကောက်ရထားတာလား မဝေခွဲတတ်တော့ဘူး။

ဂျပန်ပြည်မှ ကျောင်းတက်ရက်များမှာတော့ ပြောပလောက်စရာထူးခြားမှုမရှိပါဘူး။ ဒီလိုပဲ စာကို မှီအောင် လိုက်လုပ်လိုက်။ ကျောင်းမှ ကျင်းပတဲ့ပွဲတွေမှာ ဝင်ပါလိုက်။ ပိတ်ရက်တွေမှာတော့ နီးနီးနားနား အလည်အပတ်သွားလိုက်နှင့်ပေါ့။ ပြီးတော့ တစ်နေ့မပြတ် ကိုတိမ်ကို လွမ်းနေခဲ့သည်။ ဒီကိုစရောက်ကတည်းက ဂျပန်စာလည်း တိုးတက်အောင် နေ့စဉ် ဂျပန်လို ဒိုင်ယာရီသဘောမျိုး ရေးဖြစ်သည်။ ပေးစာဒိုင်ယာရီပေါ့။ ခေါင်းစဉ်ကတော့ ကိုတိမ်သို့တဲ့။ သူ၏ တစ်နေ့တာအဖြစ်အပျက်လေး တွေကို စာသဘောမျိုးလည်းမဟုတ်၊ ရင်ဖွင့်တာလည်းမမည်တဲ့ အကြောင်းအရာလေးတွေကို ချရေးဖြစ်သည်။ ဂျပန်လိုရေးတာဖြစ်လို့ ကိုတိမ်ကို ပေးဖတ်လို့မရမှန်းသိပေမယ့် ဒီအတိုင်း အမှတ်တရ အနေနဲ့ ရေးထားချင်မိသောကြောင့်သာဖြစ်သည်။ ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်လွမ်းကြောင်း မရေးထားပေမယ့် သူ့စာလေးတွေကို သူပြန်ဖတ်မိတိုင်း၊ ခံစားချက်လေးတွေကို သိမ်းဆည်းထားချင်ရုံသာဖြစ်သည်။

ဒီမှာနေသည့် တစ်နှစ်အတွင်းမှာ ပိုပြီး အကျိုးရှိအောင် ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲလည်း ဝင်ဖြေဖို့ ကြိုးစားရသည်။ သူက Level 1တစ်ခု ဖြေဖို့ ကျန်နေသေးသဖြင့် ထို့အတွက်ပါ စာလုပ်ရသည်။ သင်တန်းရယ်လို့ သပ်သပ်ထပ်မတက်ချင်သဖြင့် ကိုယ်တိုင် self studyလုပ်ပြီး ကြိုးစားကြည့်သည်။ ကျောင်းတစ်ဖက်နဲ့မို့ အရမ်းတော့ ဖိဖိစီးစီးမလုပ်နိုင်သေး။ သူစာမေးပွဲဖြေမည့်အကြောင်းကို စကားစပ်မိလို့ စိုစိုကိုပြောပြဖြစ်တော့ စိုစို့ထံမှ အကူအညီ အကြီးကြီး ရလိုက်သည်။ ထိုအကူအညီက စိုစိုက သူမ၏ မိတ်ဆွေ ကိုကြီးဖြိုးမိုးနှင့် ချိတ်ဆက်ပေးခြင်းဖြစ်သည်။
"သသ စာတွေ လုပ်ရတာအဆင်ပြေလား"
"အင်း
အဓိပ္ပါယ်တွေကို ကိုယ်တိုင်ရှာရတာဆိုတော့ နည်းနည်းတော့ အချိန်ကြာတာပေါ့
တချို့ နားမလည်တဲ့ Grammar ပုံစံတွေလည်းရှိသေးတယ်
ဖြည်းဖြည်းချင်းလုပ်သွားရမှာပဲ"
"ဒါဆို စိုစို မိတ်ဆွေတစ်ယောက် ကို လှမ်းမေးပေးရမလား"
"ဘယ်သူ မို့လို့လဲ"
"ကိုဖြိုးမိုးတဲ့
သူက ဒီမှာလည်း language schoolတစ်ခုမှာ စာသင်ပေးနေတာ
Freelance ဘာသာပြန်လည်းလုပ်တယ်
သသ နားမလည်တာရှိရင် သူ့သွားမေးပေါ့
စိုစို ပြောထားလိုက်မယ်လေ"
သူ့အနေနဲ့ online classတွေလည်း မတက်ချင်တာမို့ စိုစို၏ စကားကို စိတ်ဝင်စားသွားသည်။
"ဒါပေမယ့်
သင်တန်းတက်တာမဟုတ်ပဲ မေးရမှာ အားနာစရာကြီး"
"ဒါဆိုလည်း သသ ကအကျိုးအကြောင်းပြောလိုက်လေ
စာနည်းနည်းမေးချင်လို့ရလားဆိုပြီး
ရရင်မေးလိုက်ပေါ့"
"အင်းးးး"
သူက အနည်းငယ် စဉ်းစားသလိုလုပ်နေပေမယ့် စိုစို၏ နောက်ထပ်စကားတစ်ခွန်းကြောင့် စိတ်ဝင်စားသွားသည်။
"နောက်ပြီး ဖြိုးမိုးက သသလိုပဲ
သူ့ချစ်သူက ကောင်လေးပဲလေ"
သူ့အနေနဲ့ ကိုတိမ်နဲ့ ရည်းစားသာဖြစ်လာပေမယ့် တခြား သူတို့လိုမိတ်ဆွေ အပေါင်းအသင်းမရှိခဲ့။ ထိုသို့ မိတ်ဆွေ ရှိခြင်းမရှိခြင်းက မည်သို့မျှ မထိခိုက်ပေမယ့် တစ်ခါတစ်လေတော့ relationshipနဲ့ပတ်သတ်ပြီး တိုင်ပင်ချင်တာ၊ ရင်ဖွင့်ချင်တာတို့ ရှိခဲ့သည်။
သူ့ဖက်က အသံတိတ်သွားတာတော့ စိုစိုက ထပ်ပြောသည်။
"ဖြိုးမိုးတို့နှစ်ယောက်က အခုဆို အတူနေကြတာလေ
သူတို့ RSသက်တမ်းလည်း ကြာလှပေါ့
စာမမေးချင်လည်း ဒီအတိုင်း ခင်ကြည့်ပေါ့
စိုစို ပြောထားလိုက်မယ်
ဖြိုးမိုးအကောင့်လည်းပေးမယ်
သားသွားမိတ်ဆက်လိုက်နော်"
စိုစိုသည် သူ့ဆီက yes/ noအဖြေကို မစောင့်တော့ပဲ သူမပြောချင်တာပြောပြီး ဖုန်းချသွားသည်။ ချက်ချင်းပဲ အကောင့်တစ်ခုကို ပို့လာသဖြင့် သူလည်း ဝင်ကြည့်လိုက်သည်။ ဘာမှတော့ထူးထူးခြားခြားသိပ်မတွေ့ရ။ သူလည်း friend request ပို့ထားလိုက်သည်။ ထိုအကြောင်းကို ကိုတိမ်ကိုပြောဖြစ်တော့ ကိုတိမ်ကလည်း သူလည်း သွားအပ်မယ်ဆိုပြီး အကောင့်သွားအပ်ထားသည်။ထို့ပြင် စိုစိုဆီက ဖုန်းနံပါတ်တောင်းပြီး လှမ်းမိတ်ဆက်ပါမယ်လုပ်နေလို့ မနည်းတားယူရသည်။

ကိုကြီး ဖြိုးမိုးက သူ့အကောင့်ကိုလည်း လက်ခံပေးခဲ့သလို သူကိုယ်တိုင်လည်း စပြီး လာစကားပြောပေးသည်။ သူနားမလည်တဲ့စာတွေကိုလည်း သေချာရှင်းပြပေးသည်။ တစ်ခါတစ်လေ zoom class ဖြင့် စာဆွေးနွေးသည့်အခါ ကိုကြီးဖြိုးမိုးကိုသာမက အကိုပြည့်သူကိုလည်း တွေ့ရတတ်သည်။ စာရှင်းပြနေသည့် ကိုကြီးဖြိုးမိုးဘေးကို ရေခွက်လာပေးတာတို့၊ အမောပြော အသီးလာပေးတဲ့အခါမျိုးလောက်သာ ဖြတ်ခနဲတွေ့ရတာမျိုးပါ။ သူများ ပါစင်နယ်နဲ့ပတ်သတ်လို့ကတော့ စာကလွဲရင် ဘာမှ မမေးဖြစ်။ သူကသာ မမေးတာ ကိုတိမ်ကတော့ သူတို့ အကြောင်းကို စုံနေအောင်သွားပြောထားသည့်အပြင် မိတ်ဆွေတွေဘာတွေဖြစ်ပြီး တစ်ခါတစ်လေ အပြင်မှာချိန်းပြီးတောင် မုန့်တွေဘာတွေ သွားစားကြသည်ဆိုပဲ။ တကယ့်မနိုင်စိန် ကိုတိမ်ပါဆို။

ဒါပေမယ့် ကိုကြီးဖြိုးမိုးတို့ကိုကြည့်ပြီး အားကျရသလို၊ အားလည်းတက်ရသည်။ အနည်းဆုံးတော့ သူတို့လည်း အဆင်ပြေပြေ နေလို့ရပါတယ်ဆိုပြီး ဖြေသိမ့်ရတာမျိုးပေါ့။ သဘောကောင်းတဲ့ကိုကြီးဖြိုးမိုးနဲ့ ပျော်ပျော်နေတတ်တဲ့ အကိုပြည့်သူ နှစ်ယောက်စလုံးက ခင်စရာကောင်းသည်။ ပြန်လာရင် တွေ့ကြတာပေါ့ ဟုလည်း ခဏတိုင်းပြောသည်။ သူ့ကိုလည်း သင်တန်းကြေးမယူပဲ စာသင်ပေးသဖြင့် အားနာရသည်။ အပြန်မှ နှစ်ယောက်စလုံးအတွက် အမှတ်တရလက်ဆောင် ဝယ်သွားရတော့မည်။

ဒီလိုနဲ့ သမိုင်းသစ်တစ်ယောက် စာအုပ်တွေကြားထဲ ခေါင်းရောက်လိုက်၊ ကိုတိမ်၏ အလွမ်းတွေထဲ နစ်မြုပ်လိုက်နှင့် အချိန်တွေဟာ တစ်လပြီးတစ်လ ကုန်ဆုံးနေခဲ့သည်။ နှစ်တစ်ဝက်ကို ဘယ်လိုကုန်မှန်း မသိခဲ့သလို၊ ကျန်တဲ့နှစ်တစ်ဝက်အတွက်လည်း အားမွေးရင်း နေ့စဉ်ဖြတ်သန်းနေခဲ့သည်။ ပြေးသွားတွေ့ချင်လောက်တဲ့အထိ ရူးရူးမူးမူးမလွမ်းမိပေမယ့် တမြည့်မြည့်လောင်မြိုက်နေတဲ့ အလွမ်းမီးကတော့ မငြိမ်းသက်ခဲ့ပါ။ သူကိုက်နေကျ လက်မောင်းတွေကိုလည်း လွမ်းသည်။ အမြတ်တနိုး အနမ်းချွေတတ်တဲ့ နှုတ်ခမ်းပါးလေးတွေကိုလည်း လွမ်းသည်။ မလွတ်တမ်းဖက်ထားတတ်သည့် ရင်ခွင်ကျယ်ကိုလည်းလွမ်းသည်။ အရိပ်တကြည့်ကြည့်နှင့် လိုလေသေးမရှိဖြည့်စည်းပေးသည့် ဂရုစိုက်မှုတွေကိုလည်းလွမ်းသည်။ ကိုတိမ်၊ ခင်ဗျားကို ကျွန်တော် လွမ်းသည်။


Ownlish note
ဖြိုးမိုးကို ပြည့်သူက ကိုကိုဟု ခေါ်သည်ကို ကြားပြီးသည့်နောက် မင်္ဂလာတိမ်မိုးဝေတစ်ယောက် အခြေအနေ
တိမ်မိုးေ၀ ~ သမိုင်းလေး ကိုယ့်ကို ကိုကို လို့ခေါ်ကြည့်ပါလား
သမိုင်းသစ်  ~ ဘာလို့ခေါ်ရမှာလဲ။
တိမ်မိုးေ၀  ~ အဲ့လိုအခေါ်ခံချင်လို့ပါဆို
နော်နော်
သမိုင်းသစ်  ~ မခေါ်နိုင်ဘူး
တိမ်မိုးေ၀  ~ ဗြဲဟဲဟဲ

Extra လေးတွေကို ဖြည်းဖြည်းချင်းရေးမယ်နော်။ ဒီထက်လည်း နှေးစရာမရှိတော့ပါဘူး။ ချစ်ယူအော။ မစ်စ်ယူအော။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now