Chapter - 40

15.2K 1.1K 241
                                    

ဂျိုးဇက်ဟာ နိုးလာသည့်အချိန်၌ သူ့တစ်ကိုယ်လုံး တစ်စုံတစ်ခုဖြင့် ချည်နှောင်ခံထားရကြောင်း သိရှိလိုက်သည်။ ထို့ပြင် မျက်လုံးများထက်၌လည်း စည်းနှောင်ထားသော တစ်စုံတရာ ရှိနေသေးသည်မို့ နိုးလာပါသည့်တိုင် မျက်လုံးများကိုတော့ ဖွင့်၍မရပါချေ။

လက်ရှိ၌ သူ့အနေအထားဟာ ပက်လက်လှဲလျောင်းနေခြင်းဖြစ်ပြီး သူရှိနေသောနေရာသည် အထိအတွေ့အရ အိပ်ရာတစ်ခုထက်တွင် ဖြစ်နိုင်ပါ၏။

'ဘာဖြစ်သွားတာလဲ။'

အဆိုပါအတွေးနှင့်အတူ တုပ်နှောင်ခံထားရသော လက်အစုံကို ရုန်းကြည့်မိတော့ ရုန်းလေ၊ ပိုတင်းကြပ်လာလေမို့ သွေးကြောပိတ်သွားမည်စိုး၍ ဆက်မရုန်းတော့ဘဲ ရပ်လိုက်၏။

ထိုသို့ဖြင့် လှုပ်ရှားမှုတို့ကို ငြိမ်ချလိုက်သည့်အခါ၌ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှ အသက်ရှူသံသဲ့သဲ့တို့ကို ကြားလိုက်ရသည်။

"ဘယ်သူလဲ"

ဂျိုးဇက်၏ ခပ်ဩဩအသံဟာ အခန်းတွင်း ကြက်သီးထစရာကောင်းလောက်အောင် ပျံ့လွင့်သွားပါသော်ငြား ပြန်လည်တုံ့ပြန်သံတော့ မရှိပါချေ။ သို့ပေသည့် အသက်ရှူသံတို့ကိုတော့ ယခုထက်တိုင် ကြားနေရဆဲ။

"ဘယ်သူတွေ ရှိနေတာလဲ၊ မင်းတို့ ဘာလိုချင်လို့လဲ"

သူ၏ ကောင်းမွန်သော အကြားအာရုံအရ အသက်ရှူသံတို့ဟာ တစ်ယောက်တည်းထံမှမဟုတ်ဘဲ ဘယ်ဘက်ခြမ်းမှ တစ်သံ၊ ညာဘက်ခြမ်းမှ တစ်သံဖြစ်သည်မို့ နှစ်ယောက်ဖြစ်နိုင်တာ သေချာသလောက်ရှိ၍ ထိုသို့မေးလိုက်ခြင်း။

သို့သော် သူကသာ တစ်ဦးတည်းသော မေးခွန်းထုတ်သူဖြစ်ပြီး ပြန်ဖြေသူသည်ကား နတ္ထိ။

ထို့ပြင် လှုပ်ရှားသံတို့ကိုလည်း စိုးစဉ်းမျှပင် မကြားရသည်ဖြစ်ရာ ဂျိုးဇက်တစ်ယောက် နှုတ်ခမ်းအစုံအား တင်းတင်းစေ့လိုက်ပြီး စိတ်ကို အတတ်နိုင်ဆုံး ငြိမ်သက်အောင်ထားလိုက်ပြီးမှ အသေးစိတ် စဉ်းစားကြည့်လိုက်သည်။

နောက်ဆုံးမှတ်ဉာဏ်တို့အရ သူဟာ အတွင်းရေးမှူးနှစ်ယောက်နှင့် နေ့လယ်စာအတူစားရင်း အလုပ်အကြောင်းတို့ကို ဆွေးနွေးနေခဲ့ခြင်း။ ယင်းအတွေးအဆုံး လက်ထောက်အတွင်းရေးမှူးလာပေးသော ကော်ဖီကိုသောက်ပြီးနောက် အလွန်အမင်း အိပ်ချင်လာခဲ့သည်အား တစ်ဆက်တည်းဆိုသလို သတိရသွား၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Opowieści tętniące życiem. Odkryj je teraz