Chapter - 56

14.7K 1K 254
                                    

ခေါင်ရိပ်နှင့်စစ်တောင်းတို့ဟာ အိမ်ရှင်များဖြစ်ကြပါသည့်တိုင် သူတို့ရှေ့မှ ဧည့်သည်တော်ကြီးများ၏ စကားဝိုင်းကို တိုးမပေါက်ဘဲ ငြိမ်ငြိမ်လေးသာထိုင်ပြီး နားထောင်နေကြရလေ၏။ နေ့လယ်ခင်းအချိန်မို့ ဂျူလီယံက အိပ်ပျော်နေပြီး သက်တော်စောင့်များနှင့် အချိန်ပိုင်းအလုပ်သမားများကိုတော့ ဧည့်သည်အသစ်များ ရောက်လာကတည်းက ခေါင်ရိပ်က ပြန်လွှတ်လိုက်ပြီး ဖြစ်သည်။

"မင်းဘက်က အဆက်အသွယ်ဖြတ်လိုက်ရုံနဲ့ ငါတို့က မင်းကို ရှာမတွေ့နိုင်ဘူးလို့ထင်နေတာလား၊ မင်း ဘယ်အချိန်ထိ လုပ်ချင်တာတွေ လျှောက်လုပ်နေဦးမှာလဲ မင်းငြိမ်းဟန်"

သည်ကမ္ဘာ၏ အစောင့်အရှောက်အကြီးအကဲခေါင်းဆောင်က ဆရာဦးမင်းငြိမ်းဟန်ကို မေးလိုက်ခြင်း။ ခေါင်းဆောင်ဟာ အသက် ၈၀ ကျော်အရွယ်ဖြစ်သော်ငြား ကျန်းမာသန်စွမ်းနေဆဲ ဖြစ်၏။

ခေါင်းဆောင်နှင့်အတူပါလာသော အကြီးအကဲနှစ်ယောက်ဟာတော့ အသက် ၇၀ ကျော်အရွယ်များဖြစ်ကြသည်။ သူတို့သည်လည်း ကျန်းမာသန်စွမ်းသော အဘိုးများဖြစ်ကြပြီး သုံးယောက်စလုံးက အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် ဦးခေါင်းတို့၌ ဆံပင်ဖြူတို့ဖြင့် ပြည့်နှက်နေကြလေ၏။

အကြီးအကဲကြီးသုံးယောက် ဝတ်ဆင်ထားကြသည်မှာ လူကြီးဝတ် အကွက်များပါသော ရှပ်အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်တို့ ဖြစ်ကြသည်။ သူတို့ဟာ နိုင်ငံခြားတွင်သာ အနေများသူများမို့ ရိုးရာပုဆိုးအား ဝတ်လေ့ဝတ်ထ သိပ်မရှိကြပါချေ။

သူတို့၏ ဥပဓိရုပ်ရည်များအရ ငယ်ရွယ်စဉ်က ကြည့်ကောင်းကာ ချောမောခဲ့ကြမည်ဆိုသည်မှာတော့ မြေကြီးလက်ခတ်မလွဲနိုင်ပါချေ။

ဦးမင်းငြိမ်းဟန်က ခေါင်းဆောင်ကို ပြန်ပြောလိုက်သည်။

"ခေါင်းဆောင်လက်အောက်က အစောင့်အရှောက်တစ်ယောက်ကို ခေါင်းဆောင်က ရှာမတွေ့နိုင်စရာ အကြောင်းမှမရှိဘဲ၊ ပြီးတော့ ကျွန်တော်က လုပ်ချင်တာထက် လုပ်သင့်တာတွေကိုပဲ အမြဲလုပ်တာပါ"

သူ၏လေသံမှာ အတော်လေးတည်ငြိမ်လှပြီး ဘဝ၌ တစ်ခါသော်မျှ အမှားမကျူးလွန်ဖူးပါသည့်နှယ်။ ထို့ကြောင့် သူ့အကြောင်း အစအဆုံးသိနေကြသော အကြီးအကဲသုံးယောက်မှာ နားရင်းထအုပ်ချင်စိတ်တို့ပင် ပေါက်လာရ၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now