"အောက်ချပေးတော့"

ခေါင်းမဖော်ပဲ အော်နေသည့် ကောင်လေးကြောင့် ပွေ့ထားတာကို ဖြုတ်ပြီး အသာချပေးလိုက်သည်။ သမိုင်း မြေပေါ်မတ်တပ်ရပ်ပြီဆိုမှ မဖယ်ချရသေးသည့် လက်တို့ဖြင့် ခါးလေးကို ဆွဲယူလိုက်သည်။

မော့လာသည့် မေးဖျားလေးကိုလက်နှင့်အသာ ပင့်ယူပြီး ဒီတစ်ခါ အပိုင်သိမ်းလိုက်မိသည်က သမိုင်း၏ နှုတ်ခမ်းလေးများ။ ဖောင်းအိအိ နှုတ်ခမ်းလေးတွေကို မြတ်နိုးမဝစွာ နမ်းရှိုက်မိသည်။ အချစ်နှင့် အနမ်းက ဘယ်လို အမျိုးစပ်သလဲ နားမလည်ပေမယ့် သူကတော့ တစ်ခါနမ်းပြီးတိုင်း အချစ်တွေ တစ်ဆင့်တိုးရသည်။ ရန်ကုန်မှာနေတုန်းက လူတွေကြားမှာတောင်  အလစ်ချောင်းပြီး မရမက နေ့တိုင်းနမ်းခဲ့သေးတာ။ အခုလို တကျစ်ကျစ် မြည်နေသည့် ကျေးငှက်သံလေးတွေ တစ်ခါတစ်ရံ လွင့်ပျံလာသည်မှလွဲလို့ ဘာသံမှ မကြားရ၊ ဘယ်သူမှ မရှိသည့် နေရာတစ်ခုမှာ သူ့အနမ်းတွေက ထိန်းချုပ်ဖို့ခက်ခဲသည်။ ထိန်းသိမ်းလိုသည့် ဆန္ဒလည်း မရှိ။ လေပြည်လေးသွဲ့သွဲ့တိုက်ခတ်နေသည့် နေရာလေးတစ်ခု၊ ကြာပန်းတို့ဖြင့် လှပနေသည့် ကန်စပ်လေးတစ်နေရာ၊ အချိန်ကလည်း သင့်သလို နေရာကလည်း ရိုမန်တစ်ဆန်လွန်းနေသည်။ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး အချစ်တွေကို နှုတ်ခမ်းမှတစ်ဆင့် ဖော်ပြနေကြသည့် ကောင်လေးနှစ်ယောက်ဘေးမှာတော့ အချစ်တို့နှင့် လွင့်ပျံ့လို့ပေါ့။

စိတ်ကြိုက် နမ်းလို့ပြီးမှ သမိုင်း၏ နှုတ်ခမ်းလေးတွေကို မလွှတ်ချင်လွှွှတ်ချင် လွှတ်ပေးလိုက်ရသည်။ ဒီနှုတ်ခမ်းလေးတွေက ဘယ်တုန်းကမှ နမ်းလို့ဝသည်မရှိခဲ့။ အခုလည်း နီရဲဖောက်ပြီး ဖူးဖူးယောင်လာလို့သာ အနမ်းတို့ကိုရပ်တန့်လိုက်ရတာ။ နှုတ်ခမ်းထက်က အကြည့်တို့ကို အမြန်ရုတ်သိမ်းရသည်။ မဟုတ်ရင် ထပ်နမ်းမိနေတော့မှာ။

"အရမ်းချစ်တယ်"

သမိုင်း၏ နဖူးထက်သို့ ဖွဖွလေးနမ်းပြီး ချစ်ခွန်းခြွေမိသည်။ သူ့ချစ်သူလေးကတော့

"ဟုတ်" ဆိုသည့် စကားလေးတစ်လုံး၊ အပြုံးလေးတစ်ပွင့်ဖြင့် သူ့အချစ်တွေကို သိမ်းပိုက်သွားခဲ့သည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now