Chapter 36

3.7K 578 83
                                    

Unicode

တိမ်မိုးဝေတစ်ယောက် ဆိုင်ရှေ့မှာ ဖင်တကြွကြွဖြစ်နေသည်။ လှိုင်ထိပ်ခေါင်တင်ကတော့
"စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့၊
မှန်ရွှေပြူ ပြတင်းငယ်က မယ်ခုမျှော်" ဆိုပြီး သူမ၏ လင်တော်မောင် အလာကို မျှော်ခဲ့သည်။ ဒရာမာတထွေ တိမ်မိုးဝေတို့ကတော့

"နေ့ခင်းရယ်ကြောင်တောင်၊ ဆိုင်ရှေ့ထွက်ပါလို့
မတ်တပ်ရယ်ရပ်ကာ တိမ် ခုမျှော်" ဆိုပြီး သူလည်း သူ့ လင်တော်မောင်၊ အင်း ဟုတ်ပါတယ်လေ။ သမိုင်းသစ်ဆိုသည့် မတော်ရသေးသည့် လင်လေးကို ထွက်မျှော်နေသည်။

ဒီနေ့ သမိုင်းရန်ကုန်သို့ လာမှာဖြစ်သည်။ မလာပဲ နေနိုင်ရိုးလား။ တစ်ရက်ကို ၅ခါနှုန်းလောက်နဲ့ ရန်ကုန်မလာသေးဘူးလား၊ ပြန်မလာဘူးလားဆိုပြီး ဂျီကျနေမှတော့ တစ်ဖက်က သမိုင်းက ဘာသားနဲ့ထုထားလို့ ခံနိုင်တော့မှာလဲ။ တစ်လမပြည့်ခင်မှာပဲ ရန်ကုန်ကို အလည်လာရတော့သည်လေ။ သမိုင်းကိုယ်တိုင်ကားမောင်းပြီး တစ်ယောက်တည်းလာမှာဆိုတော့ အနည်းငယ်စိတ်ပူမိသည်။ ထို့ကြောင့် စောစောမလာခိုင်းပဲ မိုးလင်းမှပဲထွက်လာခိုင်းလိုက်သည်။ တောင်ငူနှင့် ရန်ကုန်က အေးအေးမောင်းလျှင် 5နာရီခွဲ 6နာရီလောက်ကြာတာဆိုတော့ မနက် 7နာရီက ထွက်လာသည့် သမိုင်းက 1နာရီလောက်မှ ရောက်မည်။ ဖုန်းဆက်ပြီး မေးချင်ပေမယ့်လည်း ခရီးသွားနေတဲ့သူကို ဘယ်အချိန်ရောက်မှာလဲ ဆိုသည့် အချိန်မမေးကောင်းဘူးဟု ကြားဖူးထားတာမို့ သူ့မှာမမေးရဲ။ သမိုင်းထွက်လာတုန်းကတစ်ခါ၊ လမ်းမှာ နားတုန်းကတစ်ခါပဲ ဖုန်းပြောဖြစ်သည်။ ကားမောင်းနေရင်း ဖုန်းပြောလျှင် အန္တရာယ်ရှိသည်မို့ ထပ်မဆက်ဖြစ်တော့။

သမိုင်းက သူ့ဆီကို တန်းလာမည် ပြောထားတာမို့ 12လောက်ကတည်းက ဆိုင်ရှေ့ထွက်စောင့်နေမိတော့သည်။ သမိုင်းရောက်လာလျှင် သူ့မျက်နှာလေးကို တန်းမြင်ရမှ အမောပြေမှာမလား။ ထို့ကြောင့် ဒီမျက်နှာချောချောလေးကို ပြဖို့ ထွက်စောင့်နေရခြင်းပင်ဖြစ်သည်။  ဈေးဝယ်ဧည့်သည်လာလို့တောင် သေချာမပြနိုင်ပဲ နောက်ကျောမလုံသလို အပြင်ကိုလှည့်လှည့်ကြည့်နေသည့် သူ့ အကိုတိမ်ကို ဝေယံတစ်ယောက် သနားလာပြီလေ။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now